နိုင်ငံတကာအကူအညီ မျှော်လင့်နေရသော မုန်တိုင်းသင့်ပြည်သူများ

နိုင်ငံတကာက အကူအညီများစွာပေးထားကြောင်း သတင်းဖော်ပြနေသော်လည်း မြေပြင်တွင် မုန်တိုင်းသင့်ပြည်သူများ လက်ဝယ်သို့ ထိရောက်သည့်အကူအညီများ ရောက်မလာသေးကြောင်း ပြည်သူများက ပြောသည်။

By Admin 28 Jun 2023

မိုခါမုန်တိုင်းအလွန် ဇွန်လ ၁၈ ရက်နေ့က တွေ့ရသော ရသေ့တောင်မြို့ပေါ် စစ်ဘေးရှောင်စခန်းတစ်ခု။
မိုခါမုန်တိုင်းအလွန် ဇွန်လ ၁၈ ရက်နေ့က တွေ့ရသော ရသေ့တောင်မြို့ပေါ် စစ်ဘေးရှောင်စခန်းတစ်ခု။

DMG (သတင်းဆောင်းပါး)

ရခိုင်ဒေသတွင် “မိုခါ”မုန်တိုင်းတိုက်ခတ်မှု တစ်လခွဲကျော်ကြာလာပြီ ဖြစ်သော်လည်း ဒေသခံအများစုမှာ အမိုးအကာမလုံမခြုံမှု၊ စားဝတ်နေရေးကျပ်တည်းမှုများကို လတ်တလောကြုံတွေ့နေရပြီး ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုများစွာရှိနေကြသည်။

ထိုအကျပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် စစ်ကောင်စီ၊ ဒေသတွင်းကူညီရေးအဖွဲ့များ သာမက နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအကူများ ရရှိမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၊ AA နှင့် ဒေသခံများက ပြောကြသည်။

“အခုလိုမျိုး ပြည်သူတွေဒုက္ခရောက်နေချိန်မှာ လူသားချင်းစာနာမှု အထောက်အကူပြုရေးပစ္စည်းတွေကို မြန်သထက်မြန်အောင်၊ အတားအဆီး အကန့်အသတ်မရှိဘဲ ပို့ပေးနိုင်ဖို့က အရေးကြီးတယ်။ ဒီဟာအတွက်ကို လူသားချင်းစာနာမှုအပြည့်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးက ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးသင့်တယ်” ဟု ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက DMG ကိုပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် လူဦးရေ ၁၅ သိန်းကျော် နစ်နာထိခိုက်ခဲ့ရပြီး လတ်တလောတွင် ၇၀ ရာခိုင်နှုန်းမှာ နိုင်ငံတကာ၊ အရပ်ဖက်အဖွဲ့နှင့် ပုဂ္ဂလိကအလှူရှင်များထံမှ ကူညီထောက်ပံ့မှုများ အရေးပေါ် လိုအပ်နေသေးကြောင်း ရက္ခိုင့်တပ်တော်(AA) က ပြောဆိုထားသည်။

သို့သော်လည်း လတ်တလောတွင် ပြည်နယ်စစ်ကောင်စီသည် NGO/INGO၊ CSO နှင့် အခြားလူမှုအဖွဲ့အစည်းများအား ရခိုင်ပြည်အတွင်း ခရီးသွားလာခွင့် ပိတ်ပင်ထားသဖြင့် မုန်တိုင်းသင့်ပြည်သူများကို ပိုမိုကျပ်တည်းစေကြောင်း AA က ပြောသည်။

“ပြည်သူတွေ အခက်အခဲဖြစ်နေတဲ့အချိန်မှာ လူသားချင်းစာနာမှုအကူအညီတွေကို တားဆီးပိတ်ပင် ကန့်သတ်တာမျိုးက လုံးဝမဖြစ်သင့်ဘူး” ဟု ဦးခိုင်သုခက ပြောသည်။

မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၅၂၂ ဘီလီယံ လိုအပ်လျက်ရှိပြီး ပြည်ထောင်စုက ငွေကျပ် ၇ ဘီလီယံသာ ချပေးထားကြောင်း ပြည်နယ်စစ်ကောင်စီက DMG ကို ပြောဆိုထားသည်။

ထို့ကြောင့် မုန်တိုင်းသင့်ပြည်သူများမှာ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီရရှိမှသာ အထိုက်အလျှောက် အဆင်ပြေနိုင်မည်ဖြစ်သည်။

“နိုင်ငံတကာ တခြားအဖွဲ့အစည်းတွေလည်း လာဖို့အစီအစဉ်တွေရှိတယ်။ အဲဒီ နိုင်ငံတကာအကူအညီတွေ ချောချောမွေ့မွေ့ဆင်းလာရင်တော့ လူတိုင်း အထိုက်အလျှောက် အထောက်အပံ့တွေ ရကြမှာပေါ့” ဟု ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက ပြောသည်။

“မိုခါ” မုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှုများစွာကို စစ်ကောင်စီက ရရှိထားသည်ကို တွေ့ရသည်။ အမေရိကန်၊ ဩစတြေးလျ၊ ဂျာမနီ၊ ဗြိတိန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ အာဆီယံ စသည့် နိုင်ငံတို့မှ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများမှတဆင့် လှူဒါန်းသွားမည်ဖြစ်ကြောင်း ယင်းနိုင်ငံသံရုံးများ၏ ထုတ်ပြန်ချက်များက ဖော်ပြသည်။

ဇွန်လ ၂၅ ရက်နေ့ ဩစတြေးလျသံရုံး၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ဘေးဒဏ်သင့် ပြည်သူ ၁ ဒသမ ၆ သန်း အတွက် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဆိုသည်။

ဂျာမနီနိုင်ငံကလည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရှိ မုန်တိုင်းဒဏ်သင့် မွတ်ဆလင်ဒုက္ခသည်များနှင့် စစ်ဘေးရှောင်များအတွက် ထပ်ဆောင်း ယူရိုငွေ ၅ သန်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ထံ ပေးအပ်ခဲ့ကြောင်း မေလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်ကလည်း ရခိုင်ပြည်နှင့် ချင်းပြည်နယ် တို့တွင် ခိုလုံရာနေရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တကိုယ်ရည်သန့်ရှင်းရေး အထောက်အကူပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ ၂ သိန်းကို အမေရိကန်ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတစ်ဆင့် ပေးအပ်သွားမည်ဟု မေလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် မေလ ၂၄ ရက်နေ့မှာလည်း မုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှုများကို တုံ့ပြန်ဆောင်ရွက်ရန် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန်ဒေါ်လာ ၁၇ သန်းနီးပါးကို USAID မှ တဆင့် ထပ်တိုးကူညီသွားရန်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံကလည်း “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘေးဒဏ်သင့် ပြည်သူများအတွက် ခြင်ထောင် အလုံးရေ ၁ သောင်း၊ စောင်အထည်ရေ ၁ သောင်းကို ဇွန်လ ၁၂ ရက်နေ့ကလှူဒါန်းခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့မှာလည်း အလားတူလှူဒါန်းပေးပို့မှုရှိကြောင်း သံရုံးက ထုတ်ပြန်ထားသည်။

ထို့အပြင် တရုတ် ယွမ်ငွေ ၁ သိန်းတန်ဖိုးရှိသည့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းများအဖြစ် ခေါက်ဆွဲခြောက်၊ ဘီစကစ်၊ သောက်သုံးရေတို့ကို လှူဒါန်းပေးခဲ့ကြောင်းလည်း မေလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ မေလ ၂၄ ရက် ထုတ်ပြန်ချက်တွင်လည်း တရုတ်နိုင်ငံကြက်ခြေနီအသင်းထံမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ အမေရိကန်ဒေါ်လာ ၁ သိန်း ပေးအပ်ခဲ့ကြောင်း ဆိုသည်။

အိန္ဒိယနိုင်ငံကလည်း ရေတပ်သင်္ဘော ၃ စီးဖြင့် ဆေးဝါးများအပါအဝင် ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန် (၄၀) ခန့်ကို မိုခါအလွန် ၁၉ ရက်နေ့တွင် စစ်ကောင်စီထံ အပ်နှံခဲ့သည်။

ထိုသို့ နိုင်ငံတကာက အကူအညီများစွာပေးထားကြောင်း သတင်းဖော်ပြနေသော်လည်း မြေပြင်တွင် မုန်တိုင်းသင့်ပြည်သူများ လက်ဝယ်သို့ ထိရောက်သည့်အကူအညီများ ရောက်မလာသေးကြောင်း ပြည်သူများက ပြောသည်။

“ဒီမှာက ဝါး၊ ဓနိ လိုအပ်တယ်။ အခုမိုးထားတဲ့ တာပေါ်လင်တွေက မိုးယိုတာတွေရှိတယ်။ နိုင်ငံတကာ အကူအညီတွေရော အစိုးရ(စစ်ကောင်စီ)ဆီက အကူအညီတွေလည်း လိုပါတယ်” ဟု ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးထွန်းမြင့်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက နိုင်ငံတကာလှူဒါန်းပစ္စည်းများအားလုံး ပြည်သူများထံရောက်ရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စစ်ကောင်စီတို့ကြား နွေးနွေးမှုများရှိနေကြောင်း ပြောသည်။ လတ်တလောတွင် နိုင်ငံတကာလှူဒါန်းပစ္စည်းအချို့ကို စစ်ကောင်စီက ပြည်သူများအား ထောက်ပံ့ပေးမှုများရှိသော်လည်း မည်မျှထောက်ပံ့ထားသည်ကို ရှင်းရှင်းလင်လင်းထုတ်ပြန်မှု မရှိသေးပေ။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် NGO/INGO များ၏ ကူညီထောက်ပံ့ခြင်း ခရီးသွားလာမှုကို ယခင် ခွင့်ပြုချက်ရထားပြီးဖြစ်သည့် လုပ်ငန်းစဉ်များကိုသာ ခွင့်ပြုထားပြီး အသစ်ပြုလုပ်မည့် အစီအစဉ်များကို ခွင့်ပြုချက်အသစ် တင်ရမည်ဖြစ်သည်။ ယင်းကြောင့် တချို့အဖွဲ့အစည်းများမှာ အချိန်ကြန့်ကြာမှု၊ ခရီးသွားအခက်အခဲတို့နှင့် ရင်ဆိုင်နေရကြောင်း ပြောဆိုကြသည်။

ဇွန်လ ၂၂ ရက်နေ့ United Nations OCHA Myanmar ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာအာဏာပိုင်များက လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအား လက်ရှိထုတ်ပေးထားသည့် ခရီးသွားခွင့်ပြုမိန့်(TAs)ကို ယာယီဆိုင်းငံ့ထားပြီး လူမှုကယ်ဆယ်ရေးအကူအညီများဖြန့်ဝေခွင့်နှင့် ဝင်ရောက်ကူညီခွင့်အတွက် ကနဦးခွင့်ပြုချက်ကို ကန့်သတ်ထားခြင်းမှာ မိုခါမုန်တိုင်း တုန့်ပြန်ကူညီမှုလုပ်ငန်းများကို ထိခိုက်နေကြောင်း ဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီနှင့် နိုင်ငံတကာအဖွဲ့များကြား ညှိနှိုင်း၍မရမှုကြောင့် သဘာဝဘေးဒဏ်ခံစားနေရသည့် ပြည်သူများအတွက် လိုအပ်သည့်အကူအညီမရခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်ထောက်ပြသည်။

“နိုင်ငံတကာအကူအညီတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းလို့မရတာတွေရှိတယ်ဆိုရင် ဘယ်လိုညှိနှိုင်းလို့မရသလဲဆိုတာ ချပြသင့်တယ်။ သူများက စီးပွားရေးလာလုပ်တာ မဟုတ်ဘူး၊ အလကား လာပေးတာ(လာလှူတာ)၊ ကိုယ့်ပြည်သူတွေကို နိုင်ငံရပ်ခြားက လာပြီးတော့ ထောက်ပံ့တာ။ အဲဒါကို သူတို့(စစ်ကောင်စီ)က ချုပ်ချယ် တားဆီး ကန့်သတ်ချင်တယ်ဆိုရင် အထစ်အငေါ့ ဖြစ်နိုင်တယ်” ဟု ဦးဖေသန်းက ပြောသည်။

နိုင်ငံတကာအကူအညီများ ဝင်ရောက်နိုင်ရေးကိစ္စ အဆင်မပြေဖြစ်နေခြင်းမှာ ပြည်သူများအတွက် များစွာထိခိုက်နစ်နာပြီး မုန်တိုင်းဒဏ်သင့် ပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းရာတွင် အားလုံးဝိုင်းကူရမည်ဖြစ်ကြောင်း နိုင်ငံရေးသမားများက ပြောကြသည်။

“ရခိုင်ပြည်သူတွေရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကြီးကို အစိုးရ(စစ်ကောင်စီ)နဲ့ ကျနော်တို့လည်း မလုပ်နိုင်ကြဘူးလေ။ နိုင်ငံတကာအဖွဲ့တွေက များများလှူလေကောင်းလေပါပဲ။ ဒါပေမယ့် ‘လုပ်လို့မရရင်မလုပ်’ ဆိုပြီး ထောက်ပံ့ရေးပစ္စည်းတွေကို ဂိုဒေါင်ထဲထည့်ထားတာတော့ မဖြစ်ကောင်းဘူး။ လုပ်လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိတယ်။ အဲဒီနည်းလမ်းတွေနဲ့ လူထုကြားကို ဘယ်လိုရောက်အောင်လုပ်မလဲ ဆိုတာကို ကြိုးစားသင့်တယ်လို့ မြင်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးခိုင်ပြည်စိုးက ပြောသည်။

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများမှာ လက်ရှိအချိန်ထိ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေဆဲ ဖြစ်သည့်အတွက် စစ်ကောင်စီအပါအဝင် ပြည်တွင်းအလှူရှင်များ၊ အထူးသဖြင့် နိုင်ငံတကာအကူအညီများကို အားကိုးတကြီးဖြင့် မျှော်လင့်နေကြသည်။

ထက်အောင် ရေးသည်။

ဗီဒီယိုများ