လူမှုကူညီရေးသမားတွေကို ဝန်းရံပေးကြပါ

တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ခံနေရတဲ့ စစ်ကောင်စီဟာ ဒဏ်ရာရထားတဲ့ ကျားတစ်ကောင်လိုအကြည့်နဲ့ ပြည်သူတွေကိုကြည့်နေပြီး လူစုလူဝေးရှိတဲ့ နေရာတွေနဲ့ ကျေးရွာတွေအတွင်း လက်နက်ကြီးတွေ ပစ်ခတ်တာမျိုးကိုလည်း လုပ်ဆောင်နေပါတယ်။ ဒဏ်ရာရသူတွေကို အချိန်မီဆေးကုသနိုင်ဖို့ လူမှုကူညီရေးသမားတွေက ပို့ဆောင်ပေးပေမဲ့လည်း ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေကို ကုန်းလမ်း၊ရေလမ်း ပိတ်ပင်ထားတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

By Admin 12 Nov 2022

လူမှုကူညီရေးသမားတွေကို ဝန်းရံပေးကြပါ

DMG ၊ နိုဝင်ဘာလ

အယ်ဒီတာ့အာဘော်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က စစ်တွေကမ်းခြေမှာ ရေကစားရင်း သေဆုံးသွားခဲ့ကြတဲ့ ကလေးသုံးယောက်ရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိဖို့အတွက် ပရဟိတအသင်းတွေအပါအဝင် လူမှုကူညီရေးလုပ်ဆောင်နေသူတွေက တစိုက်မတ်မတ် ရှာဖွေခဲ့ကြတဲ့အတွက် နောက်ဆုံးမှာတော့ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

အထူးသဖြင့် ရွှေရောင်မေတ္တာနဲ့ မေတ္တာရောင်ခြည် ပရဟိတအသင်းတွေဟာ နေ့၊ညမပြတ် ၅ ရက်လောက်အထိ ကြိုးစားရှာဖွေခဲ့လို့ ကလေးတွေရဲ့ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရခိုင်ပြည်နယ် စစ်ကောင်စီအနေနဲ့ အဲဒီဖြစ်စဉ်အပေါ် လျစ်လျူရှုခဲ့တာကြောင့် ပြည်သူတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ အမှန်တကယ်တော့ ရခိုင်ပြည်နယ်စစ်ကောင်စီဟာ ဒီဖြစ်စဉ်တစ်ခုတည်းကိုသာ လျစ်လျူရှုခဲ့တာ မဟုတ်ပါဘူး။ စစ်ဘေးရှောင်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဒဏ်ရာရရှိသွားကြသူတွေ စသည်ဖြင့် တခြား တခြားသော ကိစ္စရပ်တွေ အများအပြားကိုလည်း လျစ်လျူရှုထားတာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ မိမိတို့အာဏာတည်မြဲရေးကိုသာ အဓိကဦးတည်ထားပြီး ပြည်သူတွေဘက်ကို စာနာစိတ်ကင်းမဲ့စွာနဲ့ ကျောခိုင်းထားတယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေအတွက် အလှူခံတဲ့ လူမှုကူညီရေးအဖွဲ့တွေကို ခေါ်ယူသတိပေးတာမျိုး၊ ပြည်တွင်းနဲ့ နိုင်ငံတကာအသင်းအဖွဲ့တွေရဲ့ ခရီးသွားလာခွင့်တွေကို တားဆီး၊ကန့်သတ်တာမျိုး၊ ပရဟိတအသင်းအဖွဲ့ဝင်တွေကို ဖမ်းဆီး၊ တရားစွဲဆိုတာမျိုးတွေ လုပ်ဆောင်လာနေတာကို ယခုနောက်ပိုင်း တွေ့လာရပါတယ်။

ရခိုင်ဒေသမှာ တိုက်ပွဲတွေစတင်ပြင်းထန်ခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းက စစ်ဘေးရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို လူငယ်တွေဦးဆောင်ကြတဲ့ လူမှုကူညီရေးအဖွဲ့တွေကပဲ စတင်ပြီး ကူညီဆောင်ရွက် ခဲ့ကြတာလည်းဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း အစိုးရကပေးတဲ့ မလောက်ငှတဲ့ ထောက်ပံ့စရိတ်ကြောင့် လူမှုအသင်းအဖွဲ့တွေကပဲ ကူညီဆောင်ရွက်ပေးနေကြတာဟာ လက်ရှိအချိန်ထိပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ခံနေရတဲ့ စစ်ကောင်စီဟာ ဒဏ်ရာရထားတဲ့ ကျားတစ်ကောင်လိုအကြည့်နဲ့ ပြည်သူတွေကိုကြည့်နေပြီး လူစုလူဝေးရှိတဲ့ နေရာတွေနဲ့ ကျေးရွာတွေအတွင်း လက်နက်ကြီးတွေ ပစ်ခတ်တာမျိုးကိုလည်း လုပ်ဆောင်နေပါတယ်။ ဒဏ်ရာရသူတွေကို အချိန်မီဆေးကုသနိုင်ဖို့ လူမှုကူညီရေးသမားတွေက ပို့ဆောင်ပေးပေမဲ့လည်း ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေကို ကုန်းလမ်း၊ရေလမ်း ပိတ်ပင်ထားတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း လူမှုကူညီရေး လုပ်ဆောင်နေကြသူတွေဖြစ်ကြတဲ့ မောင်တောက ကရုဏာကွန်ယက် ဘဏ္ဍာရေးမှူးကို ဖမ်းဆီးတာ၊ မြောက်ဦးက ကရုဏာလှိုင်းအဖွဲ့ဝင်ကို ဖမ်းဆီးတာ၊ မင်းပြားက ကိုအမ်းသားကြီးကို တရားစွဲဆိုတာနဲ့ တောင်ကုတ်က ကိုဇေယျကျော်တို့ ညီအစ်ကို နှစ်ဦးကို ဖမ်းဆီးထားတာအပြင် တခြားလူမှုရေး တက်ကြွလှုပ်ရှားသူအချို့လည်း ဖမ်းဆီးခံထားရဆဲပဲ ဖြစ်ပါတယ်။

ယခုတဖန် စစ်ကောင်စီအနေနဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေတွေ ပြင်ဆင်ပြောင်းလဲသတ်မှတ်တာကို လုပ်ဆောင်နေတာဟာဆိုရင်လည်း ပရဟိတအသင်းအဖွဲ့တွေကို တင်းကျပ်စွာကိုင်တွယ်နိုင်ဖို့ ရည်ရွယ်ထားပုံရပါတယ်။

ရခိုင်ပြည်အတွင်းမှာ တကျော့ပြန် ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော် တိုးလာနေပြီး ယခင်က နေရပ်မပြန်နိုင်တဲ့ စစ်ဘေးရှောင်အရေအတွက်နဲ့ပါဆိုရင် တစ်သိန်းနီးပါးအထိ ရှိလာနေပြီလည်း ဖြစ်ပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာကပေးတဲ့ အထောက်အပံ့တွေ၊ ပြည်တွင်းကအလှူရှင်တွေနဲ့ လူမှုကူညီကယ်ဆယ်ရေးသမားတွေကပေးတဲ့ အထောက်အပံ့တွေနဲ့ မဝရေစာ စားသောက်ပြီး အသက်ဆက်နေကြရတာလည်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီအနေနဲ့ မိမိတို့ကိုယ်တိုင်လည်း အကူအညီမပေးနိုင်ဘဲ လူမှုကူညီရေး လုပ်ဆောင်နေသူတွေကို ပစ်မှတ်ထားဖမ်းဆီးလာနေတာတွေကြောင့် စစ်ဘေးရှောင်တွေနဲ့ ဒဏ်ရာရရှိသူတွေကို အကူအညီပေးရေးမှာ ဆုတ်ယုတ်သွားပါလိမ့်မယ်။

ဒါကြောင့် နိုင်ငံရေးပါတီတွေ၊ တခြားလူမှုရေး တက်ကြွလှုပ်ရှားသူတွေ၊ အသင်းအဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လူမှုကူညီရေး လုပ်ဆောင်သူတွေအတွက် အကာအကွယ်ဖြစ်စေနိုင်တဲ့ တောင်းဆိုချက်တွေကို တောင်းဆိုသင့်ပြီး လိုအပ်တဲ့ ထောက်ပံ့လှူဒါန်းမှုတွေနဲ့ တခြားသော အကူအညီတွေကို ပေးနိုင်မှသာ လူမှုကူညီရေးအသင်းတွေ အားကောင်းလာနိုင်ပြီး အစဉ်တစိုက် ပရဟိတသမားတွေဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးစေလိုကြောင်း DMG က တိုက်တွန်းရေးသားလိုက်ရပါတယ်။

ဗီဒီယိုများ