ရခိုင်အမျိုးသားပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းအား ဝေဖန်ဆန်းစစ်ခြင်း

ရခိုင်အမျိုးသားပါတီ၏ ရွေးကောက်ပွဲလှုံ့ဆော်သံမှာ ၂၀၁၅ နှင့် မတူတော့ပေ။ ယခုတစ်ကြိမ်တွင်တော့ ‘စည်းလုံး၊ ချစ်ကြည်၊ ပြည်သစ်တည်… ANP ကို မဲ ပီးမည်’ ဟူ၍ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်မှာဆိုလျှင် ‘အမျိုးကိုချစ် သွေးကိုစစ်၊ ရခိုင်ပီပီတာဝန်ကျေ…’ ဟု ဖြစ်ပါသည်။ ဒါကြောင့် ရခိုင်အမျိုးသားပါတီအနေဖြင့် ပါတီ၏ ရပ်တည်ချက်သည် လူမျိုး၊ သွေးသားအခြေပြုမှသည်...

06 Oct 2020

ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်ရှေ့တွင် စိုက်ထူထားသော မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်

By ကျော်လင်း | DMG

၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ထူထောင်ခဲ့သော ရခိုင်အမျိုးသားပါတီသည် အဓိကကျသော ရခိုင်နိုင်ငံရေးပါတီတစ်ခုပင် ဖြစ်ပါသည်။ ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းအား ရှေ့လုပ်ငန်းစဉ် (၄) ခုဖြစ်သော ၁) ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ၂) ရခိုင်အပါအဝင် တိုင်းရင်းသားများအားလုံးတန်းတူ အခွင့်အရေးရရှိရေး၊ ၃) ဒီမိုကရေစီစနစ် ထွန်းကားပြန့်ပွါးရေး နှင့် ၄) ရခိုင်အပါအဝင် တိုင်းရင်းသားများအတွက် အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေးဟူသော ကဏ္ဍများအောက်တွင် အချက်ပေါင်း (၅၇) ခုဖြင့် စက်တင်ဘာ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်အမျိုးသားပါတီ၏ ရွေးကောက်ပွဲလှုံ့ဆော်သံမှာ ၂၀၁၅ နှင့် မတူတော့ပေ။ ယခုတစ်ကြိမ်တွင်တော့ ‘စည်းလုံး၊ ချစ်ကြည်၊ ပြည်သစ်တည်… ANP ကို မဲ ပီးမည်’ ဟူ၍ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်မှာဆိုလျှင် ‘အမျိုးကိုချစ် သွေးကိုစစ်၊ ရခိုင်ပီပီတာဝန်ကျေ…’ ဟု ဖြစ်ပါသည်။ ဒါကြောင့် ရခိုင်အမျိုးသားပါတီအနေဖြင့် ပါတီ၏ ရပ်တည်ချက်သည် လူမျိုး၊ သွေးသားအခြေပြုမှသည် ပြည်နယ်၊ နယ်မြေ ဟူသော ရပ်တည်ချက်သို့ ပြောင်းသွားနှင့်ပြီဟု ယူဆနိုင်စရာရှိပါသည်။

ရခိုင်အမျိုးသားပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းအား ရုတ်တရက်ကြည့်လိုက်ပါလျှင် ပထမဆုံး ခေါင်းထဲသို့ ရောက်လာမည်မှာ ‘အာရကန် (Arakan)’ နှင့် ‘ရခိုင် (Rakhine)’ ဟူသော ဝေါဟာရများ၏ အဓိပ္ပါယ်ဖွင့်ဆိုမူပင် ဖြစ်ပါသည်။ ထင်ရှားသော တချို့ရခိုင်အဖွဲ့အစည်းများကတော့ အာရကန်ဟူသည်မှာ နယ်မြေကို ရည်ညွန်းပြီး၊ အာရကန်နီ့ (Arakanese) ဟူသည်ကတော့ အာရကန်ဒေသတွင် နေထိုင်ကြသူများကို ဆိုလိုကြသည်။ သို့သော် ရခိုင်အမျိုးသားပါတီ၏ ကြေညာချက်ကတော့ ‘ရခိုင်လူမျိုး’ ဟုသာ တရားဝင်ရည်ညွန်းထားပြီး၊ ရခိုင်ပြည်၌ နေထိုင်ကြသော လူတိုင်း၊ (သို့) အာရကန်နီ့ကို ဆိုလိုရာမရောက်ဟု အဓိပ္ပာယ်သက်ရောက်နေပေသည်။ စိတ်ဝင်စားစရာ ကောင်းနေသည်မှာ သည်ကိစ္စသည် ရက္ခိုင်တပ်တော် စစ်ဦးစီးချုပ်၏ အာဘော်နှင့်လည်း လွဲချော်နေသကဲ့သို့ ဖြစ်နေပြန်သည်။

ထို့ကြောင့် အခြေခံကျလာတဲ့ မေးခွန်းတစ်ခုကတော့ ရခိုင်အမျိုးသားပါတီ အနေဖြင့် မည်သူတွေအတွက် အဓိက ကိုယ်စားပြု၊ တိုက်ပွဲဝင်ဖို့ ကြိုးပမ်းနေတာလဲ ဟူ၍ပင် ဖြစ်ပါသည်။ အကယ်၍ ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ဘာသာစကားပြောသော လူတွေကိုသာ အဓိက နိုင်ငံရေးကိုယ်စားပြုနိုင်အောင် ကြိုးစားနေမယ်ဆိုရင် ပါတီ၏ ရပ်တည်ချက်သည်လည်း ၂၀၁၅ က ကဲ့သို့ပင် လူမျိုး၊ သွေးသားအပေါ် ရပ်တည်ချက် ဖြစ်နေပေလိမ့်မည်ဟု ယူဆလို့ ရနေပေသည်။

ကြေညာချက်၏ နိဒါန်းပိုင်းမှာဆိုလျှင် ‘၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ရခိုင်လူမျိုးများအတွက်သာမက မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲအတွက် အလွန်အရေးကြီးပါသည်’ ဟု ဆိုထားပါသည်။ သို့သော် ၂၀၁၅ နှောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းအရဆိုလျှင် ရခိုင်အမျိုးသားပါတီမှ အများစုအနိုင်ရခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှသာ ပြည်နယ်ဝန်ကြီးချုပ်အား ခန့်အပ်ခဲ့ပြီး၊ ရခိုင်အမျိုးသားပါတီအနေဖြင့် လက်ရှိ ဖွဲ့စည်းပုံအောက်တွင် အာဏာအနည်းအကျဉ်းသာ ရှိနိုင်သည်မှာလည်း အားလုံးသိပြီးဖြစ်သည်။ နောက်ထပ် အရေးကြီးသည်မှာ လူထုအနေဖြင့် လက်ရှိ နိုင်ငံရေး အပြောင်းအလဲများအပေါ်တွင် စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြပြီး၊ ယုံကြည်မူလည်း ပျောက်ဆုံးနေချိန်ပင်ဖြစ်သည်။ ရွေးကောက်ပွဲကြေညာစာတမ်းထဲတွင် မဲကွဲခြင်းကိစ္စအား ထောက်ပြထားသော်လည်း အဆိုပါကိစ္စအား ဖြေရှင်းနိုင်စေရန် မည်သည့်ဖြေရှင်းနည်းမျှ ဖော်ထုတ်မထားသည်ကိုလည်း တွေ့ရပေသည်။

ရွေးကောက်ပွဲကြေညာစာတမ်းထဲတွင် နောက်ထပ် အငြင်းပွားစရာ ကိစ္စရပ်တစ်ခုကတော့ လုပ်ငန်းစဉ်များအား ဦးစားပေးနေရာချထားမှုပင် ဖြစ်သည်။ ဥပမာအားဖြင့် ကြေညာချက်ထဲတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအား နံပါတ် (၁) အဖြစ် စဉ် သတ်မှတ်ထားပြီး၊ တခြားသော လုပ်ငန်းစဉ်များဖြစ်သော တန်းတူရေး၊ ဒီမိုကရေစီ အပြောင်းအလဲနှင့် ဖက်ဒရာယ်ကူးပြောင်းရေးအား ဒုတိယ၊ တတိယနှင့် စတုတ္ထ တို့အဖြစ်သာ သတ်မှတ်ထားသည်။ သည်နေရာမှာပင် ဒွိဟဖြစ်စရာ တစ်ခုပေါ်လာပြန်သည်။ အကြောင်းမှာ ရခိုင်အမျိုးသားပါတီ၏ နံပါတ် (၁) ဦးစားပေးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဖြစ်နေသော်လည်း ၎င်းသည် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် တောင်းဆိုနေသော ပါတီများထဲတွင် အဓိကတစ်ခုလည်း ဖြစ်နေပြန်သည်။

ကြေညာစာတမ်း၏ ပထမ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်သော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်အောက်တွင်တော့ ကဏ္ဍ (၁၂) ခု ထည့်သွင်းထားသည်ကို တွေ့ရပါသည်။ ၎င်းတို့မှာ
၁) အုပ်ချုပ်ရေး
၂) စီးပွားရေး
၃) လမ်းပန်းဆက်သွယ်ရေး
၄) တောင်သူလယ်သမား
၅) မွေးမြူရေးနှင့်ရေလုပ်ငန်း
၆) ပညာရေး
၇) ကျန်းမာရေး
၈) စွမ်းအင်နှင့်လျှပ်စစ်
၉) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
၁၀) မြို့ပြဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေး
၁၁) စက်မှု နှင့်
၁၂) အထွေထွေ တို့ပင် ဖြစ်ပါသည်။

သို့သော် မေးခွန်းထုတ်စရာမှာ မည်သည့်ကြောင့် ရခိုင်အမျိုးသားပါတီအနေဖြင့် အုပ်ချုပ်ရေးကဏ္ဍအား ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်တွင် ထည့်ထားရသနည်းဟူ၍ ပင်ဖြစ်ပါသည်။ ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်ဖွံဖြိုးတိုးတက်မူ အားနည်းခြင်းသည် အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမူအားနည်းမှုကြောင့်ဟု ယူဆပါလား၊ သို့တည်းမဟုတ် နေပြည်တော်နှင့် စစ်တွေအစိုးရကြားတွင် ဖက်ဒရယ်ဆန်ဆန် အာဏာခွဲဝေမှု မရှိသောကြောင့်ဟု ယူဆပါလား ဟူသော မေးခွန်းပင်ဖြစ်ပါသည်။

ထင်ရှားသော နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ဖရန်စစ်ဖူကူယားမား၏ အဆိုအရလျှင် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မူတို့မှာ သိသာစွာ ကွဲပြားခြားနားမှုရှိပြီး မတူညီသော အချိန်တိုင်းအလျှောက် ဖြစ်ပေါ်နိုင်ပေသည်။

“ဖွံ့ဖြိုးတိုးတက်မှုတိုင်းမှာ တစ်ခါတစ်ချီတည်း လာစရာလည်း မလိုပေ…”
(All Good Things Do Not Necessarily Need To Come Together)

ထို့ကြောင့် အုပ်ချုပ်မူဆိုင်ရာကဏ္ဍကို တိုးတက်မူဆိုင်ရာနယ်ပယ်အောက်တွင် ထည့်သွင်းထားခြင်းမှာ မရှင်းလင်းမူကို ဖြစ်ပေါ်စေသည်ဟု ယူဆရပါသည်။ ထို့ပြင် ရခိုင်အမျိုးသားပါတီအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာ နယ်ပယ်ကဏ္ဍတွင် တာဝန်ယူ၊ တာဝန်ခံမူရှိသော၊ အဂတိကင်းရှင်းသော၊ တရားမျှတမူကို ဦးထိုက်ထားသော အစိုးရဟူ၍သာ ဖော်ပြထားသော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူနှင့် တရားမျှတမူတို့အတွက် အဓိကလိုအပ်သော စွမ်းဆောင်ရည်ရှိသော အစိုးရကိစ္စကို ဖော်ပြမထားခဲ့ပေ။ ဆိုလိုသည်မှာ တာဝန်ယူ၊ တာဝန်ခံမူရှိသော၊ အဂတိကင်းရှင်းသော၊ တရားမျှတမူကို ဦးထိုက်ထားသော အစိုးရတိုင်းသည် စွမ်းဆောင်ရည်ရှိသော အစိုးရများမဖြစ်နိုင်ပေ…။

စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ တောင်သူလယ်သမားနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍများအတွက် ဆိုလျှင် ရခိုင်အမျိုးသားပါတီ၏ မူဝါဒများမှာ အဓိကအားဖြင့် လက်ဝဲဆန်ပြီး အစိုးရ၏နယ်ပယ်အား ချဲ့ထွင်ခြင်း (big government)၊ အကျိုးစီးပွားကာကွယ်ရေး (protectionalism)၊ စားသုံးသူအဓိကဝါဒ (consumerism)၊ နှင့် ထုတ်ကုန်ဦးတည်ရေးမူဝါဒ (export oriented policy) တို့ ဖြစ်နေသည်ကို တွေ့ရပါသည်။

တခြားတဖက်တွင် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင်လည်း မူဝါများမှာ မေးခွန်းထုတ်စရာအတိပင်ဖြစ်သည်။ ဥပမာအားဖြင့် ပညာရေးကဏ္ဍ၏ မူဝါဒအများစုမှာ အရည်အချင်းပြည့်ဝသော ကျောင်းဆရာ၊ ဆရာမများ မွေးထုတ်ပေးနိုင်ရန်အတွက် ကောလိပ်ကျောင်းအသစ်များ ဖွင့်လှစ်ရေး၊ ကျောင်းဆောင်သစ်များနှင့် ဝန်ထမ်းအိမ်ရာ သစ်များတိုးချဲ့ဆောက်လုပ်ရေးနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ဖွင့်လှစ်နိုင်ရေးတို့ကို ဖော်ပြထားသည်။

သို့သော် အဆိုပါ မူဝါဒများထဲတွင် ရခိုင်ပြည်နယ်ပညာရေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သော မည်သည့်ကြောင့် ရခိုင်ပြည်နယ်သည် တိုင်းနှင့်ပြည်နယ်များအနက် အနိမ့်ဆုံးသော တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နူန်းရှိသော ပြည်နယ် ဖြစ်နေရသနည်း ဟူသောကိစ္စ ပါမလာခဲ့ပေ။ (၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ ၂၃.၉၇ ရာခိုင်နူန်း ဖြစ်ပါသည်။) ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များအနေဖြင့် ထိုကဲ့သို့ အောင်ချက်ရာခိုင်နှုန်း နှိမ့်ကျနေခြင်းသည် အရည်အချင်းမပြည့်ဝသော ဆရာ/ဆရာမများ၊ ကျောင်း၊ လမ်းနှင့် ဝန်ထမ်းအိမ်ရာများကဲ့သို့ ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ မလုံလောက်မူတို့ကြောင့်ဟု ယူဆပါသလား။ နောက်ထပ် တစ်နိုင်ငံလုံးတွင် အရည်အချင်း အနိမ့်ကျဆုံးထဲတွင် ကျရောက်နေသော ရှိနှင့်ပြီး ကျောက်ဖြူပညာရေးကော်လိပ်အား ရုပ်ပိုင်း၊ နာမ်ပိုင်းဆိုင်ရာ မြှင့်တင်မှုများ မပြုလုပ်ဘဲ မည်သည့်ကြောင့် ပညာရေးကော်လိပ်အသစ်တစ်ခု ဆောက်လုပ်ရန် ရည်ရွယ်ထားပါသနည်း ဟူသည်မှာလည်း မေးခွန်းထုတ်စရာပင် ဖြစ်သည်။

ရခိုင်ပြည်နယ်၌ အရည်အချင်းညံ့လှသော ပညာရေးစနစ်ဖြစ်နေရခြင်းမှာ ဆင်းရဲမွဲတေမှု၊ ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ မလုံလောက်မူမှသည် လူမှု-နိုင်ငံရေးဆိုင်ရာစီမံအုပ်ချုပ်မူ အခင်းအကျင်းတစ်ခုလုံးနှင့် သက်ဆိုင်နေပြီး အားလုံးလွမ်းခြုံသော ပြုပြင်ပြောင်းလဲမူမှသာ သည်ကိစ္စကို ဖြေရှင်းနိုင်ဖွယ်ရာရှိပါသည်။

ကျန်းမာရေးကဏ္ဍတွင်တော့ ရခိုင်အမျိုးသားပါတီ၏ မူဝါဒများမှာ ကျယ်ပြန့်ပြီး၊ လူအားလုံး ကျန်းမာရေးစောင့်ရှောက်ခွင့်ရပိုင်ခွင့်၊ ကျန်းမာရေးအာမခံမူစနစ်၊ ကူးစက်နိုင်မှုနှင့် မကူးစက်နိုင်သော ရောဂါများအား ထိမ်းချုပ်ရေးမှသည် ကျေးလက်ဒေသ ကျန်းမာရေးအဆောက်အဦများအား မြှင့်တင်ရေးတို့လည်း ပါဝင်ပါသည်။

လျှပ်စစ်နှင့် စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေးနှင့် စက်မှုကဏ္ဍများတွင် မူဝါဒများမှာ ရခိုင်ပြည်နယ်၏ လက်ရှိ လျှစ်စစ်စွမ်းအင်ရရှိနိုင်မှုနှင့် လာမည့် ၅ နှစ်တာ ကာလအတွင်းတွင် မည့်မျှအတိုင်းအတာထိ လုပ်ဆောင်သင့်သည်၊ လုပ်ဆောင်သွားမည်ကို သိသာစွာ ဖော်ပြမထားပေ။ လျှစ်စစ်ကဏ္ဍတွင်လည်း တခြားသော စွမ်းအင်အမျိုးအစားများဖြစ်သော ရေအားနှင့်နေစွမ်းအင် ကဲ့သို့သော စွမ်းအင်များ၏ အခန်းကဏ္ဍကို သိသာစွာ ချန်လှစ်ခဲ့ပုံရပါသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ ဆိုပါလျှင် ပြည်နယ်အတွင်း၌ အငြင်းပွားဖွယ်ရာ စိန်ခေါ်မူများဖြစ်ပြီး တရုတ်ကဲ့သို့ ပြည်ပနိုင်ငံများ ပါဝင်နေသော ရှိနှင့်ပြီး နိူင်ငံခြားရင်းနှီးမြုပ်နှံမူများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးဆုံးရှုံးမူများကြားကို သေချာစွာ ချိတ်ဆက်ဖော်ပြထားသော မူဝါဒများလည်း ပါမလာပေ။

တတိယကဏ္ဍဖြစ်သော မြို့ပြဖြစ်ထွန်းရေးနှင့် စည်ပင် သာယာရေး ကဏ္ဍတို့တွင် စည်ပင်သာယာရေးကော်မတီများ၏ အရည်အသွေး၊ အမှိုက်နှင့် မိလ္လာ စွန့်ပစ်ရေးကဏ္ဍ၊ မြို့တွင်းလမ်းများ အရည်အသွေးမြင့်တင်ရေးတို့ကို ဖော်ပြထားသော်လည်း မြို့ပြဖွံ့ဖြိုးရေးဖြစ်စဉ်တွင် အရေးပါသောမြို့နှင့် ကျေးလက်အချင်းချင်း ဆက်သွယ်ရေးလမ်းများ၏ အခန်းကဏ္ဍကိုတော့ ဖော်ပြမထားပေ။ စက်မူကဏ္ဍတွင်တော့ ပုဏ္ဏားကျွန်းစက်မူဇုန်နှင့် အသေးစား၊ အလက်စား စက်မူလုပ်ငန်းများ၏ အခန်းဏ္ဍကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရပေသည်။

နောက်ဆုံးဖြစ်သော အထွေထွေေခါင်းစဉ်အောက်တွင် တွေ့ရသည်မှာ လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ စာပေနှင့်ယဉ်ကျေးမူ၊ ရွေ့ပြောင်းလုပ်သားများ စသည်တို့၏ အခန်းကဏ္ဍကို ထည့်သွင်းထားသည်ကို တွေ့ရပေသည်။ ယေဘုယျဆန်သော ဖော်ပြချက်များပင်ဖြစ်ရာ အသေးစိတ်ခွဲခြမ်းသုံးသက်ရန် ခက်ခဲလှပြီး အဆိုပါ အကြောင်းအရာများအား လူသားအရင်းအမြစ်ဆိုင်ရာနှင့် ယဉ်ကျေးမူဆိုင်ရာ အကြောင်းအရာများကို သီးခြားခွဲထုတ်ဖော်ပြနိုင်လျှင် ပိုမိုသင့်တော်လိမ့်မည်ဟု ယူဆမိပါသည်။

ရွေးကောက်ပွဲကြေညာစာတမ်းထဲတွင် ချန်လှစ်ခဲ့သော အကြောင်းအရာများ

ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော်ထဲတွင် အကြီးဆုံးအင်အားစုဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် တွင်လည်း တတိယအင်အားအကြီးဆုံး ပါတီတစ်ခုပင်ဖြစ်ရာ ရခိုင်ပြည်နယ်နှင့် နိုင်ငံတဝှမ်းလုံးရှိ အရေးကြီးသော ကိစ္စရပ်များကို ထိတွေ့ဖော်ပြရန် တာဝန်ရှိသည်ဟု ယူဆရပါသည်။ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ က စက်တင်ဘာ ၂၄ ရက်နေ့ ပါတီမူဝါဒများအား နိုင်ငံတော်ပိုင်ရုပ်မြင်သံကြား MRTV မှ ဖတ်ကြားရာတွင် ရခိုင်ပြည်နယ်ရှိ တခြားသော လူမျိုးစုများ၏ အခန်းကဏ္ဍ၊ လက်နက်ကိုင်တိုက်ပွဲများ၊ လူမူ-စီးပွားရေးဆိုင်ရာအခြေအနေများနှင့် လူသားချင်းစာနာမူဆိုင်ရာကိစ္စများအား ပြောကြားခဲ့သော်လည်း၊ ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်တွင်တော့ အရေးကြီးသော ကိစ္စရပ်များဖြစ်သည့် လူ့အခွင့်အရေးချိုးဖောက်မူများ၊ လက်နက်ကိုင်ပဋိပက္ခ၊ အကြီးစားစီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမူ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမူများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များ၏ အခန်းကဏ္ဍကို ချန်လှစ်ထားခဲ့သည်ကို တွေ့ရပါသည်။

နိုင်ငံရေးအားဖြင့် ပြောရလျှင် လက်ရှိ ရခိုင်ပြည်နယ်ထဲတွင် လက်နက်ကိုင်တိုက်ပွဲများ ရပ်စဲရေးနှင့် ဖက်ဒရယ်ဆိုင်ရာပြုပြင်ပြောင်းလဲမူများ မည်ကဲ့သို့ အပြန်အလှန်ချိတ်ဆက်နေသည်ကို ရခိုင်အမျိုးသားပါတီအနေဖြင့် သုံးသပ်တင်ပြရန် အရေးကြီးလှပေသည်။ သို့သော် ရွေးကောက်ပွဲကြေညာစာတမ်း၌ အဆိုပါကိစ္စများမှာ လှစ်ဟာလျှက်ရှိပေသည်။

ထို့နောက် နောက်ထပ် အရေးတကြီးလှစ်ဟာနေသော အချက်တစ်ခုမှာ ရခိုင်ပြည်နယ်ရှိ ရခိုင်နှင့် ဗုဒ္ဓဘာသာမဟုတ်သော တခြားသောလူမျိုး၊ ဘာသာများ၏ အခန်းကဏ္ဍဖြစ်ပြီး၊ ရခိုင်အမျိုးသားပါတီအနေဖြင့် အဆိုပါအုပ်စုများနှင့် ပတ်သက်လျှင် မည်ကဲ့သို့ ထင်မြင်ယူဆကြောင်း ဖော်ပြရန် အရေးကြီးလှပေသည်။ လက်ရှိတွင် အဆိုပါ လူမျိုး၊ ဘာသာအရ လူနည်းစုများမှာလည်း လက်နက်ကိုင် ပဋိပက္ခဒဏ်ကို အဓိကခံစားနေကြရသည်များလည်း ဖြစ်နေရာ ပို၍ပင် အရေးကြီးလှပေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ပြည်နယ်၌ အကြီးဆုံးသော နိုင်ငံရေးအင်အားစု တစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီသည် ယဉ်ကျေးမူပေါင်းစုံဝါဒ (multi-culturalism)၊ အားလုံးလွမ်းခြုံနိုင်မူ (comprehensiveness) နှင့် အနာဂတ်အမြင်ရှိသော ရပ်တည်ချက်များ (visionary standpoints) ကို မိန့်ခွန်းပြောရုံမျှမက မူဝါဒချမှတ်ရေး (policy formulation) နှင့် မူဝါဒ အကောင်အထည်ဖော်ရေး (policy implementation) ကဏ္ဍတို့တွင်လည်း ထည့်သွင်းဖော်ပြသင့်ပြီး လက်တွေ့အရလည်း အကောင်အထည်ဖော် လုပ်ဆောင်သင့်ပေသည်။

စာရေးသူအကြောင်း - ကျော်လင်းသည် ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံကို လေ့လာနေသည့် ဘွဲ့လွန်ကျောင်းသား ဖြစ်သည်။ သူသည် နိုင်ငံရေးသိပ္ပံအသင်း (ရန်ကုန်တက္ကသိုလ်) ၏ အသင်းဥက္ကဋ္ဌနှင့် Amnesty Arakan Team (AAT) ကို တည်ထောင်သူတစ်ဦးလည်း ဖြစ်သည်။

ဗီဒီယိုများ