မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုများကို ကုန်းတွင်းပိုင်းအထိ တိုက်ရိုက်တင်ပို့နိုင်ရန် ဆောင်ရွက်နေ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုအား ပိုမိုတိုးတက်လာစေရေးအတွက် ကမ်းရိုးတန်းသွားသင်္ဘောလိုင်း (Coastal Shipping Line)ဖြင့် ပြေးဆွဲပြီး တိုက်ရိုက်ကုန်သွယ်မှုပြုလုပ်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

10 Aug 2022

မောင်တောနယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းတွင် ကုန်စည်များသယ်ယူပို့ဆောင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း)

DMG ၊ သြဂုတ် ၁၀

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုအား ပိုမိုတိုးတက်လာစေရေးအတွက် ကမ်းရိုးတန်းသွားသင်္ဘောလိုင်း (Coastal Shipping Line)ဖြင့် ပြေးဆွဲပြီး တိုက်ရိုက်ကုန်သွယ်မှုပြုလုပ်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်နေသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအား အဆင့်မြှင့်တင်သည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်တကောင်း၊ ဒါကာ ကုန်းတွင်းပိုင်းဆိပ်ကမ်းအထိ တိုက်ရိုက်ကုန်သွယ်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကပြောသည်။

“အဲဒီဟာကို ကျနော်တို့သွားနိုင်လို့ရှိရင်တော့ ဒီထက်မက ကုန်သွယ်မှုပမာဏ တိုးလာနိုင်တယ်။ နောက်ပြီး နှစ်နိုင်ငံကုန်သွယ်မှုတွေရဲ့ ကုန်စည်စီးဆင်းမှုတွေများလာနိုင်တယ်။ အကျိုးအမြတ်တွေကလည်း ထိုက်သင့်သလောက်ရလာနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းထက် ပိုပြီးတော့ အဆင့်မြင့်တဲ့သဘောဖြစ်ပါတယ်”ဟု သူကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှကုန်စည်များကို ရခိုင်ပြည်အတွင်းရှိ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (Teknaf) တက္ကနာဖ်ဆိပ်ကမ်းထိ ကုန်သွယ်မှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ထိုသို့နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ကုန်သွယ်ရသည့်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ကုန်သည်များအတွက် ကုန်ကျစရိတ်များပြားခြင်း၊ သယ်ယူပို့ဆောင်ရေးပိုင်းများတွင် အခက်အခဲများ ရှိနေကြသည်။

လက်ရှိတွင် ကုန်စည်များကို နှစ်နိုင်ငံအတွင်းပိုင်းဆိပ်ကမ်းအထိ တိုက်ရိုက်တင်ပို့နိုင်မည်ဆိုပါက ကုန်းတွင်းပိုင်း သယ်ယူပို့ဆောင်ရေးစရိတ်များကို လျှော့ချနိုင်မည်ဟု စစ်တွေမှ အမည်မဖော်လိုသည့် ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ကုန်သည်တွေမှာက ဖြစ်ချင်တာပေါ့။ လမ်းပေါက်က တစ်ပေါက်ကနေ နှစ်ပေါက်သုံးပေါက်ဆိုရင် ပိုကောင်းတာပေါ့။ ပြီးရင်ပိုပြီးမြန်ဆန်လာမယ်။ ဈေးကွက်ထဲကို ပိုပြီးတိုက်ရိုက်ရောက်သွားမယ်။ အခုက ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ပို့နေတာဖြစ်တယ်။ နယ်စပ်လောက်နဲ့တော့ အဆင်မပြေဘူး။ နယ်စပ်ကပစ္စည်းကို စစ်တကောင်းထိပို့မယ်ဆိုရင် စရိတ်တွေကကုန်သွားတယ်။ တိုက်ရိုက်ထိတွေ့ပြီးလုပ်ရမယ်ဆိုရင်တော့ ပိုကောင်းတာပေ့ါ”ဟု ၎င်းကဆိုသည်။

ကုန်းတွင်းပိုင်းဆိပ်ကမ်းအသုံးပြု၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် တိုက်ရိုက်ကုန်သွယ်ခြင်းများ ပြုလုပ်နိုင်ရန်အတွက် နှစ်ဖက်အစိုးရအကြား သဘောတူညီချက်များကို ပြီးခဲ့သည့် ၂၀၀၈-၂၀၀၉ ခုနှစ်ခန့်ကပင် ရရှိပြီးသားဖြစ်သည်ဟုသိရှိရကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

အဆိုပါကမ်းရိုးတန်းသွားသင်္ဘောလိုင်း (Coastal Shipping Line)ဖြင့် တိုက်ရိုက်ပြေးဆွဲ ကုန်သွယ်နိုင်ရန်အတွက် လက်ရှိတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ နှစ်နိုင်ငံသဘောတူညီချက်များကို ပြန်လည်ဆန်းစစ်နေသည့်အတွက် အကောင်အထည်ဖော်နိုင်ရေးမှာ အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်မည်ဟု ဦးတင်အောင်ဦးကပြောသည်။

“အခုကစနေတာက ရေကြောင်းပို့ဆောင်ရေးဌာနက ဒီဟာတွေကို ပြန်ပြီးသုံးသပ်နေတယ်။ ပြန်လည်ဆန်းစစ်တာတွေလုပ်နေပြီဆိုတော့ သူတို့ဘက်ကလည်း လိုအပ်ချက်တွေဖြည့်ပြီးတော့မှပဲ တစ်ဖက်နိုင်ငံနဲ့ ပြန်ညှိနှိုင်းရမယ်။ ညှိနှိုင်းပြီးရင်တော့ လက်ရှိသဘောတူညီချက်တွေနဲ့ သွားမှာလား။ ဒါမှမဟုတ် အဲဒီသဘော တူညီချက်ထက် ပိုကောင်းတဲ့သဘောတူညီချက်တွေကို အသစ်ပြန်ရေးဆွဲပြီး သွားမှာလားဆိုတာတော့ လက်ရှိတာဝန်ရှိသူတွေဆုံးဖြတ်ပြီးသွားရမယ့် အနေအထားရှိပါတယ်”ဟု သူကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးသည် ရခိုင်ပြည်သို့ရောက်ရှိလာပြီး ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံကာ တိုက်ရိုက်ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့နေမှုထက်သာလွန်သော ကုန်သွယ်မှုလမ်းကြောင်းအသစ်ချဲ့ထွင်ရန် စီစဉ်ထားရှိမှုများအား ဘင်္ဂလားဒေ့ရှ်ဘက်ကတင်ပြခဲ့ပြီး တိုက်ရိုက်ကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက် အိန္ဒိယအစိုးရမှ ဆောက်လုပ်ထားသော စစ်တွေမြို့ရှိ ဆိပ်ခံတံတားသစ်အား သွားရောက်ကြည့်ရှုခဲ့ကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကပို့ဆောင်နေသည့် ကုန်စည်များမှာ ဂျင်း၊ ကြက်သွန်၊ ငရုပ်၊ ဇီးယိုများအပါအဝင် ရေထွက်ပစ္စည်းများဖြစ်ပြီး အဆိုပါကုန်စည်များကို ရခိုင်ရှိ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တင်ပို့နေခြင်းဖြစ်သည်။

ဗီဒီယိုများ