ကျိုက်ထိုတွင် စစ်ကောင်စီက အင်အား တိုးချထားမှုကြောင့် တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများစိုးရိမ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းသို့ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများ အင်အားရာချီ တိုးချဲ့ ချထားမှုကြောင့် တိုက်ပွဲများ ထပ်မံပြင်းထန်စွာဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းသိရသည်။

06 Jul 2022

ဓာတ်ပုံ-CJ

DMG ၊ ဇူလိုင် ၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းသို့ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများ အင်အားရာချီ တိုးချဲ့ ချထားမှုကြောင့် တိုက်ပွဲများ ထပ်မံပြင်းထန်စွာဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းသိရသည်။

ဇူလိုင် ၄ ညနေ ၅ နာရီအချိန်၌ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီး စစ်တောင်းတံတားထိပ်သို့ စစ်တပ်မှ အင်အား (၅၀) ကျော်နီးပါးလာ ရောက်အင်အားဖြည့်တင်းကာ စစ်ဆေး တင်းကျပ်မှုများရှိနေကြောင်း သိမ်ဇရပ်မြို့ခံ တစ်ဦးကပြောသည်။

“စစ်တောင်းတံတား ထိပ်ကို ညနေ ၅ နာရီ လောက်မှာ စစ်သားတွေ လူလာ ဖြည့်တာ အယောက် (၅၀) ကျော်မယ်။ လူစုနေတာတွေ့ရတယ်။ စစ်ဆေးတာလည်း အရင်ထက်ပိုပြီး တင်းကြပ်ထားတယ်။ ကားတွေကို ပိုပြီး စစ်နေတာတွေ့ရတယ် ” ဟု သိမ်ဇရပ်မြို့ခံကပြောသည်။

ထို့အပြင် ရန်ကုန်- မော်လမြိုင်ကား လမ်းမကြီးပေါ်ရှိ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ အနီးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်မှ ၄ ရက်နေ့ အထိ စစ်ကောင်စီက အင်အားအပြည့်ချထားခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဝေါမြို့မှ မွန်ပြည်နယ် ကျိုက်ထို၊ ဘီလင်းမြို့နယ်နှင့် ကရင်ပြည်နယ်သို့ စစ်အင်အားဖြည့်တင်းရန် စစ်ကောင်စီ ယာဉ်တန်း အစီး၃၀ ကျော်ကို ကေအန်ယူတပ်မဟာ (၁) KNLA ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုများကြောင့် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုများ ရှိခဲ့သည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်တပ်မှကျိုက်ထိုမြို့နယ်အနီးတဝိုက်နှင့်မြို့ အဝင်အထွက်နေရာများကို စစ်တပ်မှစစ်ဆေးရေးတင်းကြပ်နေပြီးတိုက်ပွဲများထပ်မံဖြစ်ပွားနေလာမည်ကိုစိုးရိမ်နေရကြောင်းကျိုက်ထိုမြို့ခံတစ်ဦးက ဆိုသည်။

“ အခုက ခဏခဏ မိုင်းဆွဲလာတာ စိပ်လာတယ်။ မနေ့ညနေပိုင်းကစပြီးတော့ စစ်တပ်တွေ အင်အား ပိုတိုးချလာတယ်။ စစ်ဆေးတာကိုလည်း အရင်ထက်ပိုတင်းကျပ်သွားပြီ။ အခုလိုဖြစ်စဉ်တွေကြောင့် တိုက်ပွဲထပ်ဖြစ်လာမှာ စိုးရိမ်တယ်။ ပထမ တခေါက်ဖြစ်တုန်းကလည်း ထွက် ပြေးခဲ့ရတယ်။ ဒါကြောင့် အခုထပ်ပြီးဖြစ်လာမှာ ကြောက်မိပါတယ် ” ဟု အဆိုပါမြို့ခံက ပြောသည်။

ထို့အပြင် ရန်ကုန်-မော်လမြိုင်ကား လမ်းမရှိ အချို့နေရာများ၊ သိမ်ဇရပ်မြို့ လမ်းဆုံ စစ်ဆေးရေးဂိတ် နှင့် အင်္ဂဘို ကျေးရွာအနီး တို့တွင် စစ်ကောင်စီတပ်သား အင်အားတစ်ရာကျော်ဖြင့် ကင်းပုန်းချထားပြီး စစ်ဆေးရေး ဆောင်ရွက်နေကြောင်း အင်္ဂဘို ကျေးရွာသားများ ထံမှသိရသည်။

“သိမ်ဇရပ်လမ်းဆုံ ဂိတ်နဲ့ အင်္ဂဘိုရွာ ထိပ်က ကားလမ်း မ အနီးမှာ စစ်သားတွေအင်အား တစ်ရာကျော်မယ်။ ကင်းတွေချပြီးတော့ လမ်းသွားလမ်း လာ အကုန်ကို စစ်ဆေးနေတယ်။ အရင်ရက်ပိုင်း ခဏခဏ မိုင်းခွဲခံနေရလို့ လားမသိဘူး ” ဟု အင်္ဂဘိုကျေးရွာသားတစ်ဦး က ဆိုသည်။

ထို့အပြင် ကေအန်ယူတပ်မဟာ (၁) KNLA ပူးပေါင်း အဖွဲ့က ဒေသခံများအား စစ်ကောင်စီ တပ်ယာဉ်တန်းများနှင့် နီးကပ်စွာမသွားလာကြရန်၊ နံနက် (၆) နာရီမှ ည (၈နာရီ) အတွင်း၌သာ သွားလာကြရန်နှင့်၊ အရေးပေါ် သွားလာသည့်အခါ လူနာတင်ယာဉ်များ အနေဖြင့် မီးတန်းနှင့် အသံများ ဖွင့်လှစ်မောင်းနှင်ကြရန် မေတ္တာရပ်ခံကြောင်း ပြီးခဲ့သည့် (ဇွန် ၂၆) တွင် သတိပေးထားသည်။

ဗီဒီယိုများ