ဘယ်အချိန် “ဝ” လုံး စရေးကြမလဲ

ဖွံ့ဖြိုးနယ်ပယ် ၅ ခုမှာ (၁) ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု(Physical Development) ၊ (၂) ဉာဏဖွံ့ဖြိုးမှု (Cognitve Development)၊ (၃) စာရိတ္တဖွံ့ဖြိုးမှု (Ethic Development) ၊ (၄) လူမှုဖွံ့ဖြိုးမှု (Social Development)နှင့် (၅) စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု (Emotional Development)တို့ ဖြစ်သည်။ မူလတန်းပညာရေးအတွက် ကြိုတင်ပြင်ဆင်ပေးခြင်းလည်း ဖြစ်ပေသည်။ မူကြိုကျောင်းများကို ပညာရေး ဝန်ကြီးဌာနအောက်တွင်မထားရှိဘဲ လူမူကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်တွင်သာ ထားရှိသည်။

By အောင်ငြိမ်းဇော် (မြောက်ဦး) 25 Oct 2021

DMG ၊ အောက်တိုဘာ ၂၅

(ဆောင်းပါး)

ယနေ့ခေတ်သည် ပညာခေတ်ဆိုသည်ကို အားလုံးလက်ခံထားကြပြီးဖြစ်မည်။ နိုင်ငံတကာပညာရေးဖြစ်စဉ်များ တိုးတက်ပြောင်းလဲမှုမြန်ဆန်လွန်းလှ၍ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် ပညာရေးပြုပြင်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ် လုပ်နေကြရသည်။ လက်ရှိသုံးနေသော ပညာရေးစနစ်များက ပညာခေတ်၏တောင်းဆိုမှုကို အလုံအလောက် ဖြည့်ဆည်းမပေးနိုင်သေးဟု သုံးသပ်ကြသည်ကိုတွေ့ရှိရသည်။

“ပညာရေးဆိုတာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကမောင်းနှင်အား(Engine)ပဲဖြစ်တယ်”ဟု တောင်အာဖရိကနိုင်ငံ၏ ပထမဆုံး အာဖရိကန်နွယ်ဖွား သမ္မတနယ်လ်ဆင်မင်ဒဲလားက ပြောခဲ့သကဲ့သို့ အခြားနိုင်ငံရေး၊ လူမူရေးပညာရှင် တို့ကလည်း ပညာရေး၏အရေးပါပုံကို ပုံစံအမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ ထိုကြောင့် နိုင်ငံတိုင်းတွင် လူသား အရင်းအမြစ်များ ဖွံဖြိုးရေးအတွက် ပညာရေးအပေါ် ပိုမိုရင်းနှီးမြုပ်နှံလာကြသည်။ အစဉ်အလာအရ နိုင်ငံအများစုတွင် ရွေးချယ်စရာ ကျောင်းအမျိုုးအစား ၃ မျိုးသာရှိပေသည်။ ၎င်းတို့မှာ - (၁) အစိုးရကျောင်း (Public School) ၊ (၂) ပုဂ္ဂလိကကျောင်း (Private School)နှင့် (၃) သာသနာပြုကျောင်း (Parochial School)တို့ ဖြစ်ကြသည်။

ဤကျောင်းများသည် အခြေခံပညာရေးအတွက် အဓိကမောင်းနှင်အားများ ဖြစ်သည်။ အခြေခံပညာရေးကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းဟူ၍ သမားရိုးကျခွဲခြားကြသည်။ ယခုလက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော KG + 12 ပညာရေးစနစ်အရဆိုလျှင် KG (Kindergarten)အပါအဝင် မူလတန်း ၆ နှစ်၊ အလယ်တန်း ၄ နှစ်၊ အထက်တန်း ၃ နှစ်ဟူ၍ ပိုင်းခြားထားသည်။

အောက်ခြေလွတ်သော မြန်မာနိုင်ငံပညာရေး

လက်ရှိမြန်မာနိုင်ငံပညာရေးစနစ်အရ အခြေခံပညာမှ သင်ကြားရေး ဆရာ၊ ဆရာမများကို မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြဟု အဆင့်နိမ့်မြင့်သတ်မှတ်ထားပြီး ခံစားခွင့်လစာနှုန်းထားမှာလည်း ကွာဟချက် ရှိပေသည်။ သို့ဖြစ်၍ ဆရာ၊ ဆရာမအများစုမှာ ခံစားခွင့်လစာ ပိုမိုရရှိရန်နှင့် ဂုဏ်သိက္ခာ ပိုမိုမြင့်မားသည်ဟု ယူဆလျက် မူလတန်းပြမှ အလယ်တန်းပြ၊ အလယ်တန်းပြမှ အထက်တန်းပြသို့ ရာထူးမြင့်မားရေးကိုသာ အာရုံစိုက်လာကြသည်မှာ အပြစ်ဆိုဖွယ်မရှိပါ။

တိကျသည့်မူဝါဒမရှိဘဲ ကျောင်းအဆင့်တိုးမြှင့်မှုများ  ပြုလုပ်လာသည့်အတွက် အခြေခံပညာ ဆရာ၊ ဆရာမ လိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိသည်။ အကျိုးဆက်မှာ အခြေခံပညာမူလတန်းတွင် ကျွမ်းကျင်ဆရာ၊ ဆရာမများ ရှားပါးလာခြင်းဖြစ်သည်။ ပို၍အထိနာစေသည်မှာ KG နှင့် သူငယ်တန်းတို့တွင် ကလေးစိတ်ပညာကို နားလည်သော ကန့်ကူလက်လှည့်ဆရာ၊ ဆရာမကောင်းများ ဆုံးရှုံးသွားခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း လေ့ကျင့်ရည်ပြည့်ဝပြီး၊ ရင်းနှီးမြုပ်နှံထားပြီးဖြစ်သည့် မူလတန်းပြဆရာ၊ ဆရာမများ ရှားပါးလာခြင်း ဖြစ်သည်။ ၂၀၁၆ - ၂၀၂၁ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းတွင် ဆရာ၊ ဆရာမများကို ရာထူး ခန့်ထားရေးနှင့် လစာနှုန်းထားပြုပြင်ပြောင်းလဲမှုများပါရှိသော်လည်း ကျန်းမာရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှု တို့ကြောင့် အသက်မဝင်လာနိုင်သေးပါ။

မူကြိုပညာရေး

မြန်မာနိုင်ငံပညာရေးစနစ်အရ အသက် ၅ နှစ်ပြည့်ပြီးသော ကလေးများသည် KG(Kindergarten)အတန်းကို ဦးစွာ တက်ရောက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာတို့တွင် မူလတန်းတက်ရောက်ကြမည့် ကလေးများအတွက် မူကြိုပညာရေးစနစ် ထားရှိကြသည်။ ပညာရေးကိုအလေးထားသည့် နိုင်ငံအချို့တွင် မူကြိုပညာရေးကို မသင်မနေရပညာရေးအဖြစ် သတ်မှတ်ထားကြသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံတွင်ကား မသင်မနေရအဖြစ် သတ်မှတ်ထားခြင်းမရှိပါ။  မူကြိုပညာရေးဆိုသည်မှာ အသက် ၃ နှစ်မှ ၅ နှစ်ထိ ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ(Physical)၊ စိတ်ပိုင်းဆိုင်ရာ(Mental)နှင့် စိတ်ခံစားမှုဆိုင်ရာ(Emotionally) ဖွံ့ဖြိုးမှုများနှင့် အပြုသဘောဆောင်သော အလေ့အထများရရှိအောင် ပျိုးထောင်ပေးရေးဖြစ်သည်။ အဓိကအားဖြင့် ဖွံ့ဖြိုးမှုနယ်ပယ် ၅ ခု ဖွံ့ဖြိုးရန် သင်ယူစရာများကို ECCD(Early Childhood Care and Development) အနှစ်သာရဖြင့် သင်ယူစေခြင်းဖြစ်သည်။

ဖွံ့ဖြိုးနယ်ပယ် ၅ ခုမှာ (၁) ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု(Physical Development) ၊ (၂) ဉာဏဖွံ့ဖြိုးမှု (Cognitve Development)၊ (၃) စာရိတ္တဖွံ့ဖြိုးမှု (Ethic Development) ၊ (၄) လူမှုဖွံ့ဖြိုးမှု (Social Development)နှင့် (၅) စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု (Emotional Development)တို့ ဖြစ်သည်။ မူလတန်းပညာရေးအတွက် ကြိုတင်ပြင်ဆင်ပေးခြင်းလည်း ဖြစ်ပေသည်။ မူကြိုကျောင်းများကို ပညာရေး ဝန်ကြီးဌာနအောက်တွင်မထားရှိဘဲ လူမူကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်တွင်သာ ထားရှိသည်။

မူကြိုပညာရေး စတင်ပေါ်ပေါက်လာပုံ

မူကြိုပညာရေး သဘောတရားမှာ ၁၅ ရာစုလောက်ကပင် စတင်ခဲ့ပြီးဖြစ်သည်။ ထိုအချိန်က စာတတ်မြောက်သူ ဦးရေနည်းလှပေရာ ကလေးအရွယ်ကတည်းကပင် ပညာသင်ကြားပေးသင့်သည်ဟူသော သဘောတရားကို မာတင်လူသာ (Martin Luther 1483–1546)က စတင်ခဲ့သည်။ ပထမဦးဆုံး မူကြိုကျောင်းကို ဂျာမန်ပညာရေး သုတေသနပညာရှင် ဖရိုဘယ်(Friedrich Froebel 1782–1852)က ဂျာမနီနိုင်ငံ၊ Brandenburg မြို့တွင် ၁၈၄၀ ခုနှစ်မှာတည်ထောင်ခဲ့သည်။ ယနေ့ထိခေတ်မီနေဆဲဖြစ်သော ကစားဖြင့် သင်ယူခြင်းသဘောတရားကို ဖော်ထုတ်ခဲ့ သူလည်းဖြစ်ပေသည်။  ပညာရေးတွင် အကျိုးကျေးဇူးများပြားသည့်အတွက် နောက်ပိုင်း မူကြိုပညာရေးကို နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာခဲ့ကြသည်ကိုတွေ့ရသည်။ ယနေ့ခေတ် မူကြိုပညာရေးတွင် ဂျွန်ဒူဝီ(John Dewey)၊ မာရီယာ မွန်တက်ဆိုရီ (Maria Montessori)၊ အဲရစ်ခ် အဲရစ်ခ်ဆန် (Erik Erikson)၊ ဂျီန်း ပီယာဂျေး(Jean Piaget)နှင့် လက်ဗ် ဗီဂေါ့စကီး (Lev Vygotsky)တို့၏ ပညာရေးအတွေးအမြင်များက ဖော်ဆောင်နေသည်။

မူကြိုပညာရေး၏ အရေးပါပုံ

“ကလေးသူငယ်များ၏ အစောပိုင်းကာလ (မွေးစမှ ၈ နှစ်အရွယ်)အတွင်း ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပံ့ပိုးမှုများရပါက ဖွံ့ဖြိုးအားနည်းသောကလေးများတွင်ပင် ဘဝတစ်လျှောက်လုံးအတွက်လိုအပ်သော အကျိုးကျေးဇူးများရရှိကြောင်းကို သုတေသနပြုလုပ်ချက်များအရ တွေ့ရှိရပါသည်”ဟု မြန်မာနိုင်ငံ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒတွင် ဖော်ပြပါရှိသည်ကို တွေ့ရသည်။

ရခိုင်ပြည် မူကြိုပညာရေး

အထက်တွင်တင်ပြခဲ့သကဲ့သို့ မူကြိုပညာရေးသည် ကလေးများ၏ နောက်ပိုင်းဘဝတစ်လျှောက်လုံး ပညာရေး၊ လူမူရေးတို့အတွက် လွန်စွာမှအကျိုးပြုလှသဖြင့် နိုင်ငံတကာတို့တွင် တွင်ကျယ်နေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် Myanmar Demographic Health Survey (MDHS 2015–2016) စစ်တမ်းအရ မူကြိုအရွယ် ကလေး ၈ သန်းကျော်ရှိသည့်အနက် ကလေး ၂၃ ရာခိုင်နှုန်းသာ မူကြိုပညာရေးရရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒတွင် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်၏ ၁၂ ရာခိုင်နှုန်းကို အသုံးပြုရန်ဖော်ပြထားသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်တွင် လေ့ကျင့်ပေးထားသော စွမ်းရည်ပြည့်ဝသည့် ဆရာ၊ ဆရာမများဖြင့် သင်ကြားပေးနေသည့် တစ်ထောင်ခန့်မျှသော မူကြိုကျောင်းများသည် တစ်နိုင်ငံလုံး အတိုင်းအတာအရ နည်းလွန်းလှပေသည်။

ပညာရေးဝန်ကြီးဌာနအောက်ရှိ အချို့သော အခြေခံပညာကျောင်း များတွင် မူကြိုကျောင်းများပူးတွဲထားရှိသည်ကို တွေ့ရသည်။ မြောက်ဦးမြိုပေါ်တွင်ဆိုလျှင် အထက်တန်းကျောင်း ၂ ကျောင်း၊ ထ(ခွဲ)ကျောင်း ၂ ကျောင်းနှင့် မူလွန်ကျောင်း ၂၀ ခန့်ရှိသည့်အနက် တောင်ရပ် မူလွန်ကျောင်း တစ်ကျောင်းတည်းတွင်သာ မူကြိုကျောင်း ပူးတွဲထားရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံပညာရေးစနစ်အရ အစိုးရအခြေခံပညာကျောင်းများတွင်ပင် မူဝါဒအမှားကြောင့် KG နှင့် သူငယ်တန်း များကို ကျွမ်းကျင်စွာသင်ကြားနိုင်သည့် ဝါရင့်ဆရာ၊ ဆရာမများ ရှားပါးလျက်ရှိသည်။ သို့ဖြစ်၍ များသောအားဖြင့် အခြေခံပညာမူလတန်းကျောင်းများတွင် မူလတန်းအောက်ဆင့်ကို ကျောင်းအုပ်ကြီးများကသာ တာဝန်ယူ သင်ကြားပေးကြရသည်ကိုတွေ့ရသည်။ ပညာရေးကိုလေ့လာသူ၊ နားလည်သူတိုင်း အောက်ခြေမူလတန်း ပညာရေးသည် မည်မျှအရေးကြီးကြောင်းကို သိရှိကြပေသည်။ မူလတန်းသင်ကြားရေးပညာ၊ အလယ်တန်း သင်ကြားရေးပညာနှင့် အထက်တန်းသင်ကြားရေးပညာတို့မှာ ကွာခြားသည့်အတွက် သက်ဆိုင်ရာအဆင့် သင်ကြားရေးကို အထူးပြုလေ့လာထားမှသာ သင်ကြားသင်ယူမှု အောင်မြင်မည်ဖြစ်သည်။

တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် စီးပွားဖွံ့ဖြိုးသည့် ပြည်နယ်နှင့်တိုင်းများတွင်သာ လူ/ကယ်/ပြန်ဌာန အသိအမှတ်ပြု ပုဂ္ဂလိကမူကြိုကျောင်းများ ထွန်းကားလျက်ရှိသည်။ ရခိုင်ပြည်သည် ၃ နှစ်အရွယ်ကလေးများ မူကြိုကျောင်း ထားနှှုန်းတွင် တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် အောက်ဆုံးတွင် ရပ်တည်လျက်ရှိသည်။ ရခိုင်ပြည်၏အိမ်နီးချင်း ချင်းပြည်နယ်၏ မူကြိုကျောင်းထားနှုန်းမှာ အမြင့်ဆုံးမဟုတ်သော်လည်း ရန်ကုန်တိုင်းနှင့် တန်းတူနီးပါးရှိသည်ကို တွေ့ရသည်။ အကြောင်းရင်းမှာ  ခရစ်ယာန်ဘာသာအခြေခံမူကြိုကျောင်းများ ထွန်းကားနေသောကြောင့် ဖြစ်သည်ကိုတွေ့ရှိရသည်။

ပုဂ္ဂလိကမူကြိုကျောင်းတစ်ကျောင်း တည်ထောင်ရန်မှာ ပညာပိုင်းဆိုင်ရာအရ အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအောင်ပြီး လူ/ကယ်/ပြန်ဌာနအသိအမှတ်ပြု ECCD သင်ကြားရေးလက်မှတ် လိုအပ်ပေသည်။ မကြာသေးမီနှစ်များက ဆရာ၊ဆရာမများမွေးထုတ်ရာ အဓိကတက္ကသိုလ်တစ်ခုဖြစ်သည့် ရန်ကုန်ပညာရေး တက္ကသိုလ်တွင် Diploma In Early Childhood Care And Development သင်တန်းဖွင့်လှစ်လာသည်ကို တွေ့ရသည်။ ရုပ်ပိုင်းဆိုင်ရာအရဆိုလျှင် ကျောင်းသားအရေအတွက် ၂၀ ဆိုလျှင် ပေ ၂၀ ပတ်လည်စာသင်ခန်း၊ သင်ကြားရေးအထောက်အကူပြု ကစားစရာပစ္စည်းများ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင် စသည်ဖြင့် လိုအပ်ချက်များရှိပေသည်။ ဤလိုအပ်ချက်များကြောင့် စီးပွားရေးနှင့် ပညာရေးနိမ့်ကျသည့် ရခိုင်ပြည်တွင် လူ/ကယ်/ပြန်ဌာန အသိအမှတ်ပြု ပုဂ္ဂလိကမူကြိုကျောင်းများ ရှားလှပါသည်။

ရခိုင်ပြည်ရှိမိဘများမှာ ဆင်းရဲနွမ်းပါး၍လည်းကောင်း၊ သားသမီးများပညာရေးကို စိတ်ဝင်စားမှုနည်းပါး၍လည်းကောင်း၊ မိဘများကိုယ်တိုင် ပညာရေးအသိ နိမ့်ကြ၍လည်းကောင်း မူကြိုပညာရေးမှာ နိမ့်ကျလျက်ရှိသည်။ မြို့ပေါ်ရှိပညာရေးကို စိတ်ဝင်စားသော အချို့မိဘများမှာလည်း  စနစ်တကျတည်ထောင်ထားသည့် မူကြိုကြောင်းများမရှိသာကြောင့် တက္ကသိုလ်ဝင်တန်းအောင်နှင့် ပညာရေးအဓိကမဟုတ်သည့် တခြားအထူးပြု ဘွဲ့ရများ ဖွင့်လှစ်သည့် စာရေးတတ်၊ ဖတ်တတ်အောင် သင်ကြားသော ကျူရှင်ကဲ့သို့ ကျောင်းများတွင်သာ ကေလးများကို အပ်နှံကြရသည်ကို တွေ့ရသည်။ ပြင်ပကြူရွင်၊ ဘော်ဒါ၊ ကိုယ်ပိုင်ကျောင်းတို့သည် စာမေးပွဲစနစ် ခြောက်လှန့်ခံရနေပြီး တစ်နှစ်အတွင်း အောင်မြင်မှုရလဒ်ကို ချပြနိုင်သည့် အထက်တန်းပညာရေးကိုသာ အာရုံစိုက်ကြရာ မူကြိုပညာရေးဖွံ့ဖြိုးရန်တွန်းအားမှာ နည်းပါးနေပေသည်။

ယခုအခါ ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် Winner International Preschool၊ ရွှေပျိုးခင်းနှင့် NELC(Sittwe) စသည်ဖြင့် အစိုးရအသိအမှတ်ပြု ပုဂ္ဂလိကမူကြိုကျောင်းများ ပေါ်ထွက်လာသည်ကိုတွေ့ရသည်။ သို့သော်လည်း ရခိုင်ပြည်လုံး အတိုင်းအတာဖြင့်ဆိုပါက မူကြိုကျောင်းများ အများကြီးလိုအပ်နေဆဲ ဖြစ်ပါသည်။

စနစ်တကျလေ့ကျင့်ထားပြီး စွမ်းရည်ပြည့်ဝသည့် ဆရာ၊ဆရာမများဖြင့် ဖွင့်လှစ်ထားသည့် မူကြိုကျောင်းများသည် ကလေးများအတွက် အကျိုးကျေးဇူးများစေသော်လည်း ဆန့်ကျင်ဘက်ကျောင်းများသည် အကျိုးကျေးဇူးနည်းပါးပြီး မလိုလားအပ်သော ဖွံ့ဖြိုးမှုဆိုင်ရာဖြစ်စဉ်များ ပေါ်ပေါက်ကောင်း ပေါ်ပေါက်စေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် အရည်အချင်းပြည့်ဝသော မူကြိုဆရာ၊ ဆရာမ ဟုတ်၊မဟုတ်ကို ECCD Diploma (သို့) Certificate ဖြင့် တိုင်းတာကြသည်။ သို့သော် ဘွဲ့လက်မှတ်၊ ဒီဂရီ၊ Certificate များဖြင့် အမှန်တကယ်အရည်အချင်း ရှိ၊ မရှိကို လုံလုံလောက်လောက်တိုင်းတာ၍ မရစကောင်းပေ။ မရှိသုံးအနေဖြင့် သုံးနေကြရခြင်းသာဖြစ်သည်။ မူကြိုပညာရေး သဘောတရား၊ ကလေးစိတ်ပညာနှင့် ဆရာ၊ ဆရာမ၏ သင်ကြားအတတ်ပညာတို့ အချိုးကျကျ ပေါင်းစပ်နိုင်မှသာ ထိရောက်သည့် မူကြိုပညာရေးကို ရရှိကြမည်ဖြစ်သည်။

အသက် ၅ နှစ်ပြည့်ပြီးမှ တက်ရောက်ခွင့်ရသည့် KG တန်းတွင်ပင် စာရေး၊ စာဖတ်တို့ကို ချက်ချင်းမသင်ကြားရဘဲ သတ်မှတ်ထားသည့် အချိန်အခါရောက်မှသာ တစ်ဆင့်ချင်းသင်ကြားကြရပေသည်။ ရခိုင်ပြည်ရှိ အသက် ၄ နှစ် ဝန်းကျင်ကလေးများကို သင်ကြားနေသည့် သက်ဆိုင်ရာအသိအမှတ်ပြု လက်မှတ်မရှိသည့် ကျူရှင်ပုံစံ ကျောင်းအများစုတွင် စာရေး၊ စာဖတ်ခြင်းကို အင်နှင့်အားနှင့် တွန်းတိုက်သင်ကြားနေကြသည်ကို တွေ့ရှိရသည်။ မိဘများမှာလည်း သူတို့၏ကလေးများ အရွယ်မတိုင်မီ အက္ခရာများကို ရေးတတ်၊ ဖတ်တတ်နေခြင်းကို လွန်စွာမှ ဂုဏ်ယူတတ်ကြသည်။

အရွယ်မတိုင်မီ စာရေး၊ စာဖတ်သင်ကြားခြင်းသည် စနစ်တကျမဟုတ်လျှင် ကလေးများ၏ နောက်ပိုင်းဘဝ ဖွံ့ဖြိုးမှု ဖြစ်စဉ်များကို ထိခိုက်နိုင်ကြောင်းသိရသည်။ ကလေးများသည် ကလေးများသာဖြစ်သည့်အတွက် ဆော့ကစားချိန် များများပေးသင့်ပါသည်။ မူကြိုကျောင်းများတွင် စာမသင်ဘူးလားဟုမေးလျှင် ကျောင်းဖြစ်သည့်အတွက် သင်ယူကြရပါသည်။ သို့သော် သင်ယူ၍ သင်ယူမှန်းမသိအောင် ECCD နည်းလမ်းများ သုံးပြီး စနစ်တကျ သင်ကြားပါသည်။ သို့ဖြစ်၍ မိဘများအနေဖြင့် အပြိုင်အဆိုင်ပြင်းထန်လွန်းသည့် ယခုခေတ်တွင် အသက် ၃ နှစ် ပြည့်ပြီးသည့် မိမိတို့၏ကလေးများကို ပညာသင်ကြားရန် အလောတကြီးမလုပ်ဘဲ သေသေချာချာ စဉ်းစားကြစေလို ပါသည်။ မိမိတို့၏ ရင်သွေးကလေးငယ်များ မည်သည့်အချိန်တွင်၊ မည်သည့်နေရာမှာ ဝ လုံး စရေးသင့်သည်ကို ချင့်ချိန်နိုင်ကြစေလိုပါသည်။

အောင်ငြိမ်းဇော်(မြောက်ဦး) ရေးသားသည်။

ဗီဒီယိုများ