ရခိုင်တွင် ပြေးဆွဲရန် ဂျပန်ကလှူဒါန်းထားသည့် ကစ္ဆပနဒီသင်္ဘောများကို ပြေးဆွဲမှုယာယီရပ်နားထား

ရခိုင်ပြည်တွင် ပြေးဆွဲနိုင်ရန်အတွက် ဂျပန်နိုင်ငံက လှူဒါန်းထားသည့် ကစ္ဆပနဒီသင်္ဘော(၃)စီးကို ပြေးဆွဲမှုမရှိတော့ဘဲ ယာယီရပ်နားထားသည်ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနနှင့်နီးစပ်သည့် အသိုင်းအဝိုင်းများထံမှ သိရသည်။

08 Jul 2022

Photo Crd - Aung Nay Lin

DMG ၊ ဇူလိုင် ၈

ရခိုင်ပြည်တွင် ပြေးဆွဲနိုင်ရန်အတွက် ဂျပန်နိုင်ငံက လှူဒါန်းထားသည့် ကစ္ဆပနဒီသင်္ဘော(၃)စီးကို ပြေးဆွဲမှုမရှိတော့ဘဲ ယာယီရပ်နားထားသည်ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနနှင့်နီးစပ်သည့် အသိုင်းအဝိုင်းများထံမှ သိရသည်။

အစိုးရပိုင်သင်္ဘောများဖြစ်သည့် ကစ္ဆပနဒီသင်္ဘောများပြေးဆွဲမှု ရပ်နားထားရခြင်းမှာ စက်ပစ္စည်းပိုင်းဆိုင်ရာ လိုအပ်ချက်များအပါအဝင် သင်္ဘောကြံ့ခိုင်ရေးအပိုင်းတို့ကို ပြုပြင်ရန်အတွက်ဟုသိရသည်။

“သင်္ဘောတွေက တစ်နှစ်တစ်ခါ ဒေါက်တင်ရတယ်။ တင်ပြီးမှ ဆေးသုတ်တာတို့၊ တခြားသင်္ဘောကြံ့ခိုင်ရေးအပိုင်းတွေကို ပြန်စစ်ရတယ်။ စစ်ပြီးမှ သေချာပြီဆိုရင် ပြေးဆွဲတယ်။ ဘာဖြစ်လို့လဲဆိုရင် သင်္ဘောက ခရီးသည်တွေတင်ရတာကို။ တင်ရတဲ့အခါ သင်္ဘောကတစ်ခုခုဖြစ်သွားရင် လူ့အသက်တွေက အန္တရာယ်ရှိတယ်”ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တွေမှ ကျောက်ဖြူသို့ပြေးဆွဲနေသော ကစ္ဆပနဒီ(၃)သင်္ဘောကို ဇူလိုင်လ ၆ ရက်နေ့တွင်ရပ်နားပြီး စစ်တွေ-မြေပုံ-ကျောက်ဖြူသို့ပြေးဆွဲနေသော ကစ္ဆပနဒီ(၁)ကို ပြီးခဲ့သည့်ဇွန်လ ၂၉ ရက်က ရပ်နားခဲ့သည်။ အလားတူ ကစ္ဆပနဒီ(၂)ကိုလည်း စက်ပစ္စည်းပိုင်းဆိုင်ရာလိုအပ်ချက်ရှိသည်ဟုဆိုကာ ရပ်နားထားသည်။

အစိုးရပိုင်သင်္ဘောများမှာ ပုဂ္ဂလိကသင်္ဘောများထက် ဈေးနှုန်းသက်သာသလို နေရာထိုင်ခင်းများလည်း သက်တောင့်သက်သာရှိသည့်အတွက် အစိုးရသင်္ဘောများ ပုံမှန်ပြေးဆွဲပေးနိုင်ရန်လိုအပ်ကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

“ကစ္ဆပနဒီသင်္ဘောနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့သာမန်ပြည်သူတစ်ဦးအနေနဲ့ပြောချင်တာ ရွှေပြည်တန်က နှစ်သောင်းကျော်ရှိတဲ့ခရီးစဉ်တစ်ခုက အစိုးရက တစ်သောင်းခွဲလောက်ရှိတယ်။ ကစ္ဆပနဒီဆိုရင် ကျနော်တို့ ကျောက်ဖြူခရီးစဉ်က တစ်သောင်းလေးထောင်ရှိတယ်။ အခုက ရပ်နားထားတယ်။ ကစ္ဆပနဒီသင်္ဘောသုံးစီးရှိတာမှာ သုံးစီးစလုံးကိုရပ်နားထားတာက အလုပ်မဟုတ်ဘူး။ ဥပမာ ခရီးစဉ်တစ်ခုအတွက် တစ်စီးကို တစ်လဒေါက်တင်မယ်။ နှစ်စီးဆွဲနေမယ်။ တစ်စီးဒေါက်တင်ရင် တစ်စီးဆွဲလို့မရဘူးလားလို့ပြောချင်တယ်”ဟု သူကဆိုသည်။

လက်ရှိရပ်နားထားသည့် အစိုးရပိုင်ကစ္ဆပနဒီသင်္ဘောတို့ကို လာမည့်စက်တင်ဘာလအတွင်းတွင် ပြန်လည်ပြေးဆွဲမည်ဟုလည်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာန(ခွဲ)တွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံက ကစ္ဆပနဒီ(၁)၊ ကစ္ဆပနဒီ (၂)၊ ကစ္ဆပနဒီ(၃) သင်္ဘောသုံးစီးကို ၂၀၁၅ ခုနှစ်တွင် လှူဒါန်းခဲ့သည်။ ယင်းနောက် အဆိုပါသင်္ဘောတို့မှာ ၂၀၁၇၊ ၂၀၁၉ ခုနှစ်တို့တွင် ရခိုင်ပြည်သို့ ရောက်ရှိခဲ့သည်။

ဗီဒီယိုများ