- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
- ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် "ဇူလိုင်တော်လှန်ရေး"သည် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်သော ၁၅ နှစ်ကြာ အဝါမီလိဂ်အစိုးရကို အာဏာမှဖြုတ်ချခဲ့သည့် သမိုင်းဝင်ဖြစ်ရပ် တစ်ခုဖြစ်ခဲ့သည်။
17 Jun 2025

လပြည့်ဦး - ရေးသည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် "ဇူလိုင်တော်လှန်ရေး"သည် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်သော ၁၅ နှစ်ကြာ အဝါမီလိဂ်အစိုးရကို အာဏာမှဖြုတ်ချခဲ့သည့် သမိုင်းဝင်ဖြစ်ရပ် တစ်ခုဖြစ်ခဲ့သည်။
အဂတိလိုက်စားမှု၊ ဒီမိုကရေစီ ဆုတ်ယုတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် ပေါက်ကွဲခဲ့သော ဤလူထုအုံကြွမှုသည် အစိုးရဝန်ထမ်းခန့်အပ်ရာတွင် ခွဲတမ်းစနစ်ဖျက်သိမ်းရေး ကျောင်းသားများ၏ တောင်းဆိုမှုမှ စတင်ခဲ့ခြင်းဖြစ်သည်။
သမိုင်းတစ်လျှောက် ကျောင်းသားလှုပ်ရှားမှု၏ အခန်းကဏ္ဍ
ဘင်္ဂလားဒေ့ရှ် ကျောင်းသားလှုပ်ရှားမှုများသည် နိုင်ငံ၏ သမိုင်းတစ်လျှောက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ လွတ်လပ်ရေးမရမီ ၁၉၅၂ ခုနှစ် ဘာသာစကားလှုပ်ရှားမှုမှ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲအထိ၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၈၀ ပြည့်လွန်နှစ်များ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအထိ ကျောင်းသားများသည် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် အဓိက အင်အားစုအဖြစ် ရပ်တည်ခဲ့ကြသည်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံရေးပါတီကြီးများ၏ လက်အောက်ခံအဖြစ် ရပ်တည်ခဲ့ကြရသော်လည်း ၂၀၁၈ ခုနှစ် လမ်းအန္တရာယ် ကင်းရှင်းရေးလှုပ်ရှားမှုနှင့် ၂၀၂၄ ခုနှစ် ခွဲတမ်းပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတို့သည် ကျောင်းသားတို့၏ နိုင်ငံရေးအခန်းကဏ္ဍကို ထပ်မံပေါ်လွင်စေခဲ့သည်။
၂၀၂၄ ဇူလိုင်အရေးအခင်းနှင့် ကြားဖြတ်အစိုးရ
ဇွန်လ ၂၀၂၄ တွင် ခွဲတမ်းစနစ်ဖျက်သိမ်းရေး တရားရုံးဆုံးဖြတ်ချက်က လူထု၏ မကျေနပ်မှုကို မြင့်တက်စေခဲ့သည်။ ဇူလိုင်လအစောပိုင်းမှ စတင်သော ကျောင်းသားဦးဆောင်ဆန္ဒပြပွဲများသည် အစိုးရ၏ ကြမ်းတမ်းစွာ နှိမ်နင်းမှုများကြောင့် ပိုမိုပြင်းထန်လာကာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးမှ နုတ်ထွက်ရေးအထိ ဦးတည်ခဲ့သည်။
ဩဂုတ် ၅ ရက်တွင် ရှိတ်ဟာစီနာ နိုင်ငံမှထွက်ခွာသွားခဲ့ရပြီးနောက်၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ်အား ကျောင်းသားခေါင်းဆောင်များ၏ သဘောတူညီမှုဖြင့် ကြားဖြတ်အစိုးရ၏ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။
၎င်း၏အစိုးရအဖွဲ့တွင် နာဟစ် အစ္စလမ်နှင့် ဟာရှိဘူးလ် ဟာဆန် ရှန်တို ကဲ့သို့သော ကျောင်းသားခေါင်းဆောင်အချို့ကိုလည်း အကြံပေးများအဖြစ် ခန့်အပ်ခဲ့သည်။ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရေးတို့ ဖြစ်သည်။
ကျောင်းသားခေါင်းဆောင်များ အစိုးရအဖွဲ့တွင် ပါဝင်ခြင်း - အခွင့်အလမ်းနှင့် စိုးရိမ်စရာများ
ကြားဖြတ်အစိုးရအဖွဲ့ထဲတွင် ကျောင်းသားခေါင်းဆောင်များ ပါဝင်လာခြင်းသည် ပြည်သူ့မျှော်လင့်ချက်ကို ကိုယ်စားပြုခြင်းနှင့် မူဝါဒသစ်များ ဖော်ဆောင်နိုင်ခြင်းကဲ့သို့သော အခွင့်အလမ်းများ ရှိသော်လည်း ကြီးမားသည့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ ၎င်းတို့၏ အတွေ့အကြုံနည်းပါးမှု၊ အဂတိလိုက်စားမှု စွပ်စွဲချက်များ၊ ကြားနေမှုဆိုင်ရာ မေးခွန်းများ၊ ပြည်သူ့ထောက်ခံမှု ထိန်းသိမ်းခြင်း၊ နိုင်ငံရေးပါတီကြီးများ၏ လွှမ်းမိုးမှုတို့သည် အဓိကစိန်ခေါ်မှုများ ဖြစ်သည်။
ယင်းစိန်ခေါ်မှုများအကြား၊ ဇူလိုင်လူထုလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော ကျောင်းသားခေါင်းဆောင်များသည် ၎င်းတို့၏ နိုင်ငံရေးအနာဂတ်အတွက် National Citizen Party (NCP)အမည်ဖြင့် နိုင်ငံရေးပါတီအသစ်တစ်ခုကို တည်ထောင်ခဲ့ကြသည်။
NCP သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားစီရင်ရေး လွတ်လပ်ခွင့်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စသည့် ကြီးမားသောပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုထားသည်။ ၎င်းတို့သည် "ဒုတိယ သမ္မတနိုင်ငံ" (Second Republic) ထူထောင်ရန်နှင့် ဇူလိုင်လူထုအုံကြွမှုမှ ပေါ်ထွက်လာသော "ဇူလိုင်ကြေညာချက်" (July Charter) ကို အကောင်အထည်ဖော်ရန် ရည်မှန်းထားသည်။
"ဒုတိယ သမ္မတနိုင်ငံ" (Second Republic) ဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲပြီး ပိုမိုခိုင်မာသည့် ဒီမိုကရေစီစနစ်ကိုထူထောင်ရန် ရည်ရွယ်သည့် နိုင်ငံရေးအမြင် တစ်ခုဖြစ်သည်။ ၎င်းသည် လက်ရှိ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်၏ အခြေခံအဆောက်အအုံကို ပြန်လည်တည်ဆောက်လိုခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။
ကျောင်းသားခေါင်းဆောင်များ ကြားဖြတ်အစိုးရအဖွဲ့တွင် ပါဝင်သင့်၊ မသင့်ဆိုသည်မှာ အုပ်ချုပ်ရေး အတွေ့အကြုံမရှိခြင်း၊ အကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်ခြေနှင့် လုပ်ပိုင်ခွင့် အကန့်အသတ်ရှိခြင်းတို့ ကဲ့သို့သော ကန့်ကွက်နိုင်သည့် အချက်များနှင့်၊ လူငယ်ကိုယ်စားပြုမှု၊ ပြည်သူလူထု အခြေခံနားလည်မှုနှင့် ကွဲပြားမှုများကို ပေါင်းကူးနိုင်ခြင်း စသည့်ထောက်ခံသည့် အချက်များအပေါ်တွင် မူတည်သည်။ ကြားဖြတ်အစိုးရ တက်လာပြီးနောက်ပိုင်း အဝါမီလိဂ်ပါတီကို နိုင်ငံရေးလှုပ်ရှားမှုများ မလုပ်ဆောင်နိုင်ရန် ပိတ်ပင်ခဲ့ပြီး၊ ပါတီမှတ်ပုံတင်ကိုလည်း ရပ်ဆိုင်းခဲ့သည်။
NCP ၏ ၂၀၂၆ ဖေဖော်ဝါရီ ရွေးကောက်ပွဲကို ပြုပြင်ပြောင်းလဲမှုများ မပြီးစီးသေးသဖြင့် အချင်းချင်းတို့အကြား သဘောထားကွဲလွဲမှုများ၊ ကန့်ကွက်မှုများ ရှိလာနေပြီဖြစ်သည်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးသည် ဇူလိုင်လူထုလှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်တစ်ခုဖြစ်ရာ ခေါင်းဆောင်များကိုယ်တိုင် စွပ်စွဲခံရခြင်းက လှုပ်ရှားမှု၏ ကျင့်ဝတ်သိက္ခာနှင့် ယုံကြည်ကိုးစားနိုင်မှုကို တိုက်ရိုက်ထိခိုက်စေသည်။
ပြည်သူများက အဂတိလိုက်စားမှုကို ဖယ်ရှားရန် မျှော်လင့်ခဲ့သော်လည်း ယခုအခါ "အဟောင်းနေရာတွင် အသစ်က အစားထိုးရုံသာ"ဆိုသည့် အမြင်မျိုး ဖြစ်ပေါ်စေနိုင်ပါသည်။ ၎င်းတို့၏ ခေါင်းဆောင်မှုသည် စစ်မှန်သော ပြောင်းလဲမှုအတွက် မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက်ဖြစ်သည်ဟု ထင်မြင်ယူဆလာနိုင်ပြီး၊ ၎င်းတို့၏ တရားဝင်မှုအပေါ် လေးနက်သောသံသယများ ဖြစ်ပေါ်စေပါသည်။
NCP အနေဖြင့် ရေရှည်တည်တံ့ခိုင်မာသော နိုင်ငံရေးအင်အားစုအဖြစ် ရပ်တည်နိုင်ရေး
ဘင်္ဂလားဒေ့ရှ် ကျောင်းသားခေါင်းဆောင်များသည် နိုင်ငံရေးပြောင်းလဲမှု၏ အဓိကတွန်းအားအဖြစ် ရပ်တည်လျက်ရှိသည်။ ၎င်းတို့၏ စစ်မှန်သော ပြုပြင်ပြောင်းလဲလိုစိတ်နှင့် လူထုထောက်ခံမှုသည် အားသာချက်များ ဖြစ်သော်လည်း၊ နိုင်ငံရေးအတွေ့အကြုံ နည်းပါးမှု၊ အဂတိလိုက်စားမှု စွပ်စွဲချက်များ၊ တည်ဆဲနိုင်ငံရေးပါတီကြီးများ၏ ဖိအားနှင့် ရေရှည်ပြည်သူ့ထောက်ခံမှုကို ထိန်းသိမ်းရန် လိုအပ်မှုတို့သည် ကြီးမားသော စိန်ခေါ်မှုများဖြစ်သည်။
ဒေါက်တာ ယူနွတ်စ်၏ ကြားဖြတ်အစိုးရဟာ ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှုကို ကတိပြုထားသည် ဆိုသော်လည်း စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင် ကော်ရစ်ဒါ ကိစ္စများအပြင် အခြားသော ကိစ္စရပ်များမှာပါ ပြည်သူကို ချမပြဖြစ်ခြင်း (သို့မဟုတ်) ပွင့်လင်းမြင်သာမှု အားနည်းသည်ဟု စွပ်စွဲခံရခြင်းများ ရှိနေသည်ကို တွေ့ရသည်။ ယင်းကြောင့် ပြည်သူလူထု၏ ယုံကြည်မှုအပေါ် သက်ရောက်မှုရှိလာခဲ့ပြီးနောက် ဒေါက်တာ ယူနွတ်စ်သည် ဖြေလျှော့မှုများ ပြုလုပ်လာသည်။
ဘင်္ဂလားဒေ့ရှ် ကျောင်းသားခေါင်းဆောင်များသည် နိုင်ငံရေးပြောင်းလဲမှု၏ အဓိကတွန်းအားအဖြစ် ရပ်တည်လျက်ရှိသည်။ ၎င်းတို့၏ စစ်မှန်သော ပြုပြင်ပြောင်းလဲလိုစိတ်နှင့် လူထုထောက်ခံမှုသည် အားသာချက်များဖြစ်သော်လည်း နိုင်ငံရေးအတွေ့အကြုံ နည်းပါးမှု၊ အဂတိလိုက်စားမှု စွပ်စွဲချက်များ၊ တည်ဆဲနိုင်ငံရေးပါတီကြီးများ၏ ဖိအားနှင့် ရေရှည် ပြည်သူ့ထောက်ခံမှုကို ထိန်းသိမ်းရန် လိုအပ်မှုတို့သည် ကြီးမားသော စိန်ခေါ်မှုများဖြစ်သည်။
ဒေါက်တာ ယူနွတ်စ်၏ ကြားဖြတ်အစိုးရသည် ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှုကို ကတိပြုထားသော်လည်း၊ လက်ရှိအချိန်အထိ ပွင့်လင်းမြင်သာမှု အားနည်းသည်ဟု စွပ်စွဲခံရခြင်းနှင့် အခြားကိစ္စရပ်များတွင် ပြည်သူ့ယုံကြည်မှုကို ပြန်လည်ရယူရန် ကြိုးပမ်းနေရသည်။
၎င်းသည် အင်အားကြီး နိုင်ငံရေးပါတီ BNP နှင့် နီးစပ်မှုကိုဖန်တီးကာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ရန် ကြိုးပမ်းနေသည်။ လိုအပ်သော ပြုပြင်ပြောင်းလဲမှုအချို့ကို ဖော်ဆောင်နိုင်ခြင်းနှင့် နိုင်ငံရေးအငြင်းပွားမှုများ၊ စွပ်စွဲချက်များကနေ ကင်းဝေးစွာ ဂုဏ်သိက္ခာရှိရှိ ရာထူးမှ ဆုတ်ခွာနိုင်ရန် အားစိုက်နေပြီဖြစ်သည်။ ဤသည်ပင် ဒေါက်တာယူနွတ်စ်၏ "ချောမွေ့စွာ အာဏာလွှဲပြောင်းခြင်း" (Safe Exit) ရပ်တည်ချက်ဖြင့် ထွက်ပေါက်ရှာသွားမည်ဖြစ်သည်။
ဒေါက်တာ ယူနွတ်စ်အနေဖြင့် နိုင်ငံရေးပါတီအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိအောင်ကြိုးပမ်းခြင်း၊ ကြားဖြတ်အစိုးရ၏ ကြားနေမှုကို ပွင့်လင်းမြင်သာစွာ ထိန်းသိမ်းခြင်း၊ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကို ဖြေရှင်းခြင်း စသည်တို့မှာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကကျသော အချက်များ ဖြစ်ပေလိမ့်မည်။ Awami League မပါဘဲ ရွေးကောက်ပွဲကို ဒေါက်တာယူနွတ်စ် ဦးဆောင်သည့် ကြားဖြတ်အစိုးရက ကျင်းပမည်ဆိုသည်မှာ အလွန်ကြီးမားသော နိုင်ငံရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
ဒီမိုကရေစီနည်းကျပြီး လွတ်လပ်၊ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာနိုင်ရန်မှာ အဓိက နိုင်ငံရေးအင်အားစုအားလုံး၏ ပါဝင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးသည်။ အကယ်၍ Awami League မပါဝင်ဘဲ ရွေးကောက်ပွဲ ကျင်းပခဲ့လျှင်တောင် ရရှိလာသည့် ရလဒ်သည် နိုင်ငံရေးတည်ငြိမ်မှုနှင့် ပြည်သူလူထု၏ စစ်မှန်သောဆန္ဒကို မည်မျှအထိ ကိုယ်စားပြုနိုင်မည်နည်းဟူသော မေးခွန်းထုတ်စရာ ဖြစ်နေပါလိမ့်မည်။
NCP အနေဖြင့်လည်း ရေရှည်တည်တံ့ခိုင်မာသော နိုင်ငံရေးအင်အားစုတစ်ခုအဖြစ် ရပ်တည်ရန်အတွက် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ လုပ်ဆောင်ခြင်း၊ အောက်ခြေကွန်ရက်များ ခိုင်မာအောင် တည်ဆောက်ခြင်းနှင့် လက်တွေ့ကျသော မူဝါဒများ ချမှတ်ခြင်းတို့သည် မရှိမဖြစ်လိုအပ်သည်။ ခေါင်းဆောင်မှု အရည်အသွေးနှင့် နိုင်ငံရေးဗျူဟာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ခြင်း၊ အတွင်းစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းခြင်းတို့သည် အဓိကကျသော လိုအပ်ချက်များ ဖြစ်သည်။
ကျောင်းသားခေါင်းဆောင်တို့၏ လုပ်ဆောင်ချက်များသည် ဘင်္ဂလားဒေ့ရှ်၏ ဒီမိုကရေစီအိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မည်လား၊ သို့မဟုတ် နိုင်ငံရေးဂယက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားမည်လား ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။