တရားမျှတမှု ပျောက်ဆုံးနေသော တင်းမလူဖမ်းပွဲ

ဖမ်းဆီးခံရသူများတွင် ပါဝင်သူတစ်ဦး၏ ဖခင်ဖြစ်သူကမူ “သူတို့ပါးစပ်ရှိသရွှေ့ ပြောချင်သလိုပြော၊ လုပ်ချင်သလို လုပ်နေတာဆိုပေမယ့် တင်းမကျေးရွာသားတွေက အမှန်တကယ်အဖမ်းခံခဲ့ရတာ။ ကျွန်တော်တို့ တရားမျှတမှု လိုချင်တယ်” ဟု တုံ့ပြန်ပြောဆိုသည်။

By နှင်းနွယ် 21 Dec 2020

နှင်းနွယ် | DMG

ပျောက်ဆုံးနေသော သားများ၊ ယောက်ျားများနှင့် အမြန်ဆုံးပြန်လည်ဆုံတွေ့နိုင်ရေး တင်းမကျေးရွာဒေသခံများက မျှော်လင့်နေကြသည်။ သို့သော် ကိုးလကျော်ကြာမြင့်လာသည်အထိ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများနှင့် ပတ်သက်သည့် သတင်းအစအန တစ်စွန်းတစ်စကိုမျှ မရရှိဘဲဖြစ်နေသည်။

အတိအကျဆိုရသော် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲများပြင်းထန် ခဲ့သည့် ကျောက်တော်မြို့နယ်အတွင်းရှိ တင်းမကြီးကျေးရွာနှင့် တင်းမ(သစ်)ကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နှင့် ၁၆ ရက်နေ့များအတွင်း ဒေသခံရွာသား ၁၈ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့ ၁၈ ဦးမှာ နေအိမ်များတွင်ရှိနေကြစဉ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် မိသားစုဝင်များနှင့် ပြန်လည်ဆုံတွေ့နိုင်ခြင်း မရှိခဲ့ပေ။
ဖမ်းဆီးသွားသည့် လက်နက်ကိုင်အဖွဲ့မှာ ယင်းအချိန်က ကျေးရွာအနီးရှိ တောင်ရှည်တောင်၌တပ်စွဲနေထိုင် နေသည့် တပ်မတော်သားများဖြစ်ကြောင်း မိသားစုဝင်များက အထောက်အထားများဖြင့် ပြောဆိုထားသည်။

မိမိတို့၏ သားများ၊ ယောက်ျားများ ပြန်လည်လွတ်မြောက်လာရေးအတွက် မိသားစုဝင်များက နည်းလမ်းပေါင်းစုံ အသုံးပြုကာ ဆက်သွယ်ရှာဖွေမှုများ ပြုလုပ်နေသော်လည်း အကြောင်းမထူးကြောင်း ၎င်းတို့ကဆိုသည်။

ပျောက်ဆုံးနေသူများကိုရှာဖွေပေးရန် မိသားစုဝင်များက လွှတ်တော်ကိုယ်စားလှယ်များထံ အကူအညီတောင်းခံ မှုနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း တင်းမကျေးရွာသားတွေဖမ်းဆီးခံရကတည်းက ရဲစခန်းမှာသွားတိုင်ဖို့ မိသားစုဝင်တွေကိုအကြံပေးခဲ့တယ်။ မိသားစုဝင်တွေကလည်း သွားတိုင်တဲ့အချိန်မှာ အမှုကိုလက်မခံဘဲ ပြန်လွှတ်လိုက်တာရှိတယ်” ဟု ရှင်းပြသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များ၏ အကူအညီဖြင့် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူ့အခွင့်အရေးကော်မရှင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတို့ထံ စာရေးသားပေးပို့တောင်းခံမှုများကို ပြီးခဲ့သည့် မတ်လအတွင်း ပြုလုပ်ခဲ့သည်။

ယင်းတို့အတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က နိုဝင်ဘာလနောက်ဆုံးအပတ်တွင် လွှတ်တော် ကိုယ်စားလှယ်များထံ ပြန်လည်ပေးပို့လာသည့် အကြောင်းကြားစာတွင် တင်းမကျေးရွာသားများကို တပ်မတော်စစ်ကြောင်းက လုံးဝ(လုံးဝ) ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိဟု ကာကွယ်ရေးဝန်ကြီးဌာနက အကြောင်း ပြန်ကြားထားသည်ဟု ဖော်ပြပါရှိသည်။

ဖမ်းဆီးခံရသူများတွင် ပါဝင်သူတစ်ဦး၏ ဖခင်ဖြစ်သူကမူ “သူတို့ပါးစပ်ရှိသရွှေ့ ပြောချင်သလိုပြော၊ လုပ်ချင်သလို လုပ်နေတာဆိုပေမယ့် တင်းမကျေးရွာသားတွေက အမှန်တကယ်အဖမ်းခံခဲ့ရတာ။ ကျွန်တော်တို့ တရားမျှတမှု လိုချင်တယ်” ဟု တုံ့ပြန်ပြောဆိုသည်။

ယင်းနောက် နိုဝင်ဘာလ(၂၇)ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးခံရသည့် အရပ်သားများ လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားနိုင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ယင်းကြောင့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် တင်းမကျေးရွာမှ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် အမှုကို ကူညီဆောင်ရွက်ပေးနေသူများက ကျောက်တော်ရဲစခန်းသို့သွားရောက်ကာ ပျောက်ဆုံးနေသူများအတွက် အမှုတိုင်တန်းစာများကို ဂတ်စာရေးထံ ကိုယ်တိုင်အပ်နှံမှု ပြုလုပ်ခဲ့သည်။

သို့သော် အမှုဖွင့်ရန်သွားရောက်သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မူ အဆိုပါ စာရွက်စာတမ်းများ အပါအဝင် ယင်းစာများကို လက်ခံသိမ်းဆည်းပေးသည့် ဂတ်စာရေးကိုပါ ရှာမတွေ့တော့ကြောင်း မိသားစုဝင်များက ဆိုသည်။

“ရဲစခန်းက အမှုဖွင့်ပေးဖို့နေနေသာသာ အမှုတိုင်တန်းတဲ့စာတွေတောင် မရှိတော့ဘူးလို့ စခန်းမှူးကိုယ်တိုင် ပြောတယ်။ ဒါကတော့ စာရွက်စာတမ်းတွေ၊ အမှုဖိုင်တွဲတွေကို ဖျောက်ဖျက်မှုသက်ရောက်တယ်” ဟု ယင်းအမှုတွင် လိုက်ပါကူညီပေးသူ ကိုဇော်ဝင်းကဆိုသည်။

အမှုတိုင်တန်းစာများအား ဂတ်စာရေးထံ ကိုယ်တိုင်၊ကိုယ်ကျအပ်ထားခဲ့သော်လည်း ယခုကဲ့သို့ ပျောက်ဆုံး သွားကြောင်းပြောဆိုခြင်းမှာ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ကိုယ်လွတ်ရုန်းခြင်းသာဖြစ်ကြောင်း ဖမ်းဆီးခံရသူ ကိုမောင်ကြည်လင်း၏ အစ်မဖြစ်သူ မမြဝင်းကြည်ကပြောသည်။

“ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူတို့ကအမှုလက်ခံရမှာ။ အခုက ဟုတ်မှန်ရက်နဲ့ အမှုဖွင့်စာ တင်လိုက် ရက်နဲ့ မရှိဘူးဆိုတော့ သူတို့က ကိုယ့်ဘက်ကိုစူးမှာကြောက်လို့လုပ်တာ။ ကိုယ်လွတ်ရုန်းတာ” ဟု၎င်းကဆိုသည်။

သို့သော် ကျောက်တော်မြို့မရဲစခန်းမှ စခန်းမှူးသူရထွန်းက မိသားစုဝင်များက အမှုတိုင်တန်းစာ အပ်နှံထားခဲ့သည့် ဂတ်စာရေးမှာ နယ်ပြောင်းရွှေ့သွားသည့်အတွက် ယင်းတိုင်စာများမှာ ရဲစခန်း၌မရှိတော့ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောဆိုထားသည်။

ယင်းသို့ပြောဆိုချက်အပေါ် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ စီမံကိန်းဒါရိုက်တာ ဉီးမျိုးမြတ်ဟိန်းက “အခု လက်ရှိစခန်းမှူးပြောင်းသွားရင်ရော သူဖွင့်ထားတဲ့အမှုတွေအကုန်လုံး ရပ်သွားမှာလား။ အဲဒီလိုပြောလို့မှမရတာ။ အစိုးရဝန်ထမ်းမှာ အဲဒီလိုမှမရှိတာ။ နယ်ပြောင်းသွားတာပဲဖြစ်ဖြစ်၊ သေဆုံးသွားတာပဲဖြစ်ဖြစ် သူ့ရဲ့လုပ်ငန်း တာဝန်တွေကို နောက်တစ်ယောက်ကို တာဝန်လွှဲပြောင်းရတယ်လေ” ဟု ထောက်ပြပြောဆိုသည်။

ထို့အပြင် တင်းမဖြစ်စဉ်မှာ တပ်မတော်စစ်ဆင်ရေးနယ်မြေများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရဲအရေးမပိုင် သောကြောင့် အမှုကိုလက်ခံ၍မရကြောင်း ကျောက်တော်မြို့မရဲစခန်းမှူး၏ ပြောဆိုချက်တွင်ပါဝင်သည်။

သို့သော် ရဲတပ်ဖွဲ့အနေဖြင့် အမှုကိုလက်ခံမရကြောင်း ငြင်းချက်ထုတ်နေခြင်းထက် ဥပေဒကြောင်းအရ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်နိုင်ကြောင်း လမ်းညွှန်ပေးသင့်သည်ဟု ပြောလာသူက လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဖြစ်သည်။

“တပ်နယ်မြေဖြစ်လို့ ရဲနဲ့မဆိုင်လို့ပြောတာတစ်ပိုင်းပေါ့။ ဒါပေမယ့် ရဲကတော့ ပြည်သူတွေကို ဥပဒေကြောင်းအရ ကာကွယ်ပေးရမယ်။ သူတို့ရဲ့ ကူညီပါရစေဆိုတာနဲ့အညီ လုပ်ကိုလုပ်ရမယ်” ဟု ၎င်းက ထောက်ပြပြောဆိုသည်။

တပ်မတော်အနေဖြင့် ဖမ်းဆီးခံအရပ်သားများလွတ်မြောက်နိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းများသို့ တိုင်ချက် ဖွင့်နိုင်ကြောင်း ပြောဆိုထားသော်လည်း ရဲစခန်းများက အမှုကိုလက်မခံဖြစ်နေသောကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကြား ညှိနှိုင်းဆောင်ရွက်မှုမရှိသည်မှာ ပေါ်လွင်ကြောင်း ဒေသခံများကဆိုသည်။

“ရဲစခန်းမှာ သက်သေအထောက်အထားတွေနဲ့ တိုင်လို့ရတယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့် ကျနော်တို့က ဝမ်းသာအားရနဲ့ သတင်းအစအနကို ပြန်ဖော်ထုတ်ဖို့သွားကြတာ။ အခုတော့ သူတို့ကလက်မခံဘူး၊ အခက်အခဲတွေ အများကြီးတွေ့ရတယ်” ဟု တင်းမကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းက ဆိုသည်။

ယင်းကိစ္စရပ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမူ ရဲစခန်းများသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် မရှိသောကြောင့် ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိကြောင်း တုံ့ပြန်ပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ရဲရင့်အောင်က “ရဲစခန်းက တပ်မတော်ရဲ့ ကွပ်ကဲမှု အောက်မှာမရှိတဲ့အတွက် ကျနော်တို့အနေနဲ့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာမှညွှန်ကြားထားတာ မရှိပါဘူး။ ဗိုလ်ချုပ်ဇော်မင်းထွန်းလည်း ပြောထားပြီးပါပြီ။ ဒါကတော့ ဥပဒေအတိုင်းပဲ နယ်ဖက်ကနေပြီး လုပ်ထုံးလုပ်နည်း အတိုင်းသွားရင် အဆင်ပြေပါတယ်’’ ဟု ဆိုသည်။

သို့သော် တင်းမကျေးရွာကိစ္စအပါအဝင် တပ်မတော်၏ စစ်ဆင်ရေးနယ်မြေများတွင် အရပ်သားများ ဖမ်းဆီးခံရ ခြင်းကို ဥပဒေကြောင်းအရ အကာအကွယ်မရသည်မှာ တရားဥပဒေစိုးမိုးရေးအတွက် စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြပြောဆိုသည်။

ထို့အပြင် အရပ်သားများ ဖမ်းဆီးခံရမှုအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ယူ၊ တာဝန်ခံမှု မရှိသည့် အပြင် ယင်းအမှုတွဲများကို ကိုင်တွယ်လိုစိတ်မရှိကြောင်း ထင်ရှားနေသည်ဟု ထောက်ပြပြောဆိုလာသူက ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဖြစ်သည်။

“သူနဲ့မဆိုင်၊ ကိုယ်နဲ့မဆိုင်ဆိုတော့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက တာဝန်ယူမှု၊တာဝန်ခံမှု အားနည်းတာ” ဟု ၎င်းကဆိုသည်။

မည်သို့ပင်ဆိုစေ ကိုးလကျော်အကြာ သတင်းအစအနပျောက်ဆုံးနေသော တင်းမကျေးရွာသားများ ဖမ်းဆီးခံရမှု အတွက် မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ခံမှုမရှိသည့် အခြေအနေသို့ ရောက်ရှိနေသည်။

ဖမ်းဆီးခံရသည့် ဆွေးမျိုးသားများအတွက် မိမိတို့၏ အသက်ရှင်သန်နေသရွှေ့ နည်းလမ်းပေါင်းစုံသုံးပြီး  တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသူများတွင် ဦးမောင်ကျော်ဝင်းလည်း ပါဝင်သည်။

ဖမ်းဆီးခံရသူများတွင် မွေးကတည်းက စကားမပြောတက်သူ အသက် ၂၅ နှစ်အရွယ် သားအတွက် မည်သည့် သတင်းမှမကြားရ၍ အထူးစိုးရိမ်မိကြောင်း ဦးမောင်ကျော်ဝင်းက ဆိုသည်။

“ဟိုဖက်ကိုလည်း တိုင်လို့မရ၊ ဒီဖက်ကိုလည်း တိုင်လို့မရဘူးဆိုတော့ အာဏာရှိတဲ့လူ တစ်ယောက်မှမရှိတော့ ဘူးပေါ့။ ဒီတိုင်းသာဆိုရင် တင်းမကိစ္စက လုံးဝပျောက်သွားနိုင်တယ်” ဟု ဉီးမောင်ကျော်ဝင်းက ပြောသည်။

ဗီဒီယိုများ