ရခိုင်ပြည် ပြန်လည်ထူထောင်ရေး ခရီးဘယ်လောက်ပေါက်နေပြီလဲ

မုန်တိုင်းသင့်ပြည်သူများ အမိုးအကာအောက်သို့ ရောက်ရှိနေကြပြီလား၊ ပြန်လည်ထူထောင်ရေး ဘယ်အဆင့်ထိရောက်နေပြီလဲ အခြေအနေများကို လူမှုကူညီရေးလှုပ်ရှားနေသူများနှင့် ဒေသခံများကို DMG က မေးမြန်းထားပါသည်။

By Admin 14 Jul 2023

ရခိုင်ပြည် ပြန်လည်ထူထောင်ရေး ခရီးဘယ်လောက်ပေါက်နေပြီလဲ

DMG (VOX POP)

ယနေ့ ဇူလိုင်လ ၁၄ ရက်သည် ရခိုင်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့မှု နှစ်လပြည့်သည့် နေ့ဖြစ်သည်။

နှစ်လတာအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ ၁၀ ရက်နေ့ ရခိုင်ခရီးစဉ်တွင် ပြောဆိုခဲ့သည်။

မြေပြင်အခြေအနေတွင် မုန်တိုင်းသင့်ဒေသများသို့ နိုင်ငံတကာနှင့် အရပ်ဘက်အဖွဲ့များက လွတ်လပ်စွာ သွားရောက်ကူညီခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်သည်။

လက်ရှိမှာ မုန်တိုင်းသင့်ပြည်သူများ အမိုးအကာအောက်သို့ ရောက်ရှိနေကြပြီလား၊ ပြန်လည်ထူထောင်ရေး ဘယ်အဆင့်ထိရောက်နေပြီလဲ အခြေအနေများကို လူမှုကူညီရေးလှုပ်ရှားနေသူများနှင့် ဒေသခံများကို DMG က မေးမြန်းထားပါသည်။

ကိုဘက္ကာ (လူမှုကူညီရေးလုပ်နေသူ၊ ရသေ့တောင်မြို့နယ်)

ရသေ့တောင်မှာက အပျက်အစီး အရမ်းများတယ်။ ရသေ့တောင်မြို့‌ပေါ်မှာ စစ်ဘေးရှောင်တွေလည်း အများကြီးရှိတယ်။ မြို့ခံတွေမှာဆိုလည်း အများကြီး ဆုံးရှုံးကြတယ်။ ဒါပေမယ့် အခုအထိ နေထိုင်စားသောက်ဖို့အတွက် အခက်အခဲ အများကြီး ရှိနေတုန်းပါ။ မြို့ပေါ်ကဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကတော့ အခုအချိန်အထိ အထောက်အပံ့တွေ သိပ်မရကြဘူး။ ဒါပေမယ့် မိုးတွင်းကာလဆိုတော့ ရှာကြံပြီး တာပေါ်လင်စတွေ ဝယ်ကြတယ်။ သွပ်မိုးခဲ့တဲ့အိမ်တွေကလည်း သွပ်ဝယ်ဖို့ငွေမရှိလို့ တာပေါ်လင်စဝယ်ပြီး အမိုးအကာလုပ်ကြတယ်။ အများစုတော့ အမိုးအကာအောက်ကို ရောက်နေကြပြီ။ ဒါပေမယ့် ထောက်ပံ့ကူညီမှုတွေနဲ့ မဟုတ်ဘူး။ ကိုယ်ထူကိုယ်ထ တတ်နိုင်တဲ့ဘက်က လုပ်ထားကြတာ။

(စစ်ကောင်စီ)ဘက်ကို ဒဲ့ပြောရမယ်ဆိုရင် မာမားတစ်ထုပ်ကိုတောင် အိမ်ထောင်စုခွဲပြီး ဝေပေးတဲ့အခြေအနေပေါ့။ သူတို့ဆီက အထောက်အပံ့အပြည့်အစုံ ဘယ်လိုမှ မရဘူး။ နောက်တစ်ခုက ကူညီကယ်ဆယ်ရေးတွေ ရောက်သင့်တဲ့နေရာကို မရောက်ဘူး။ ICRC အဖွဲ့၊ တခြား လူမှုရေးအဖွဲ့တွေကလည်း ကူညီပေးကြတာတော့ ရှိတယ်။ ဒါပေမယ့် လုံလောက်မှုတော့ ဘယ်လိုမှ မရှိဘူး။ မိုခါအလွန် နှစ်လရှိပြီ။ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး အခြေအနေက ၃၅ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။

ကိုကျော်ကျော်ခိုင် (လူမှုကူညီရေးလုပ်နေသူ၊ ပေါက်တောမြို့နယ်)

ပေါက်တောအခြေအနေက ကိုယ့်အားကိုယ်ကိုးပြီးတော့ ရပ်တည်နေကြတယ်။ သူတို့(စစ်ကောင်စီ)ဘက်က အဓိကလုပ်တာက လျှပ်စစ်မီးပဲရှိတယ်။ လျှပ်စစ်မီးက ဇူလိုင်လ (၅) ရက်နေ့လောက်က မြို့ပေါ်ရပ်ကွက်တွေ ရတယ်။ နယ်ဘက်တွေ မရသေးဘူး။ တခြား ကူညီပံ့ပိုးမှုအပိုင်းက မရှိဘူး။ အမိုးအကာအောက်ကို မရောက်သေးတဲ့ သူတွေလည်း ရှိသေးတယ်။ ပိုက်ဆံမရှိတဲ့သူတွေမှာ အများအားဖြင့် မိုးရေစိုစိုနဲ့ နေကြရတယ်။ စစ်ကောင်စီဘက်က အမိုးအကာနဲ့ ပတ်သက်လို့ ထောက်ပံ့ပေးတာ ကျနော်တို့ မကြားမိဘူး။ သူတို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကိုတော့ ထောက်ပံ့တာတွေကို တွေ့ရတယ်။

မမာလာဝင်း (ပိုးရွှီပြင်ကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

ရပ်ရွာတွေမှာတော့ အရမ်းအကျပ်အတည်းတွေ ကြုံနေကြတယ်။ ပျက်စီးမှုတွေ များတယ်။ ဥယျာဉ်ခင်းတွေလည်း အကုန်ပျက်စီးသွားတယ်။ အဲဒါကြောင့် သီးနှံတွေလည်း မထွက်တော့ဘူး။ ပြန်လည်ထူထောင်ရေးတောင် မလုပ်နိုင်ကြသေးဘူး။ လုပ်ဖို့က ငွေကြေးလိုအပ်တယ်။ အိမ်တွေကိုတောင် အမိုးအကာအတွက် ရွှေတွေကို ပေါင်နှံရောင်းချပြီး လုပ်နေကြတာ။ အိမ်ကို လုံးဝ ပြန်မလုပ်နိုင်သေးသူတွေလည်း ရှိသေးတယ်။ စစ်ကောင်စီဘက်ကတော့ ဆန်တစ်ခေါက် ကယ်ဆယ်ရေးပေးခဲ့တယ်။ မုန်တိုင်းမတိုက်ခင်က ကျမတို့ရွာကို အိန္ဒိယသုံးဘီးနဲ့ သွားလို့ရတယ်။ အခု လမ်းတွေ ပျက်စီးသွားတော့ သွားလို့မရတော့ဘူး။ လမ်းတွေပျက်သွားတော့ စက်လှေတွေနဲ့ ရေလမ်းကြောင်းက သွားနေရတယ်။

ကိုညီပု (ဖြူစင်မေတ္တာပရဟိတအသင်း၊ ကျောက်တော်မြို့)

ကျောက်တော်မြို့နယ်မှာ ၉၀ ရာခိုင်နှုန်းလောက်ကတော့ အမိုးအကာအောက်ကို ရောက်နေကြပြီ။ စားနပ်ရိက္ခာ ကယ်ဆယ်ရေးကတော့ ဝေးလံတဲ့နေရာတွေကို မရောက်တာအများကြီးရှိတယ်။ ကျောက်တော်မြို့ပေါ်မှာ လက်လုပ်လက်စားတွေက အခက်အခဲတွေ ဖြစ်နေကြတယ်။ ကယ်ဆယ်ရေးက ကျောက်တော်က စစ်ဘေးရှောင်တွေပဲရပြီးတော့ ကျန်တဲ့မြို့ပေါ်က လူတွေက ကယ်ဆယ်ရေး မရတာတွေ အများကြီး။ မိုခါနဲ့ ပတ်သက်လို့ ကူညီကယ်ဆယ်ရေးကတော့ ဘယ်သူမှ လုံလောက်အောင် မရကြဘူး။ အမိုးအကာလည်း လုံးဝ မလုပ်ရသေးတဲ့ လူတွေ ရှိသေးတယ်။ ကျနော်တို့အိမ်မှာတောင် နို့ဆီဗူးနဲ့ ဆန် (၅) ဗူးပဲ ရတယ်။ စားရေးသောက်ရေးကတော့ အခုအထိ အခက်အခဲ အကျပ်အတည်းနဲ့ ကြုံနေရတုန်း။ မြို့ပေါ်မှာ (၈၀) ရာခိုင်နှုန်းလောက် အခက်အခဲဖြစ်နေတာ ရှိသေးတယ်။ (စစ်ကောင်စီ)က အိမ်ထောင်စုတစ်စုကို သွပ်ပြား တစ်ချပ်စီ ပေးတယ်။ အဲဒါကို မဲစနစ်နဲ့ ခွဲပြီး မဲပေါက်တဲ့ အိမ်ထောင်စု သွပ်ပြား (၅) ချပ် စီရ တာရှိတယ်။ ပျက်စီးသွားတဲ့ သစ်ပင်တွေကိုလည်း ပြန်လည်စိုက်ပျိုးတာ အားနည်းနေပါသေးတယ်။

တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦး

မိုခါရဲ့သက်ရောက်မှုက အရမ်းကြီးတယ်။ မြန်မာနိုင်ငံမှာ နာဂစ်တိုက်ခတ်မှုပြီးတော့ ဒီမုန်တိုင်းက ဒုတိယအကြီးဆုံးလို့ ပြောလို့ရတယ်။ အခုဆိုရင် နှစ်လအတွင်းမှာ နိုင်ငံတကာအာရုံစိုက်မှုတွေ လျော့နည်းသွားတာ မြင်တယ်။ ကျမတို့ ရခိုင်လူထု အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေက အများကြီး လုပ်ဆောင်ရမယ်။ အသံထွက်ပေးရမယ်။ နိုင်ငံတကာကသိအောင်လုပ်ရမယ်။ စစ်တွေမြို့နယ်က တချို့ကျေးရွာတွေမှာ အရေးပေါ်စားနပ်ရိက္ခာတွေ လိုနေသေးတယ်။ လက်ရှိ မုန်တိုင်းပြီးလို့ နှစ်လကြာချိန်ဆိုတာဟာ ပြန်လည်ထူထောင်ရေးပိုင်းကို သွားနေရမယ့်ကာလဖြစ်နေပြီ။ အိမ်ဆောက်ပေးတာမျိုးတွေ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ပြန်လုပ်ပေးတာမျိုး။ ဒါပေမယ့် တချို့ကျေးရွာတွေမှာ အရေးပေါ်စားနပ်ရိက္ခာတွေ လိုအပ်နေသေးတယ်။ ရပ်ရွာတွေမှာ တနိုင်တပိုင် ကိုယ့်အိမ်တွေကို ပြန်ဆောက်ကြတာကို တွေ့ရတယ်။ တချို့တွေမှာ လုံးဝမတတ်နိုင်လို့ မဆောက်ရသေးတာတွေ ရှိတယ်။ စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ကို အခြေပြုပြီးတော့ နိုင်ငံရေး အမြတ်ထုတ်နေတာတွေကိုလည်း အများကြီးမြင်ရတယ်။ ပြန်လည်ထူထောင်ရေးကို သေသေချာချာနဲ့ ဆောင်ရွက်နေတာကို မတွေ့ရဘူး။ အပေါ်ယံလောက်ပဲ လုပ်ပြနေတဲ့ အနေအထားတွေကို မြင်တွေ့ရတယ်။ သူတို့(စစ်ကောင်စီ) ရဲ့ လှုပ်ရှားမှုတွေက ထိရောက်မှုမရှိသေးဘူး။

#R005

ဗီဒီယိုများ