အငူမော်-မောင်တောလမ်းကို ပိတ်ထား၍ နယ်စပ်ကုန်သွယ်မှုကျဆင်း

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် အငူမော်-မောင်တောကားလမ်းကို မြန်မာစစ်တပ်မှ ရက်အကန့်အသတ်မရှိ ပိတ်ထားသောကြောင့် မောင်တောကညင်ချောင်းစီးပွားရေးဇုန်တွင် ကုန်သွယ်မှု ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ကုန်သည်များထံမှသိရသည်။

30 Aug 2022

DMG ၊ သြဂုတ် ၃၀

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် အငူမော်-မောင်တောကားလမ်းကို မြန်မာစစ်တပ်မှ ရက်အကန့်အသတ်မရှိ ပိတ်ထားသောကြောင့် မောင်တောကညင်ချောင်းစီးပွားရေးဇုန်တွင် ကုန်သွယ်မှု ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ကုန်သည်များထံမှသိရသည်။

ကညင်ချောင်းစီးပွားရေးဇုန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ(Teknaf) တက္ကနာဖ်သို့ တစ်လလျှင် အမေရိကန်ဒေါ်လာ သိန်း ၂၀ ကျော်အထိ ကုန်သွယ်နိုင်ခဲ့သော်လည်း ယခုသြဂုတ်လအတွင်းတွင် ၅၀ ရာခိုင်နှုန်းခန့်အထိ ကုန်သွယ်မှုကျဆင်းသွားသည်ဟု ကုန်သည်များက ပြောဆိုကြသည်။

မောင်တော ကညင်ချောင်းစီးပွားရေးဇုန်မှ ငါးမြစ်ချင်း၊ ငါးခြောက်၊ ကွမ်းသီး၊ ဂျင်း၊ ကြက်သွန်နီ၊ ရေချိုပုစွန်နှင့် လယ်ယာထွန်ကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကတင်ပို့ပြီး ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ သံထည်ပစ္စည်းနှင့် ပလက်စတစ်ပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

မောင်တောကညင်ချောင်းစီးပွားရေးဇုန်မှ ကုန်သည်တစ်ဦးဖြစ်သည့် ဦးသန်းနိုင်က “ပုံမှန်ဆိုရင် မောင်တောကညင်ချောင်းဇုန်က ဘင်္ဂလားဒေ့ရှ်ကို တစ်ပတ်မှာ ၇ ရက်လုံး ကုန်သွယ်လို့ရတယ်။ ကုန်ပစ္စည်းရရင် ရသလောက်ပို့လို့ရတယ်။ အခုဆိုရင် ထက်ဝက်လောက်ကျသွားတယ်။ တစ်ပတ်မှာ ၂ ရက်လောက်ပဲ ကုန်သွယ်နိုင်ပြီ။ ကုန်ပစ္စည်းတင်သွင်းရတာလည်း ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်။ ဒီလိုမျိုးသာဖြစ်နေမယ်ဆိုရင်တော့ကျနော်တို့ ကုန်သည်တွေခက်ခဲမယ်။ ကျနော်တို့ဆီမှာ အလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်သွားနိုင်ပါတယ်”ဟု ဆိုသည်။  

မောင်တော ကညင်ချောင်းစီးပွားရေးဇုန်သို့ ကုန်ပစ္စည်းရောက်ရှိရန် ရန်ကုန်မှ စစ်တွေသို့ကားဖြင့်လာရပြီး စစ်တွေ-ရေချမ်းပြင်ဆိပ်ကမ်းမှ ဇက်ရေယာဉ်ဖြင့်ကူးကာ အငူမော်-မောင်တောလမ်းတစ်လျှောက် ကားဖြင့်သွားလာနိုင်သည်။

သို့သော်လည်း ယခုအခါ အငူမော်-မောင်တောကားလမ်းကို မြန်မာစစ်တပ်မှ ရက် ၂၀ ခန့်ကြာ အသွားအလာကန့်သတ်ထားသည်။ ရေချမ်းပြင်ဆိပ်ကမ်းမှ ဘူးသီးတောင်မြို့သို့ ဇက်ဖြင့် ၁၀ နာရီကျော်ကြာသွားလာပြီးနောက် မောင်တောမြို့သို့ ထပ်မံသွားနေရသည့်အတွက် ကုန်ကျစရိတ်ပိုများသွားသည်ဟု ကုန်သည်များကဆိုသည်။

ယခင်က ရန်ကုန်မှ မောင်တော ကညင်ချောင်းစီးပွားရေးဇုန်သို့ ၅ ရက်အတွင်း ကုန်ပစ္စည်းများရောက်ရှိနိုင်ခဲ့သော်လည်း ယခုအခါ ရန်ကုန်မှမောင်တောသို့ ကုန်ပစ္စည်းရောက်ရန် ၁၀ ရက်ကျော်ထိ ကြန့်ကြာနေကြောင်းသိရသည်။

အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက “ဇက်တစ်စီး အသွားအပြန်နှစ်ရက်ကြာတယ်။ ပစ္စည်းတင်လာတဲ့အခါလည်း ကားနံပါတ်တွေ၊ ပစ္စည်းအမည်စာရင်းတွေကို နယ်/လုံဆီကိုတင်ပြရတယ်။ ခွင့်ပြုမိန့်ရမှ လာလို့ရတယ်။ အငူမော်ကားလမ်းက လာတုန်းကဆိုရင် ကားတစ်စီးကို တစ်သိန်းကျော်လောက်ပဲကုန်တယ်။ အခုက ရေလမ်းကြောင်းကလာရတော့ ၄ သိန်းဝန်းကျင်လောက်ကုန်သွားတယ်။ ၂ ဆကျော် ၃ ဆ နီးပါးလောက် ပိုကုန်သွားတာပေါ့”ဟု ဆိုသည်။

ထိုသို့ လမ်းခရီးကြန့်ကြာမှုကြောင့် ကုန်ပစ္စည်းအရည်အသွေးကျဆင်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများရှိနေသည့်အပြင် တဖက်နိုင်ငံဈေးကွက်မှ ရသည့်ဈေးနှင့်ရောင်းချရသည်ဟုလည်း မောင်တော-ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်နေသည့် ကုန်သည်ဦးသိန်းဇော်ဦးက ပြောသည်။

“ပစ္စည်းတစ်ခုကလိုတဲ့အချိန်မှာ မရနိုင်တာ၊ အချိန်တွေအများကြီး ကြန့်ကြာသွားတော့ ပျက်စီးသွားတာတွေဖြစ်တယ်။ တစ်ဖက်နိုင်ငံဈေးကွက်ကို အချိန်မီမတင်ပို့နိုင်ဘူး။ ဈေးကွက်ပျက်သွားတာလည်းရှိတယ်။ ကုန်သည်တွေမှာ အရှုံးပေါ်တယ်။ ကုန်သွယ်တဲ့အခါလည်း ယုံကြည်မှုတွေ ပျက်ပြားသွားတယ်ပေ့ါ။ ဒီလိုမျိုးကြာကြာဖြစ်လာမယ်ဆိုရင် ကျနော်တို့လုပ်ငန်းတွေ ရပ်တန့်သွားနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

မောင်တော်နယ်စပ်ကုန်သွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးအောင်စံသိန်းက “သွားတာကတော့ သွားလို့ရတယ်။ ဒါပေမဲ့ လမ်းခရီးကြန့်ကြာတယ်။ ကုန်ကျစရိတ်တွေပိုများသွားတယ်။ ကုန်သည်တွေမှာလည်း အဆင်မပြေရင်လည်း ဆက်ပြီးတော့အလုပ်လုပ်နေရတာပေါ့။ လုပ်ငန်းရပ်မသွားဖို့ အရေးကြီးတယ်ပေါ့။ ကုန်သည်တွေမှာလည်း အရင်လောက်အကျိုးအမြတ်မရှိတော့ဘူး။ ရှုံးဖို့က ပိုများလာတယ်”ဟု ပြောသည်။

ယင်းသို့ လမ်းပိတ်ထားခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း တစ်စုံတစ်ရာတုံ့ပြန်လာခြင်းမရှိကြောင်း ပြောဆိုကြသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍနှစ်မှာ မောင်တောမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၆၂၃ သန်းခန့် တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၂၀ အထိသာရှိကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း၏စာရင်းအရ သိရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အငူမော်-မောင်တောကားလမ်းကို ပြီးခဲ့သည့်သြဂုတ်လ ၁၃ ရက်နေ့မှ ရက်အကန့်အသတ်မရှိ ပိတ်ထားခြင်းဖြစ်သည်။

အဆိုပါလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း လတ်တလောတွင် ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ဗီဒီယိုများ