စစ်တပ် နယ်မြေထဲကို ဝင်ရောက်နေသည်ဟုဆိုကာ ဖယ်ပေးလိုက်ရသည့် ဘူးသီးတောင် စစ်ဘေးရှောင် (၁၀၀) ကျော် အကူအညီလိုအပ်နေ

ဘူးသီးတောင်မြို့နယ်တွင် စစ်တပ်ဗျူဟာနယ်မြေထဲသို့ ဝင်ရောက်နေသည်ဟုဆိုကာ နေအိမ်များကို ဖယ်ပေးလိုက်ရသည့် ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ လူဦးရေ ၁၀၀ ကျော်မှာ လတ်တလောတွင် နေထိုင်စရာ အခက်အခဲများဖြစ်ပေါ်နေပြီး အကူအညီအထောက်ပံ့များ လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူနှင့် ကာ ယကံရှင်များထံမှ သိရသည်။

By Admin 02 Nov 2022

စစ်တပ် နယ်မြေထဲကို ဝင်ရောက်နေသည်ဟုဆိုကာ ဖယ်ပေးလိုက်ရသည့် ဘူးသီးတောင် စစ်ဘေးရှောင် (၁၀၀) ကျော် အကူအညီလိုအပ်နေ

ယနေ့တွေ့ရသည့် ဘူးသီးတောင် ရန်အောင်မြေစစ်ဘေးရှောင်စခန်းမြင်ကွင်း {ဓာတ်ပုံ- CJ}

DMG၊ နိုဝင်ဘာလ ၂

ဘူးသီးတောင်မြို့နယ်တွင် စစ်တပ်ဗျူဟာနယ်မြေထဲသို့ ဝင်ရောက်နေသည်ဟုဆိုကာ နေအိမ်များကို ဖယ်ပေးလိုက်ရသည့် ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ လူဦးရေ ၁၀၀ ကျော်မှာ လတ်တလောတွင် နေထိုင်စရာ အခက်အခဲများဖြစ်ပေါ်နေပြီး အကူအညီအထောက်ပံ့များ လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူနှင့် ကာ ယကံရှင်များထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင် နေအိမ် (၄၀) ကျော်ရှိ၊ လူဦးရေ ၁၀၀ ကျော်မှာ လက်ရှိတွင် ၎င်းတို့နေထိုင်ခဲ့ရာ နေအိမ်များကို ဖယ်ရှား ပေးလိုက်ရသည့်အတွက် ဘုန်းတော်ကြီး ကျောင်းဝင်းရှိ စာသင်ခန်းများတွင် တာပေါ်လိတ်စများ ကာရံကာ လူဦးရေ ပွတ်သိပ်စွာဖြင့်နေထိုင်ကြရပြီး၊ တချို့မှာလည်း မြို့ပေါ်ရှိ အသိ မိတ်ဆွေများ ခြံဝင်းထဲတွင် ယာယီတဲထိုးကာ နေထိုင်ကြရကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူ ဒေါ်ဦးကျော့ယဉ်က “ နေရေးထိုင်ရေး သိပ်အခက်အခဲ ဖြစ်ရပါတယ်။ စာသင်ခန်းတွေမှာ တာပေါ်လိတ်စတွေကာ ပြီးနေနေရတယ်။ တချို့က သူများအိမ်တွေဘေးမှာ တဲထိုးပြီးနေရပါတယ်။ နေစရာကမရှိတော့ဘူးလေ။ ကျမတို့မှာ ရွာကိုလည်း မပြန်နိုင်ပါဘူး။ ပြန်မယ်ဆိုရင် ကျမတို့ကို မိုင်းရှင်းပေးရမယ်။ စားဝတ်နေရေး ၊ကျန်းမာရေး၊ ပညာရေးတွေ ပေးရမယ်။ ပြီးရင် ရွာမှာ တပ်စွဲထားတဲ့ တပ်(စစ်ကောင်စီ)ကို ကျမတို့ကြောက်ပါတယ် ” ဟု DMG သို့ပြောသည်။

အဆိုပါ ရန်အောင်မြေစစ်ဘေးရှောင်စခန်း ဝင်ဝရှိ စစ်ဘေးရှောင်နေအိမ်များကို စစ်ကောင်စီမှ တပ်ဗျူဟာ မြေထဲ ဝင်ရောက်နေသည်ဟု ဆိုကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးမှ တဆင့် ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့ကို နောက်ဆုံးဖယ်ရှားခိုင်းသဖြင့်  စစ်ဘေးရှောင်းတို့က မိမိသဘောဖြင့် ဖယ်ပေးလိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ရန်အောင်မြေ စစ်ဘေး ရှောင်စခန်းတာဝန်ခံ ဦးမောင်စိုးသန်း က “ သူတို့က ရန်အောင်မြေ ဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းမှာ နေရာ မရှိတော့လို့ ကျောင်းအပြင်က ဆောက်ပြီး နေနေကြတာပါ။ အဲဒါက ဗျူဟာမြေ ဖြစ်တာကြောင့် ဖယ်ပေးလိုက်ရတ။ ထွေ/ အုပ်က အောက်တို ဘာလ ၃၁ ရက်နေ့ မဖယ်ပေး ရင်ကျူးကျော် အဖြစ်သတ်မှတ်မယ် ပြောတာကြောင့် သူတို့အတွက် အခက်အခဲ ဖြစ်လာမလားဆိုပြီး ဘုန်းကြီးကျောင်းထဲရှိတဲ့ ရန်အောင်မြေ စစ်ဘေးရှောင်စခန်း ဝင်လာကြတာပါ ” ဟု ပြောသည်။

ထို့အတူ ယခုကဲ့သို့ စစ်ဘေးရှောင်စခန်းများကို  စစ်ဘေးရှောင် များကို နေရပ်မပြန်လျှင် ကျူးကျော်မြေ အဖြစ်သတ်မှတ်မည်ဟု စစ်ကောင်စီဘက်မှ ပြောထားသော်လည်း  စစ်ဘေးရှောင်စခန်းများမှာ ဘုန်းကြီး ကျောင်းခြံဝင်းရှိကာ  ဘုန်းကြီးမှ စစ်ဘေးရှောင်များကို လှူဒါန်ထားသောကြောင့် ကျူးကျော်မြေအဖြစ် သတ်မှတ်၍ မရကြောင်း ဘူးသီးတောင်မြို့ခံများက ပြောဆိုနေကြသည်။

“ စစ်ဘေးရှောင်တွေ နေရပ်မပြန်ရင် ကျူးကျော်မြေဆိုပြီး သတ်မှတ်မယ်ဆိုပြီးတော့ စစ်ကောင်စီဘက်က ပြောလို့တော့ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ သိထားတာက ဒီမြေ ဟာစည်ပင်ရဲ့ ဧရိယာ နယ်နမိတ် မဟုတ်ဘူး။ သံဃာတော် ဘုန်းကြီးကျောင်းတွေရဲ့ဧရိယာထဲမှာ ဆရာတော်က ဒုက္ခသည်တွေကို နေခိုင်းထားတာ။ ဒါကြောင့် ဒီစစ်ဘေး ရှောင်စခန်းနေရာတွေဟာ ကျူးကျော်နေရာလို့ပြောလို့ရတာပဲရှိတယ်။ ကျနာ်တို့ အနေနဲ့ လက်ခံလို့မရဘူး ”  ဟု ဘူးသီးတေင်းမြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး က DMG သို့ပြော သည်။

လက်ရှိတွင် နေအိမ်ဖယ်ပေးလိုက်ရသူများမှာ ဘုန်းတော်ကြီး ကျောင်းဝင်းထဲရှိ စာသင်ခန်း၊ စာကြည့်တိုက်နှင့် နေထိုင်ရသည့်အတွက် အခက်အခဲများ စွာဖြစ်ပေါ်နေကြရခြင်းဖြစ်သည်။

စခန်း အတွင်းဘက်သို့ ရွေ့ပြောင်းလာသူ အမျိုးသမီးတစ်ဦးက  “ အခက်အခဲက ပြီးခဲ့တဲ့ လပိုင်းတွေကဆို ထောက်ပံ့ကြတဲ့ ဆန်တွေမရောက်လို့ တစ်ချို့ မိသားစုတွေ အသုတ်လိုက် ဖြစ်သလို နေရပ်အရဲစွန့်ပြီး ပြန်ကြတာ တွေရှိတယ်။ အဲဒီ ပြန်သွားကြတဲ့ အိမ်အလွတ်တွေမှာ လောလောဆယ် ကျွန်မတို့နေကြပါတယ်။  စားဝတ်နေရေး အခက်အခဲလေးတွေတော့ ရှိပါတယ်။ အဆင်ပြေသလို ဝိုင်းဝန်းပြီး ကူညီကြတာတွေနဲ့ စားနေကြတာ ” ဟု ပြောသည်။

ထို့အတူ ရခိုင်ပြည်ရှိ မြို့နယ်တစ်ချို့မှ စစ်ဘေးဒုက္ခသည်များကို စက်တင်ဘာလ လဆန်းပိုင်းမှစတင်ကာ နေရပ်ပြန်ခိုင်းရန် သက်ဆိုင်ရာထွေ/အုပ်ရုံးများကို စစ်ကောင်စီမှ ညွှန်ကြားခဲ့ပြီးဖြစ်ပြီး ယင်းမှတစ်ဆင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ စစ်ဘေးဒုက္ခသည် စခန်းတာဝန်များခံများကို အကြောင်းကြားခဲ့မှု များရှိခဲ့သည်။

လတ်တလော ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲများကြောင့် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရသူ စုစုပေါင်း ၉၀၀၀ နီးပါးရှိလာကြောင်း ကုလသမဂ္ဂ လူသာချင်း စာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးရုံး (OCHA)က စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းအပြင် ရခိုင်ပြည်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်များသို့ လုံခြုံရေးကိုအကြောင်းပြပြီး စားနပ်ရိက္ခာများနှင့် တခြား လူသားချင်းစာနာထောက်ထားရေး အကူအညီများပေးအပ်နေသည့် INGO/NGO အဖွဲ့အစည်းများကို စစ်ကောင်စီမှ စက်တင်ဘာလ ၁၆ ရက်နေ့ တွင် ခရီးသွားလာခွင့် ပိတ်ပင်ထားသည့်အတွက် စစ်ဘေးဒုက္ခသည်များမှာ စားဝတ်နေရေး အခက်ကြုံ နေကြရသည်။

ဗီဒီယိုများ