ရခိုင်တွင် စားအုန်းဆီ‌ဈေးနှုန်း အဆမတန်မြင့်တက်နေ

စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေရာ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီဈေးနှုန်းမှာလည်း အဆမတန်မြင့်တက်လျက်ရှိပြီး လက်ရှိစစ်တွေဈေးကွက်တွင် တစ်ပိဿာကို ၁၂၀၀၀ ကျပ်နှုန်းဖြစ်နေကြောင်း သိရသည်။

24 Aug 2022

DMG ၊ ဩဂုတ် ၂၄

စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေရာ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီဈေးနှုန်းမှာလည်း အဆမတန်မြင့်တက်လျက်ရှိပြီး လက်ရှိစစ်တွေဈေးကွက်တွင် တစ်ပိဿာကို ၁၂၀၀၀ ကျပ်နှုန်းဖြစ်နေကြောင်း သိရသည်။

ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၄၈၆၀ ဟု ထုတ်ပြန်ထားသော်လည်း ရခိုင်ဒေသတွင် ထိုသို့မြင့်တက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းတွင် ရခိုင်ဒေသ၌ စားအုန်းဆီတစ်ပိဿာလျှင် ၈၅၀၀ ကျပ်ရှိခဲ့ပြီး လက်ရှိတွင် စားသုံးဆီတစ်ပိဿာကို ၁၂၀၀၀ ကျပ်အထိဈေးမြင့်တက်နေကြောင်း ဆီရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများကပြောသည်။

“အခုကတော့ အမြင့်ဆုံးဈေးကိုရောက်နေတာ။ ဈေးကပုံမှန်မရှိတော့ဘူး။ အစ်မတို့က ဝယ်လိုက်တယ်။ ဝယ်လိုက်တဲ့ဈေးအပေါ်မူတည်ပြီး ဈေးဖွင့်တာ။ ဆီဈေးတွေက တဖြည်းဖြည်းနဲ့တက်လာတာ”ဟု ဆီရောင်းဝယ်ရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

စားအုန်းဆီလုပ်ငန်း လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လိုအပ်သည့် စားအုန်းဆီများကို ရန်ကုန်ပွဲရုံမှ တစ်ဆင့်ခံဝယ်ယူရပြီး ထိုသို့ဝယ်ယူရာတွင်လည်း လိုအပ်သည့်ပမာဏကို မရရှိခြင်းနှင့်လည်းကြုံတွေ့ရကြောင်း စစ်တွေမြို့မှ ဆီလုပ်ငန်းရှင် ဦးလှမောင်သိန်းကပြောသည်။

“ရန်ကုန်ဘက်က ကျနော်တို့ဝယ်လို့လည်း မရဘူး။ အခု ကျနော်တို့ ရှိတာလေးနဲ့ရောင်းနေရတာ။ ကျနော်တို့ ရတယ်ဆိုရင်လည်း လိုသလောက်မရဘူးပေါ့”ဟု သူကပြောသည်။

စားအုန်းဆီဈေးမှာ ပုံမှန်ဈေးကွက်မရှိသည့်အတွက် ရောင်းရသော်လည်း အမြတ်ငွေမကျန်ဘဲ ရှုံးသည်ဟု စားအုန်းဆီလက်လီလက်ကားရောင်းသူ မညိုညိုက DMG သို့ပြောသည်။

“စားအုန်းဆီက ပုံမှန်ဈေးကွက်မရှိဘူးလေ။ ကိုယ့်ဆီကစစ်နေရတယ်။ ရောင်းရတယ်။ အမြတ်မရှိဘူးပေါ့။ ရောင်းရင်းရှုံးရင်း ရှုံးနေတယ်။ ဥပမာ- ဒီနေ့ရောင်းလိုက်ရတာက ငါးထောင်နဲ့ ရောင်းလိုက်တယ်ဆိုရင် အစ်မတို့သွားဝယ်တဲ့အခါ ငါးထောင့်ငါးရာဖြစ်သွားတယ်”ဟု သူကဆိုသည်။

ယခုကဲ့သို့ စားအုန်းဆီဈေးနှုန်းမြင့်တက်လာသောကြောင့်  လက်လုပ်လက်စား မိသားစုဝင်များမှာ စားဝတ်နေရေးအတွက် များစွာထိခိုက်မှုရှိလာကြောင်း စစ်တွေမြို့မှ ဒေါ်လှဝင်းနု DMG သို့ပြောသည်။

“ဈေးတစ်ခါသွားရင် တစ်သောင်းကျော်လောက်ကုန်တယ်။ ဆီဈေးတွေက မတရားတက်တာ။ စားသုံးဆီတစ်လီတာ ၆၈၀၀ ကျပ်ဆိုတော့ ငါးတွေဟင်းတွေဝယ်ရင် ပိုက်ဆံကတစ်သောင်းကျော်လောက် ကုန်ပြီလေ။ ဆီဈေးတွေတက်နေပေမယ့် မစားလို့ မှမရတာ။ အရင်ထက်တော့ လျော့စားရတာပေါ့”ဟု သူကပြောသည်။

ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီပိုင် သတင်းစာများမှတဆင့် သတိပေးထားသည်။

လက်ရှိ မြန်မာနိုင်ငံက မြို့နယ်အချို့တွင် စားအုန်းဆီများကို စစ်ကောင်စီမှ သက်သာဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုများရှိနေသော်လည်း ရခိုင်ပြည်တွင် စစ်ကောင်စီထံမှ စားအုန်းဆီများ ကို တိုက်ရိုက်ဝယ်ယူခွင့်ရသူ မရှိသည့်အတွက် ပြင်ပမှဝယ်ယူနေရသောကြောင့် ဈေးမြင့်တက်နေရကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကဆိုသည်။

“အဓိကကတော့ အစိုးရ(စစ်ကောင်စီ)ဆီက တိုက်ရိုက်ဝယ်ခွင့် ရတဲ့လူတွေလောက်ပဲ အစိုးရရဲ့ သတ်မှတ်တဲ့ဈေးနဲ့ ရောင်းချခွင့် ရကြမယ်။ ကျနော်တို့ရခိုင်ဘက်မှာက တိုက်ရိုက်ဝယ်ယူခွင့်ရတဲ့သူက မရှိဘူး။ ဒါကြောင့် ပြင်ပကဝယ်ယူနေရတယ်။ ပြင်ပက ဝယ်ယူနေရတဲ့အတွက် ဈေးကတော့မြင့်နေမှာပဲ”ဟု သူကပြောသည်။

ထို့အတူ စားအုန်းဆီဈေးနှုန်းကို သတ်မှတ်ထားသည့်ဈေးဖြင့် ရောင်းချနိုင်ရန်အတွက် ၎င်းတို့အနေဖြင့် ကြိုးစားခဲ့သော်လည်း လက်ရှိတွင် အကောင်အထည်မဖော်နိုင်သေးကြောင်း ဦးတင်အောင်ဦး ဆက်ပြောသည်။

“သတ်မှတ်တဲ့ဈေးနဲ့ ရအောင်ဆိုပြီးတော့ ကျနော်တို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကတော့ ကြိုးစားထားတာတွေတော့ ရှိတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အကောင်အထည်မပေါ်လာသေးတဲ့အတွက် ပြောပြလို့မရသေးဘူးဖြစ်နေတယ်”ဟု သူကဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မြန်မာစစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချကာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးနောက် တိုင်းပြည်သည် ငြိမ်သက်မှုပျောက်ဆုံးနေကာ ကုန်ဈေးနှုန်းများလည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိရာ ပြည်သူများ စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေကြရသည်။

ဗီဒီယိုများ