အပစ်အခတ်ရပ်စဲရေး ဘယ်လောက်ထိ သက်တမ်းရှည်မှာလဲ

လက်ရှိအခြေအနေအရ အပစ်ရပ်ထားတယ်ဆိုပေမဲ့လည်း မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးမှုတွေကတော့ ဆက်တိုက်ဆိုသလို ရှိလာနေတဲ့အတွက် ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ်တချို့က ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အစုလိုက်အပြုံလိုက် နှုတ်ထွက်စာတင်နေကြတာကို ကြည့်ခြင်းအားဖြင့် စစ်ရေးတင်းမာမှုအရှိန်ဟာ ဆက်ရှိနေသေးတယ်လို့ သုံးသပ်လို့ရနိုင်ပါတယ်။

By Admin 10 Dec 2022

အပစ်အခတ်ရပ်စဲရေး ဘယ်လောက်ထိ သက်တမ်းရှည်မှာလဲ

DMG ၊ ဒီဇင်ဘာလ

(အယ်ဒီတာ့အာဘော်)

ယခုနှစ်အတွင်း မောင်တောဒေသကနေစပြီး တကျော့ပြန် ပြင်းထန်စွာဖြစ်ပွားခဲ့ကြတဲ့ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ရဲ့ တိုက်ပွဲတွေကတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး ယာယီရပ်နားထားကြပြီ ဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်း နှစ်ဘက်အပြန်အလှန် ဖမ်းဆီးမှုတွေ၊ တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့တာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ သောင်းနဲ့ချီရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၁၁၁)ဦးနဲ့ သေဆုံးသူ (၂၆)ဦးထိရှိခဲ့ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူ ၂၅၀ နီးပါး ရှိနေဆဲဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံထားရသူတွေ ပြန်လွတ်လာဖို့ အခြေအနေကောင်းတယ်လို့ ရက္ခိုင့်တပ်တော် ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက နိုဝင်ဘာလ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပေမဲ့လည်း ယနေ့အချိန်ထိတော့ ပြန်လည်လွတ်မြောက်လာကြတာကို မတွေ့ရသေးပါဘူး။

ပထမအကြိမ် တိုက်ပွဲပြင်းထန်စဉ်ကာလဖြစ်တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ် အောက်တိုဘာလကုန်ထိ ရခိုင်နဲ့ ပလက်ဝမှာ အရပ်သားသေဆုံးသူ ၃၀၈ ဦးထက်မနည်းရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၇၀၂ ဦးနဲ့ ပျောက်ဆုံးသူ ၂၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။

အဲဒီကာလအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သူ ၅၉၄ ဦးထက်မနည်းရှိကာ ရက္ခိုင့်တပ်တော်(AA)ဖက်က ဖမ်းဆီးခဲ့တဲ့အရေအတွက်မှာလည်း ၅၉ ဦးထက်မနည်းရှိခဲ့ပြီး စစ်ဘေးရှောင်ဦးရေမှာလည်း နှစ်သိန်း သုံးသောင်းကျော်အထိ မြင့်တက်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် အပစ်အခတ်ရပ်စဲရေး ၁ နှစ်ကျော်ကာလအတွင်းမှာ စစ်ဘေးရှောင်ဦးရေ တစ်သိန်းခွဲလောက် နေရပ်ပြန်နိုင်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

လက်ရှိမှာလည်း မစ္စတာဆာဆာကာဝါရဲ့ ဒုတိယအကြိမ် ကြားဝင်စေ့စပ်မှုကြောင့်ပဲ ယာယီအပစ်ခတ်ရပ်စဲ ထားကြတာလည်း ဖြစ်ပါတယ်။ ယခုအချိန်ထိ ရခိုင်နဲ့ ပလက်ဝမြို့နယ်အတွင်းမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ တစ်သိန်းနီးပါးအထိ ရှိနေဆဲဖြစ်ပါတယ်။

မြေပြင်အနေအထားကို ကြည့်ရသလောက် အပစ်ခတ်ရပ်စဲထားတယ်ဆိုပေမဲ့လည်း နှစ်ဖက်စစ်ရေးတင်းမာမှုဟာ လုံးဝလျော့ကျသွားတဲ့ အနေအထားမျိုးကိုတော့ မတွေ့ရသေးပါဘူး။

ရက္ခိုင့်တပ်တော်(AA) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကလည်း အပစ်ခတ်ရပ်စဲထားပေမဲ့ အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

လက်ရှိအခြေအနေအရ အပစ်ရပ်ထားတယ်ဆိုပေမဲ့လည်း မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးမှုတွေကတော့ ဆက်တိုက်ဆိုသလို ရှိလာနေတဲ့အတွက် ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ်တချို့က ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အစုလိုက်အပြုံလိုက် နှုတ်ထွက်စာတင်နေကြတာကို ကြည့်ခြင်းအားဖြင့် စစ်ရေးတင်းမာမှုအရှိန်ဟာ ဆက်ရှိနေသေးတယ်လို့ သုံးသပ်လို့ရနိုင်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကို အကြောင်းပြပြီး ပိတ်ဆို့ထားတဲ့ ရေလမ်း၊ ကုန်းလမ်းတွေကို စစ်ကောင်စီက ပြန်လည်ဖွင့်ပေးလိုက်တယ် ဆိုတာကလည်း ရခိုင်ပြည်သူတွေကို စေတနာထားတာထက် စစ်ကောင်စီရဲ့ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် စားနပ်ရိက္ခာအပါအဝင် တခြားသော ထောက်ပို့ပစ္စည်းများ သယ်ယူနိုင်ဖို့ အဓိကရည်ရွယ်ထားပုံရတယ်ဆိုတာကို ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက် ရိက္ခာသယ်ယူနေကြတဲ့ စစ်ယာဉ်တန်းတွေနဲ့ မြစ်ကြောင်းတွေတစ်လျှောက်စစ်ရေယာဉ်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

ယခုလို အပစ်အခတ်ရပ်စဲရေးဟာ ယာယီသာဖြစ်တယ်လို့ ပြောဆိုထားတဲ့အတွက် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသက ဒေသခံပြည်သူတွေအနေနဲ့ သတိကြီးကြီးထားပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ လိုအပ်ပါလိမ့်မယ်။

တစ်ဖက်မှာလည်း ယခုလို ယာယီအပစ်ခတ်ရပ်စဲရေး လုပ်ဆောင်ထားတာကြောင့် ဒေသခံပြည်သူတချို့ စပါးရိတ်သိမ်းခွင့် ရခဲ့ကြသလို ပိတ်ဆို့ထားတဲ့ ကုန်းလမ်းရေလမ်းတွေကို ပြန်လည်ဖွင့်ပေးခဲ့တဲ့အတွက် ကုန်စည်စီးဆင်းမှုအနည်းငယ် အဆင်ပြေချောမွေ့ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒါဟာ ဒေသတွင်းမှာ တည်ငြိမ်မှုရှိတဲ့ အခိုက်အတန့်အတွင်း ပြည်သူတွေရရှိလိုက်တဲ့ အကျိုးအမြတ် တစ်စွန်းတစ်စပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်ရဲ့ တော်လှန်ရေး၊ နိုင်ငံရေးရည်မှန်းချက်ကို အလွတ်သဘော အပစ်ခတ်ရပ်စဲထားရုံနဲ့ တားဆီးနိုင်မလားဆိုတာကလည်း စဉ်းစားစရာအချက်တစ်ခု ဖြစ်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရချိန်မှာ အနောက်ဘက်ဒေသ စစ်မျက်နှာတစ်ခုကို အပစ်ခတ်ရပ်စဲထားနိုင်တဲ့အတွက် အသက်ရှူနည်းနည်း ချောင်တဲ့သဘောလို့ မြင်ပါတယ်။

စစ်ဆိုတာ နိုင်ငံရေးရဲ့အဆက်လို့ ပြောစမှတ်ရှိကြပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ စားပွဲဝိုင်းထိုင် မဖြေရှင်းနိုင်ခဲ့ကြလို့ သွေးမြေကျရတဲ့ နောက်ဆက်တွဲစစ်ပွဲတွေ ဖြစ်လာကြရတာဖြစ်ပါတယ်။

ဒါကြောင့် ဘာနိုင်ငံရေးသဘောတူညီချက်မှ မပါတဲ့ အပစ်ခတ်ရပ်စဲရေးဆိုတာကတော့ အချိန်မရွေး ပျက်ပြယ်သွားနိုင်ပြီး လက်ရှိ ယာယီအပစ်အခတ်ရပ်စဲရေး ဆိုတာဟာလည်း သက်တမ်းဘယ်လောက်ရှည်မှာလဲ ဆိုတာကို ဆက်လက်စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်း ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားချိန်မှာ ဒေသခံပြည်သူတွေအနေနဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ကြရပြီး အကယ်၍ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်သာ ပျက်ပြယ်သွားခဲ့ရင် ပြည်သူတွေအနေနဲ့ ဒုက္ခပိုမိုကြုံတွေ့ရလာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုအပ်လိမ့်မယ်လို DMG က ရေးသားတင်ပြလိုက်ရပါတယ်။

ဗီဒီယိုများ