၂၀၂၀ ရွေးကောက်ပွဲသည် ရခိုင်ပြည်တွင်း တရားနည်းလမ်းကျမှုအကျပ်အတည်းကို ပိုဆိုးရွားစေလိမ့်မည်

နိုင်ငံရေးအကျိုးစီးပွားအားဖြင့်ဆိုလျှင် အစိုးရနှင့် တပ်မတော် နှစ်ခုစလုံးအနေဖြင့် ရခိုင်ဒေသ၌ ရွေးကောက်ပွဲမကျင်းပဖြစ်လေ ပိုကောင်းလေဟူသော စဉ်းစားချက်မျိုးကို ဖြစ်စေပေလိမ့်မည်။

01 Nov 2020

By ကျော်လင်း | DMG 

နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲ လုံး၀ ဖျက်သိမ်းကြောင်းနှင့် တခြားမြို့နယ် ၄ ခု၏ အစိတ်အပိုင်းများကိုလည်း ဖျက်သိမ်းကြောင်းတို့ ကြေငြာခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်ချက်မှာ အစိုးရနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၏ အကြံပြုချက်များအပေါ် အခြေခံလုပ်ဆောင်ခြင်းဟု ဆိုသော်လည်း များစွာသော နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ထိုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းမှာ မည်မျှအတိုင်းအတာထိ လွတ်လပ်စွာ လုပ်ဆောင်ခဲ့သလဲ ဆိုသည်ကို မေးခွန်းထုတ်နေကြသည်။ 

ရွေးကောက်ပွဲ ဖျက်သိမ်းခြင်းခံရသည့် နယ်မြေများထဲတွင် ပေါက်တော၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဘူးသီးတောင်နှင့် မောင်တောကဲ့သို့ လက်နက်ကိုင်တိုက်ပွဲများဖြစ်ခဲသော ဒေသများလည်း ပါဝင်နေပေသည်။ တခြားတဖက်၌ နိုင်ဝင်ဘာ ၂၈ ရက်နေ့ ကြေညာချက်တွင် လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လေ့ရှိသော ပလက်ဝဒေသ၏ နေရာအများစုအား ဖျက်သိမ်းထားသော်လည်း ရွေးကောက်ပွဲအား ဖြစ်အောင်ကျင်းပလိုသည့် သဘောလည်း ဖြစ်နေပြန်သည်။ 

အခြေခံအားဖြင့် ရွေးကောက်ပွဲဖြစ်မြောက်ရန် လုပ်ဆောင်နိုင်သော အခြေအနေ (capacity)နှင့် နိုင်ငံရေးစိတ်ဆန္ဒ (political will) ဟူသော အကြောင်းတရား (၂) ရပ်လိုအပ်ပေသည်။ လုပ်ဆောင်နိုင်သော အခြေအနေဆိုသည်မှာ ရွေးကောက်ပွဲမကျင်းပမီ၊ ကျင်းပနေစဉ်နှင့် ကျင်းပပြီးနောက် အခြေအနေများဖြစ်သော မဲစာရင်းများကို သေချာစွာကောက်ခံနိုင်မှု၊ လွှတ်တော်အမတ်လောင်းများနှင့် နိုင်ငံရေးပါတီများမှ လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်မူ၊ မဲရုံများ၏ လုံခြုံမှု၊ မဲပြားများအား ဘက်လိုက်မူကင်းစွာ ရေတွက်နိုင်မူ စသည်တို့ ပါဝင်သည်။ ရခိုင်ပြည်နယ်မြောက်ဘက် ဒေသအများအပြားတွင် မြို့တွင်းနေရာများမှလွဲ၍ ထိုကဲ့သို့ ကိစ္စရပ်များအား လွတ်လပ်မျှတစွာ လုပ်ဆောင်နိုင်စွမ်းမှာ အလွန်ပင် အားနည်းနေပေသည်။

သို့သော် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ခဲလှသော အထက်ဖော်ပြပါ မြို့နယ် ၆ ခုတွင် ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ခြင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်သော အခြေအနေများ ကင်းမဲ့ခြင်းဆိုသည်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကျင်းပလိုသော နိုင်ငံရေးစိတ်ဆန္ဒ ကင်းမဲခြင်းကြောင့်ပင် ဖြစ်ပေသည်။ နိုင်ငံရေးစိတ်ဆန္ဒဆိုသည်မှာ အစိုးရ (သို့) အစိုးရ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မူဝါဒတစ်ခု (သို့) လုပ်ဆောင်ချက်တစ်ခုအား နိုင်ငံရေးရည်ရွယ်ချက် (သို့) စိတ်ဆန္ဒဖြင့် လုပ်ဆောင်လိုခြင်းကို ဆိုလိုပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ ပုဒ်မ ၁၀ (စ) အရ ရွေးကောက်ပွဲအား ဖျက်သိမ်းခြင်း (သို့) ရပ်ဆိုင်းခြင်းအား ဥပဒေပိုင်းဆိုင်ရာ အာဏာ (legal authority) ရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့် တပ်မတော်တို့အနေဖြင့် သွယ်ဝိုက်သော နိုင်ငံရေးလွှမ်းမိုးမူ (informal political influence) ရှိနိုင်ပေသည်။ ထို့ကြောင့် ရွေးကောက်ပွဲဖျက်သိမ်းလိုက်ခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့် တပ်မတော်တို့၏ ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲကျင်းပရန် နိုင်ငံရေးစိတ်ဆန္ဒကင်းမဲ့မူကြောင့်လား ဟူသော မေးခွန်းကိုလည်း ဖြစ်စေပါသည်။

ကိုယ်ကျင့်သိက္ခာဆိုင်ရာ အမြင်မှကြည့်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် ဒီမိုကရေစီအစိုးရပီပီ တနိုင်ငံလုံးတွင် ရွေးကောက်ပွဲဖြစ်မြောက်ခြင်းကို လိုလားနိုင်သော်လည်း တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်၌ ပိုမိုထိရောက်သောအုပ်ချုပ်မူ (၂၀၁၅ တွင် ကိုးကန့်ဒေသ၌ အစိုးရမှ တပ်မတော်အား ပေးအပ်ခဲ့သော အာဏာအတိုင်းအဆပုံစံမျိုး) တစ်ခုကို စိတ်ဝင်စားနေပေသည်။ သို့သော် နိုင်ငံရေးအကျိုးစီးပွားအားဖြင့်ဆိုလျှင် အစိုးရနှင့် တပ်မတော် နှစ်ခုစလုံးအနေဖြင့် ရခိုင်ဒေသ၌ ရွေးကောက်ပွဲမကျင်းပဖြစ်လေ ပိုကောင်းလေဟူသော စဉ်းစားချက်မျိုးကို ဖြစ်စေပေလိမ့်မည်။ ရခိုင်အမျိုးသားပါတီကဲ့သို့သော တိုင်းရင်းလူမျိုးပါတီများအနေဖြင့် လွတ်တော်ထဲ၌ အင်အားနည်းလေ (သို့) မရှိလေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက် ၂၀၂၀ အလွန် သမ္မတရွေးချယ်တင်မြှောက်ရာတွင် အခွင့်သာလေဖြစ်ပြီး၊ ၎င်းအနေဖြင့် တထီးတည်း အင်အားကောင်းသောပါတီအဖြစ် ပို၍ခိုင်မာစွာ ရပ်တည်နိုင်ပေလိမ့်မည်။ တပ်မတော်အနေဖြင့် ဆိုလျှင်လည်း ရွေးကောက်ခံ လွှတ်တော်အမတ်နေရာ ကျဆင်းလေ၊ လွှတ်တော်ထဲ၌ တပ်မတော်သား အမတ်များ၏ လွှမ်းမိုးမူအာဏာ ပိုကြီးထွားလာလေဟု အဓိပ္ပာယ်ရနေပေသည်။

ယခုကဲ့သို့ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ခြင်းကြောင့် ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော်သား လွှတ်တော်အမတ်များပေါင်းလျှင် ရခိုင်အခြေပြုပါတီများထက် ပိုကြီးသော အင်အားစု ဖြစ်လာနိုင်ပေသည်။ ရခိုင်ပြည်နယ်လွှတ်တော်၌ ရခိုင်ပါတီကိုယ်စားပြုအမတ် အားနည်းသွားခြင်းမှာ အစိုးရနှင့် တပ်မတော်တို့၏ ညံ့ဖျင်းသော လုပ်ဆောင်မူ၊ အကျင့်ပျက်ခြစားမူ၊ လူ့အခွင့်အရေး ချိုးဖောက်မူ၊ စစ်ရာဇဝတ်မူများနှင့်ပတ်သက်၍ ဝေဖန်ထောက်ပြမည့်သူများ လျှော့နည်းသွားခြင်းလည်း ဖြစ်ပေသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်နှင့် ရခိုင်အမျိုးသားပါတီကဲ့သို့သော ရခိုင်အခြေပြုပါတီများအနေဖြင့် ရခိုင်ပြည်နယ်တဝှမ်းလုံးတွင် ရွေးကောက်ပွဲဖြစ်စေလိုသည့် နိုင်ငံရေးစိတ်ဆန္ဒကို ဖော်ပြထားနှင့်ပြီးဟု ဆိုနိုင်ပေသည်။ ချင်းအမျိုးသားမီဒီယာတစ်ခုဖြစ်သော Chin Cable Network Channel (CCNC) နှင့် ဇူလှိုင် ၂၅ ရက်နေ့ အင်တာဗျူးတစ်ခုတွင် ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲလုပ်ဆောင်ရန် ကူညီပေးသွားမည်ဟု ပြောဆိုသွားခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁ ရက်နေ့မှသည် နိုင်ဝင်ဘာ ၉ ရက်နေ့ (ရွေးကောက်ပွဲပြီးသည်) ထိလည်း တခြားမဟာမိတ်နှစ်ဖွဲ့နှင့်အတူ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းကို ကြေညာထားခဲ့သည်။ (သို့သော် တောင်ကုတ်မြို့နယ် NLD လွတ်တော်အမတ် ၃ ဦးအား အေအေက ဖမ်းဆီးထားခြင်းသည် ၎င်းအနေဖြင့် ရခိုင်တောင်ဘက်ဒေများတွင် ရွေးကောက်ပွဲကို မဖြစ်မြောက်လိုခြင်းကြောင့်လားဟု မေးစရာလည်း ရှိနေပေသည်။)

ရခိုင်အခြေပြုပါတီများဖြစ်သော ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်ဦးဆောင်ပါတီတို့ အနေဖြင့်လည်း ရွေးကောက်ပွဲဖြစ်မြောက်ရန် နိုင်ငံရေးစိတ်ဆန္ဒဖြင့် မဲဆွယ်စည်းရုံးမူတချို့ကို လုပ်ဆောင်နေသည်ကိုလည်း တွေ့ရပေသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်၊ နေရာအများစု၌ ရွေးကောက်ပွဲများ ဖျက်သိမ်းခံရခြင်းမှာ အစိုးရအာဏာပိုင်များနှင့် ၎င်းတို့၏ အစိတ်အပိုင်းများမှ နိုင်ငံရေးစိတ်ဆန္ဒ ကင်းမဲ့ခြင်းကြောင့်ပင် ဖြစ်ပေသည်။ အကယ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရခိုင်မြောက်ဘက်ဒေသတချို့တွင် ပလက်ဝဒေသကဲ့သို့ ရွေးကောက်ပွဲကျင်းပလိုသော နိုင်ငံရေးစိတ်ဆန္ဒရှိပါက ထိုကဲ့သို့ ဖျက်သိမ်းခြင်း ပြုလိမ့်မည် မဟုတ်ပေ။

ဝီဘာနိုင်ငံတော်အယူအဆနှင့် ရခိုင်ပြည်နယ်၌ တရားနည်းလမ်းကျမူ၏ အရေးပါမူ

၁၉ ရာစု လူမူဗေဒပညာရှင်တစ်ယောက်ဖြစ်သူ မက်(စ်)ဝီဘာ (Max Weber) ၏ အယူအဆအရ “နိုင်ငံတော်ဟူသည်မှာ နယ်မြေတစ်ခုအတွင်း ရုပ်ပိုင်းဆိုင်ရာအင်အားကို တရားနည်းလမ်းကျမူဖြင့် ကျင့်သုံးပိုင်ခွင့်ရှိသော တစ်ခုတည်းသော လူ့အသိုင်းအဝိုင်းဖြစ်သည်” ဟု ဆိုပါသည်။ နိုင်ငံတော်တစ်ခု၏ အရေးကြီးသော အစိတ်အပိုင်းလေးခုဖြစ်သည့် တစ်ခုတည်းသောအာဏာ (monopoly)၊ တရားနည်းလမ်းကျမူ (legitimacy)၊ အင်အား (force) နှင့် နယ်မြေ (territory) စသည့်တို့အနက် တရားနည်းလမ်ကျမူမှာ အရေးကြီးလွန်းသော အကြောင်းအရာ တစ်ရပ်လည်း ဖြစ်ပေသည်။ သို့သော် ၁၉၄၈ လွတ်လပ်ရေးရပြီးမှသည် ယနေ့ ဒေါ်အောင်ဆန်းစုကြည် သွယ်ဝိုက်ဦးဆောင်သော အစိုးရထိ အစိုးရအဆက်ဆက်၏ အားနည်းချက်မှာ ရခိုင်ပြည်နယ်၌ တရားနည်းလမ်းကျမှု ပြဿနာပင်ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ရွေးကောက်ပွဲများဖြစ်သော ၁၉၅၂၊ ၁၉၅၆၊ ၁၉၆၀၊ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅ စသည့် ရွေးကောက်ပွဲတိုင်းတွင် ရခိုင်အခြေပြုပါတီများမှ အများစုအနိုင်ရရှိခဲ့သော်လည်း ပြည်နယ် (သို့) ဒေသအစိုးရအား မည်သည့်အခါမျှ ဖွဲ့ခွင့်မရှိခဲ့ပေ။

သို့သော် နိုင်ငံ့တခြားသော လူမျိုးများ၊ ပြည်နယ်များနှင့် ကွဲပြားစွာပင် ရခိုင်ပြည်နယ်၌ ၁၉၈၀ အလွန်နှစ်များကတည်းက (တပ်မတော်မှ အဖြူရောင်နယ်မြေဟု ခေါ်နေသော) အသိအမှတ်ပြုလောက်သော တည်ငြိမ်မူ (သို့) အနုတ်သဘော ငြိမ်းချမ်းရေး (negative peace) ရှိနေခဲ့ပေသည်။ သို့သော် ထိုကဲ့သို့ အခြေအနေဖြစ်နေခဲ့ခြင်းမှာ အစိုးရ (သို့) အုပ်ချုပ်သည့်စနစ်အား လူထုထောက်ခံသောကြောင့် မဟုတ်ဘဲ အာဏာပိုင်များမှ လွန်ကဲသော အာဏာများကို မင်းဆိုးမင်းညစ်ဆန်ဆန် အသုံးပြုပြီး လူထုကို ဖိနှိပ်အုပ်ချုပ်ခဲ့သောကြောင့်သာ ဖြစ်ပေသည်။

တရားနည်းလမ်းကျမူ ဟူသည်မှာ အုပ်ချုပ်မူစနစ် (သို့) နိုင်ငံရေးစနစ် (သို့) အစိုးရတစ်ရပ်အား လူထုမှ လှိုက်လှဲစွာ ထောက်ခံမူ၊ လက်ခံမူကို ဆိုလိုပေသည်။ ဝီဘာအနေဖြင့် တရားနည်းလမ်းကျမူကို မိရိုးဖလာ တရားနည်းလမ်းကျမှု (traditional legitimacy)၊ တွေးခေါ်ကျင့်ကြံမူဆိုင်ရာ တရားနည်းလမ်းကျမှု (charismatic legitimacy) နှင့် ဥပဒေစည်းမျည်းအရ တရားနည်းလမ်းကျမှု (legal-rational legitimacy) ဟူ၍ ၃ မျိုးသတ်မှတ်သော်လည်း ထင်ရှားသော အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ် ဖူကူယားမား အနေဖြင့် ပို၍ခေတ်မီစေရန် ရွေးကောက်ပွဲဆိုင်ရာ တရားနည်းလမ်းကျမူ (electoral legitimacy) နှင့် လုပ်ဆောင်နိုင်စွမ်းဆိုင်ရာ တရားနည်းလမ်းကျမူ (performance legitimacy) ဟူ၍ ၂ မျိုးသာ သတ်မှတ်ပေသည်။ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (Fund For Peace) ၏ ၂၀၂၀ သတ်မှတ်ချက်အရ မြန်မာနိုင်ငံသည် ပြိုကွဲလွယ်သော နိုင်ငံများအညွန်း (Fragile State Index) တွင် တစ်ကမ္ဘာလုံး ၁၇၈ နိုင်ငံထဲတွင် ၂၂ (အရေးပေါ်အဆင့်-Alert) အဖြစ် သတ်မှတ်ခံနေရပေသည်။ လွန်ခဲ့သော ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်သူအများစုမှ ရခိုင်အမျိုးသားပါတီအား မဲပေးခဲ့ကြသောကြောင့် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည်လည်း ရခိုင်ပြည်နယ်လွှတ်တော်ထဲတွင် အနည်းစုအနိုင်ရသော အုပ်စုသာဖြစ်ပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တင်မြှောက်ထားသော ဦးညီပု ဦးဆောင်သော ရခိုင်ပြည်နယ်အစိုးရသည်လည်း ရွေးကောက်ပွဲဆိုင်ရာ တရားနည်းလမ်းကျမူ ကင်းမဲ့ရုံမျှမက စီးပွားရေး၊ လူထုဆက်ဆံရေး၊ အုပ်ချုပ်မူ၊ စစ်ပြေးပြည်သူများအရေး စသည့်ကိစ္စရပ်များတွင်လည်း လုပ်ဆောင်နိုင်စွမ်းဆိုင်ရာ တရားနည်းလမ်းကျမူလည်း ကင်းမဲ့နေပေသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အစိုးရသည် တရားနည်းလမ်းကျမှု ကင်းမဲ့သော အစိုးရပင်ဖြစ်ပေသည်။

၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလအား မှန်းဆကြည့်လျှင် (ရခိုင်ပြည်နယ်ရွေးကောက်ပွဲစောင့်ကြည့်ရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ) မဲပေးခွင့်ရှိသူ ၃ ပုံ ၂ ပုံဖြစ်သော ၁ ဒသမ ၂ သန်းမှာ မဲပေးခွင့် ဆုံးရှုံးနေရသည်။ သည်ကိစ္စမှာ နောက်ဖြစ်ပေါ်လာမည့် ရခိုင်ပြည်နယ်အစိုးရနှင့် လွတ်တော်၏ တရားနည်းလမ်းကျမှုကို ပို၍အားနည်းစေရုံမျှမက ၂၀၂၀ အလွန်တွင် ဖြစ်ပေါ်လာမည့် နေပြည်တော်အစိုးရနှင့် ဗဟိုအဆင့်ရှိ လွတ်တော် ၂ ခုစလုံး၏ ရခိုင်ပြည်နယ်တွင်း တရားနည်းလမ်းကျမူကိုလည်း မေးခွန်းထုတ်စရာ ဖြစ်စေလိမ့်မည်။

လွန်ခဲ့သော ၂၀၁၆-၂၀၂၀ ကာလ ရခိုင်ပြည်သူအများစုမှ ရွေးကောက်တင်မြှောက်ထားသော ရခိုင်ပြည်နယ်လွှတ်တော်မှာ တစ်ခုတည်းသော တရားနည်းလမ်းကျသော အဖွဲ့အစည်းအဖြစ်ပြီး တချို့သော ဆုံးဖြတ်ချက်များကိုလည်း ချမှတ်နိုင်ခဲ့ပေသည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ထွက်ပေါ်လာမည့် ပြည်နယ်အစိုးရနှင့် လွှတ်တော်၊ နေပြည်တော်အစိုးရနှင့် လွှတ်တော် စသည်တို့ထဲတွင် တစ်ခုမျှ တရားနည်းလမ်းကျသော အဖွဲ့အဖြစ် ထွတ်ပေါ်လာလိမ့်မည် မဟုတ်ပေ။ တခြားတဖက်၌ လက်နက်ကိုင်နိုင်ငံရေးထဲတွင် ရက္ခိုင့်တပ်တော်အနေဖြင့် လူထုကြားထဲတွင် ခိုင်မာသော ထောက်ခံမူရရှိထားပြီး ရခိုင်ပြည်နယ်ထဲတွင် အစိုးရတပ်မတော်ထက်ပင် ပို၍ မြင့်မားသော တရားနည်းလမ်းကျမှုကို ပိုင်ဆိုင်ထားသည်ဟု ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်ပေသည်။ 

အနာဂတ်လားရာ

ရခိုင်ပြည်နယ် နေရာအနှံအပြားတွင် ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ခြင်းကြောင့် ပထမဆုံးအနေဖြင့် ဖြစ်လာနိုင်ခြေအရှိဆုံးမှာ ယခင်ထက်ပို၍ စစ်ဘောင်သွင်းခြင်းပင်ဖြစ်သည်။ တပ်မတော်အနေဖြင့် ယခင်ကတည်းက စစ်အုပ်ချုပ်ရေးပုံစံမျိုးကို လေသံပစ်ထားရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့် တပ်မတော်ကြားတွင် ရက္ခိုင်တပ်တော်အား တိုက်ခိုက်ချေမူန်းရေးနှင့် ပတ်သက်လာလျှင် အလွတ်သဘော (သို့) လူသိရှင်ကြား မချပြနိုင်သော သဘောတူညီမူတစ်ခု ရှိနိုင်ပေသည်။ ဒုတိယအနေဖြင့် ၂၀၁၆-၂၀၂၀ ကာလကဲ့သို့ တစ်ခုတည်း တရားနည်းလမ်းကျသော ပြည်နယ်လွှတ်တော်တစ်ခုလုံး ပျောက်ကွယ်သွားရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရမဖြစ်သော နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍမှာ ယခင်ကထက်ပို၍ အရေးပါလာနိုင်ပြီး ထိုမှတစ်ဆင့် လူထုလှုပ်ရှားမူများသို့ ဦးတည်လာနိုင်ပေသည်။

ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) မှ ရခိုင်ပြည်နယ်၌ လူထုဆန္ဒခံယူပွဲ တစ်ခုလုပ်ရန် လှုံ့ဆော်ထားသော်လည်း အဆိုပါ လှုပ်ရှားမူမှာ ပြည်သူများအားစည်းရုံးခြင်းနှင့် အရှိန်အဟုန် မြှင့်ခြင်းတို့ လုပ်ဆောင်ရန် လိုအပ်နေသေးပေသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အနေဖြင့်လည်း ပိုရဲရင့်သော ဆုံးဖြတ်ချက်များ ချမှတ်လာနိုင်ပြီး၊ မြို့ပေါ်နှင့် ရခိုင်ပြည်နယ် နေရာအနှံအပြားတွင်လည်း ၎င်း၏လွမ်းမိုးထိမ်းချုပ်မူကို တိုးမြှင့်လာနိုင်သလို အစိုးရ၏ တရားနည်းလမ်းမကျမူကို ပို၍ တွင်ကျယ်စွာ အသုံးပြုလာနိုင်ပေသည်။ ရခိုင်လူထုကလည်း ယေဘုယျအားဖြင့် အပြုသဘောဆန်စွာ တုန့်ပြန်ကြလိမ့်မည်။

ရခိုင်ပြည်နယ်၏ နိုင်ငံရေး အပြောင်းအလဲများမှာ ခန့်မှန်းရန် ခက်ခဲလှသော်လည်း အဆိုပါနိုင်ငံရေး အခင်းအကျင်းတစ်ခုလုံးမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်၊ ရခိုင်အမျိုးသားပါတီကဲ့သို့ တရားနည်းလမ်းကျသော အင်အားစုများ (legitimate actors) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော်ကဲ့သို့ အာဏာရှိသောအင်အားစုများ (powerful actors) ကြားတွင် ပွတ်တိုက်မူအဖြစ် အနှစ်ချုပ်နိုင်ပေသည်။ ထို့ကြောင့် ပဋိပက္ခအား လျှင်မြန်စွာအဆုံးသတ်နိုင်ရေးမှာ အဆိုပါအင်အားစုတစ်ခုခုမှ အာဏာနှင့် တရားနည်းလမ်းကျမူဟူသော အကြောင်းတရားနှစ်ခုအား လုံလောက်စွာ ပိုဆိုင်မူရှိမူအပေါ်တွင် မူတည်ပါသည်။

အကယ်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်အနေဖြင့် တပ်မတော်အား တိုက်ထုတ်ရန် အင်အားအလုံအလောက်ရှိပါက (သို့) မြန်မာအစိုးရအင်အားစုများ (အစိုးရနှင့် တပ်မတော်) မှ ရက္ခိုင့်တပ်တော်၊ ရခိုင်အမျိုးသားပါတီတို့ထက် ပိုလွန်သော တရားနည်းလမ်းကျမူ ရှိလာပါက ပဋိပက္ခ၏ ချိန်ခွင်လျှာမှာ လျှင်မြန်စွာပြောင်းလဲသွားနိုင်ပေသည်။ သို့သော် ရေတိုတွင် မည်သည့်အင်အားစုမျှ အဆိုပါအကြောင်းတရား နှစ်ခုကို သာလွန်စွာပိုဆိုင်နိုင်ခြေ မရှိနိုင်ပေရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ခုအား လျှင်မြန်စွာ ရှာဖွယ်ခြင်းသည်ပင် နှစ်ဖက်စလုံးအတွက် ပိုကောင်းသော အခြေအနေတစ်ခု ဖြစ်ဟန်ရှိပေသည်။

ကျော်လင်း သည် ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ၊ မဟာတန်းတက်ရောက်သင်ကြားနေသော ဘွဲ့လွန်ကျောင်းသားတစ်ဦးဖြစ်ပြီး အလွတ်တန်းနိုင်ငံရေးလေ့လာသုံးသပ်သူနှင့် Institute for Peace and Governance (iPG) ကိုတည်ထောင်သူတစ်ဦးလည်း ဖြစ်သည်။

ဗီဒီယိုများ