EAOs တပ်ဖွဲ့ဝင်များနှင့် အကျဥ်းသားများကို စစ်ကောင်စီက လွှတ်ပေးခြင်းမှာ လာမည့် ရွေးကောက်ပွဲ အတွက်ဟု နိုင်ငံရေး သမားများ ဝေဖန်

စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ (အမျိုးသားအောင်ပွဲနေ့)နှင့် (၁၈) ရက်နေ့တို့တွင် နိုင်ငံတဝန်းမှ အကျဉ်းသားအပါအဝင် အကျဥ်းကျခံနေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးလိုက်ကြောင်း ကြေညာခဲ့သည်။

By Admin 21 Nov 2022

EAOs တပ်ဖွဲ့ဝင်များနှင့် အကျဥ်းသားများကို စစ်ကောင်စီက လွှတ်ပေးခြင်းမှာ လာမည့် ရွေးကောက်ပွဲ အတွက်ဟု နိုင်ငံရေး သမားများ ဝေဖန်

စစ်တွေအကျဉ်းထောင်မှ နိုဝင်ဘာလ ၁၇ ရက်နေ့က လွတ်မြောက်လာသူများကိုတွေ့ရစဉ်။

DMG | နိုဝင်ဘာ ၂၁

စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ (အမျိုးသားအောင်ပွဲနေ့)နှင့် (၁၈) ရက်နေ့တို့တွင် နိုင်ငံတဝန်းမှ အကျဉ်းသားအပါအဝင် အကျဥ်းကျခံနေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးလိုက်ကြောင်း ကြေညာခဲ့သည်။

ထို့ အကျဥ်းသားများနှင့် တိုင်ရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို လွှတ်ပေးခြင်းမှာ စစ်ကောင်စီက စီစဥ်နေသည့် လာမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း မြန့်မာနိုင်ငံရေး အကဲခတ်တို့က ဝေဖန်နေကြသည်။

“ သူတို့စီစဥ်နေတဲ့ ဒီရွေးကောက်ပွဲက ဒီမိုကရေစီ စံနဲ့ ကိုက်ညီမှာ မဟုတ်ဘူးဆိုပြီး ကုလသမဂ္ဂကရော အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေကပါ အားလုံးက အယုံအကြည်မရှိဘူးလို့ ပြောနေတဲ့ အချိန်မှာ ဒါကို အမြင်ကောင်းအောင် ဖော်ပြဖို့အတွက် နိုင်ငံရေးအရ ဒီအကျဉ်းသားတချို့ကို လွှတ်လိုက်တာလို့ ယူဆပါတယ် ” ဟု မြန်မာ့နိုင်ငံရေး အကဲခတ်သူ ဦးသန်းစိုးနိုင်က DMကို ပြောသည်။

ယင်းသို့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များကို လွှတ်ပေးရုံဖြင့်လည်း လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခပေါ်တွင် တစုံတရာ သက်ရောက်မှု ရှိလာမည်မဟုတ်ကြောင်းလည်း ဦးသန်းစိုးနိုင်က ဆက်ပြောသည်။

“ အဲဒီဟာက အလွန်ဆုံးဖြစ်လာရင် တိုင်းရင်းသားလက်နက်ကိုင်ဖက်က ဖမ်းထားတဲ့ သူတို့လူတချို့ကို ပြန်လွှတ်ပေးနိုင်တယ်ဆိုတဲ့ အနေအထားကလွဲရင် ကျန်တဲ့ဟာက ထူးထူးခြားခြား ဘာမှမရှိနိုင်ဘူးလို့ပဲ ယူဆပါတယ် ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က အကျဥ်းသား ၅၇၇၄ ဦးကို လွှတ်ပေးခဲ့ပြီး ယင်းနောက် နိုဝင်ဘာ ၁၈ ရက်နေ့တွင်လည်း အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံလျက်ရှိသည် AA တပ်ဖွဲ့မှ ၁၈ ဦး၊ KIA တပ်ဖွဲ့မှ ၂၀ ဦး၊ RCSS/SSA တပ်ဖွဲ့မှ ၅ ဦးနှင့် KNU/KNLA တပ်ဖွဲ့မှ ၂ ဦးတို့ကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက လွတ်ငြိမ်းခွင့် ပေးလိုက်သည့် အထဲတွင် နိုင်ငံရေးအရ လွတ်သင့် လွတ်ထိုက်သူများ ပါဝင်မှု နည်းပါးကာ လက်ရှိတွင်လည်း ဖမ်းဆီးခံနေရသူများနေသောကြောင့် ပြည့်စုံသည့် လုပ်ရပ် မဟုတ်သေးကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

“ ဒီအကျဥ်းသား လွှတ်ပေးတဲ့ ကိစ္စက တစ်စုံတရာ အပြုသဘောနဲ့တော့ ရှုမြင်နိုင်တယ်။ ဒါပေမယ့် စစ်ဖြစ်နေတဲ့ ဒေသတွေမှာ ပြည်သူတွေဟာ နေ့စဥ်ရက်ဆက် သံသယနဲ့ ဖမ်းဆီး စစ်ဆေးခံရတာတွေက ဒီလွှတ်ပေးတဲ့ အရေအတွက်ထက် ပိုများနေတယ်။ ဒါ့အပြင် ယုံကြည်ချက်နဲ့ အကျဥ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေ နောက်ထပ် လွတ်မြောက်ဖို့ လိုနေသေးတယ် ” ဟု ဦးသာထွန်းလှက ပြောသည်။

ထို့အပြင် ရခိုင်အပါအဝင် တိုင်းရင်းသား ဒေသများတွင် စိုးရိမ်ကြောက်လန့်မှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူများမှာ စားဝတ်နေရေး ကျပ်တည်းနေရမှု၊ လမ်းပန်းဆက်သွယ်ရေး ပိတ်ပင်ထားမှုများကိုလည်း လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်းလည်း ဦးသာထွန်းလှက ပြောသည်။

ထို့အတူ ယခုလွှတ်ပေး မှုအပေါ် ကြိုဆိုသော်လည်း ငြိမ်းချမ်းရေးအသွင်ဆောင်မည့် လုပ်ရပ်များ ဆက်လက် လိုအပ်နေသေးကြောင်းကိုလည်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒု-ဥက္ကဋ္ဌ စောမြရာဇာလင်းက DMG ကို ပြောသည်။

“ ဒါက ငြိမ်းချမ်းရေးကို တစ်စွန်းတစ်စသွားဖို့ အပြုသဘောဆောင်တဲ့ စမ်းသပ်မှုလို့ပဲ မြင်ပါတယ်။ ငြိမ်းချမ်းရေးကိုလှမ်းတဲ့ ခြေလှမ်းတွေပေါ့။ ဒါပေမယ့် ဒီခြေလှမ်းက သေးငယ်ပါသေးတယ် ” ဟု စောမြရာဇာလင်းက ပြောသည်။

လက်ရှိ စစ်ကောင်စီသည် NLD အစိုးရလက်ထပ်က ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်း ပြင်ဆင်ထားပြီး အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့်၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်သွားရန် စီစဉ်နေသည်။

ဗီဒီယိုများ