ပလက်ဝဒေသခံများ စစ်ကောင်စီနှင့် ပူးပေါင်းမဆောင်ရွက်ရန် IKACC တိုက်တွန်း

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းနေထိုင်သည့် ဒေသခံများအနေဖြင့် စစ်ကောင်စီအပါအဝင် ၎င်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းပေးခြင်းမပြုလုပ်ကြရန် ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(IKACC)က ဇူလိုင်လ ၂၄ ရက်နေ့တွင် တိုက်တွန်းထုတ်ပြန်ထားသည်။

25 Jul 2022

ပလက်ဝမြို့နှင့် ကုလားတန်မြစ်ကိုတွေ့ရစဉ်။ Photo- ပလက်ဝသတင်းများ FB

DMG ၊ ဇူလိုင် ၂၅

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းနေထိုင်သည့် ဒေသခံများအနေဖြင့် စစ်ကောင်စီအပါအဝင် ၎င်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းပေးခြင်းမပြုလုပ်ကြရန် ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(IKACC)က ဇူလိုင်လ ၂၄ ရက်နေ့တွင် တိုက်တွန်းထုတ်ပြန်ထားသည်။

ထိုသို့ စစ်ကောင်စီ လက်အောက်ခံအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို သတင်းပေးမှုများရှိသည့်အတွက် ပလက်ဝဒေသခံ ၆ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထိန်းသိမ်းထားကြောင်း AA က DMG သို့ ပြောဆိုထားသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ယမန်နေ့က IKAAC ၏ ထုတ်ပြန်ချက်တွင် “ဖမ်းဆီးထားသည့် ပလက်ဝဒေသခံ ၆ ဦး၏ အသက်အန္တရာယ်လုံခြုံရေး၊ ထိန်းသိမ်းကာလအတွင်း ၎င်းတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံလိုပါက တွေ့ဆုံနိုင်ရေးနှင့် သင့်တင့်လျှောက်ပတ်သည့်အချိန်တွင် ပြန်လွတ်နိုင်ရေးအတွက် AA နှင့် ညှိနှိုင်းသဘောတူပြီး”ဖြစ်သည်ဟုပါရှိသည်။

IKACC သည် “စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် ပလက်ဝမြို့နယ်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် ကြားကာလ ချင်းအမျိုးသားနိုင်ငံရေးအဖွဲ့အစည်း တစ်ရပ်ဖြစ်ကြောင်း”ဆိုသည်။

လက်ရှိတွင် AA ထံ ဖမ်းဆီးခံထားရသူများ၏ အမည်စာရင်း၊ နေရပ်နှင့် အသေးစိတ်အချက်အလက်များကို AA နှင့် IKACC တို့နှစ်ဖွဲ့လုံးက ထုတ်ပြန်ထားခြင်းမရှိသေးပါ။ DMG အနေဖြင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် ဆက်သွယ်မှုရရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

ပလက်ဝဒေသသည် မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမာမှုများရှိနေပြီး ပြီးခဲ့သည်ဇွန်လနှင့် ယမန်နေ့ဇူလိုင် ၂၄ ရက်နေ့ကလည်း အဘောင်သားကျေးရွာအနီးတွင် နှစ်ဘက်အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ယင်းတိုက်ပွဲဖြစ်စဉ်များနောက်ပိုင်း မြန်မာစစ်တပ်က ဒေသခံများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို သံသယဖြင့် ဖမ်းဆီးထားခြင်းများရှိကာ AA ကလည်း မြန်မာစစ်တပ်ကို သတင်းပေးသည်ဟုဆိုကာ ဒေသခံများကို ဖမ်းဆီးမှုများရှိနေသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က ခူမီးလူမျိုး (NLD) အမတ်ဟောင်း ဦးဝှေ့တင်းကို AA ကဖမ်းဆီးခဲ့ပြီး နှစ်လကျော်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

အလားတူ ၂၀၁၉ မတ်လ ၃၀ ရက်နေ့ကလည်း မြန်မာ-အိန္ဒိယ ကုလားတန်စီမံကိန်း လမ်းပိုင်းလုပ်နေသည့် ဆုထူးစံဆောက်လုပ်ရေးကုမ္ပဏီနှင့် နန်းမှန်သစ္စာကုမ္ပဏီတို့မှ ဝန်ထမ်း ၉ ဦးကို AA ကဖမ်းဆီးခဲ့ပြီးနောက် ၂၀၁၉ သြဂုတ်လတွင် ပြန်လွှတ်ပေးခဲ့သည်။

ဗီဒီယိုများ