ရခိုင်တွင် လယ်ယာအပျက်အစီးများ၍ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကို သတိထားကိုင်တွယ်ရန်လိုအပ်ဟု တောင်သူလယ်သမားသမဂ္ဂပြော

ရခိုင်ပြည်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ ယခုနှစ်အတွင်း ပျက်စီးဆုံးရှုံးမှု များစွာရှိနေသဖြင့် စပါးအထွက်နှုန်း လျော့ကျနိုင်သောကြောင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကို အထူးသတိထား ကိုင်တွယ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ တာဝန်ရှိသူက ပြောသည်။

By Admin 30 Oct 2022

ရခိုင်တွင် လယ်ယာအပျက်အစီးများ၍ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကို သတိထားကိုင်တွယ်ရန်လိုအပ်ဟု တောင်သူလယ်သမားသမဂ္ဂပြော

DMG ၊ အောက်တိုဘာ ၃၀

ရခိုင်ပြည်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ ယခုနှစ်အတွင်း ပျက်စီးဆုံးရှုံးမှု များစွာရှိနေသဖြင့် စပါးအထွက်နှုန်း လျော့ကျနိုင်သောကြောင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကို အထူးသတိထား ကိုင်တွယ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ တာဝန်ရှိသူက ပြောသည်။

တောင်သူလယ်သများအနေဖြင့် ယခုနှစ်တွင် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည့်အတွက် လယ်တစ်ဧကမှာ တင်း ၅၀ ခန့်သာ ထွက်ရှိနိုင်ကြောင်း တောင်သူသမဂ္ဂက ခန့်မှန်းထားသည်။

ယင်းကြောင့် ပြည်တွင်းဆန်ရိက္ခာဖူလုံရေးမှာ ထည့်သွင်းစဉ်းစရာ ကိစ္စရပ်တစ်ခုဖြစ်သဖြင့် တာဝန်ရှိသူများ အနေဖြင့် သတိထားဆောင်ရွက်ရန် လိုအပ်နေသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်မြကပြောသည်။

“ဒီနှစ်က အထွက်နှုန်းလျော့ကျမှာသေချာနေတယ်။ ဒါကြောင့် ဒီနှစ်ထွက်ရှိလာမယ့်စပါးတွေကိုရဲ့ အခြေအနေ အပေါ်မှာမူတည်ပြီး ဒေသနေလူဦးရေနဲ့ကိုက်ညီပြီး ပိုလျှံစပါးကိုလည်း သေချာစီစစ်ပြီးမှ ပြည်ပကိုထုတ်တာတော့ ဒေသတစ်လွှားထုတ်ရောင်းတာတော့ လုပ်သင့်တယ်”ဟု ဦးအောင်ကျော်မြက ပြောသည်။

ဓာတ်မြေသြဇာဈေးနှုန်းမြင့်တက်မှု၊ ကုန်ကျစရိတ်ကြီးမားမှုတို့ကြောင့် တချို့တောင်သူများမှာ အခုနှစ် စပါးစိုက်ကာလတွင် လယ်ဧကများကိုလျော့ချကာ စိုက်ပျိုးမှုများလည်းရှိနေကြသည်။

ယင်းအပြင် ထွန်ယက်စိုက်ပျိုးဆဲကာလများ၌ မိုးခေါင်ရေရှားပါးဒဏ်တို့ကြောင့်လည်း ထွန်ယက်စိုက်ပျိုးပြီး စပါးပင်များ ပျက်စီးခြင်း၊ ကြဲလက်စပါးပင်များမှာ နေပူဒဏ်တို့ကြောင့် ပျက်စီးမှုများရှိခဲ့သည်။

ထိုအကြား မကြာသေးခင်က ဖြစ်ပွားခဲ့သော မုန်တိုင်းအရှိန်ကြောင့် ဆားငံရေလွှမ်းသွားသည့်အတွက် ထွက်လက်စစပါးပင်များပျက်စီးမှု၊ လေပြင်းတိုက်ခိုက်၍ ရိတ်သိမ်းချိန်တန်စပါးပင်များ လေလွင့်ကာ ပျက်စီးသွားကြောင်း လယ်သမားများထံမှ သိရသည်။

ပေါက်တောမြို့နယ်၊ သစ်ပုတ်ချောင်းကျေးရွာ တစ်ရွာလုံးမှာရှိသည့် လယ်ဧက စုစုပေါင်း ၁၃၀၀ ကျော်မှ မုန်တိုင်းကြောင့် ပျက်စီးသွားသဖြင့် ရိတ်သိမ်းရန်အတွက်တောင် မဖြစ်နိုင်တော့ကြောင်း လယ်သမားတစ်ဦးဖြစ်သူ ဦးထွန်းသန်းမြင့်ကပြောသည်။

“အရင်နှစ်ကဆိုရင် ဆန်စပါးဝမ်းစာလူတိုင်းမှာ လုံလုံလောက်လောက်ရှိကြတယ်။ ဒီနှစ်ကတော့ ဝမ်းစာရမှာ မဟုတ်တော့ဘူး။ ဘယ်လိုလုပ်ရမှန်းလည်းမသိတော့ဘူး။ ငွေလည်းမရှိဘူး။ စရိတ်ကြီးမားတဲ့အထဲက ပင်ပင်ပန်းပန်းနဲ့ တစ်မိုးလုံးလုပ်ထားတာ အခုတော့အကုန်လုံးဆုံးရှုံးကုန်ပြီပေါ့”ဟု ဦးထွန်းသန်းမြင့်က ပြောသည်။

ယင်းအပြင် ပေါက်တောမြို့နယ်မှာလည်း မုန်တိုင်းအရှိန်ကြောင့် လယ်ဧကသောင်းနှင့်ချီပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။

ပေါက်တောမြို့နယ်၊ င/ပြီတက်ကျေးရွာမှ လယ်သမားတစ်ဦးက “ကျွန်တော်တို့မှာ သိမ်းလို့တောင်ရမယ်မထင် တော့ဘူး။ ထွက်လက်စ လယ်ဧက ၃ ဧကဆိုရင်ဆားငံရည်ဝင်လို့ ပျက်စီးသွားပြီ။ ပြီးတော့ ရိတ်သိမ်းရတော့မယ့် လယ်ဧက ၆ ဧက အကုန်လုံး စပါးစေ့တွေကြွေကျသွားတယ်။ ဒီနှစ်တော့ စားနပ်ရိက္ခာအတွက် အခက်အခဲတွေချည်းပဲ”ဟု ပြောသည်။

ရခိုင်ပြည်တွင် ကျေးလက်နေပြည်သူ ၇၅ ရာခိုင်နှုန်းမှာ အဓိကလယ်ယာလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်း ပြုကြသူများဖြစ်သည်။ ကုန်ကျစရိတ်ကြီးမားမှုကြားက ကြိုးစားရုန်းကန်ကာ ထွန်ယက်စိုက်ပျိုးခဲ့ကြသော်လည်း သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးမှုများရှိနေသည့်အတွက် တောင်သူလယ်သမားများ၏ နောက်ကွယ်က  မိသားစုစားဝတ်နေရေးမှာ စိုးရိမ်ဖွယ်ရာဖြစ်လာသည်။

အခြားတစ်ဖက်မှာလည်း လယ်သမားများ နှစ်စဉ်ယူဆောင်နေကြသည့် စိုက်ပျိုးရေးစရိတ်ချေးငွေအတွက်လည်း ပြန်ဆပ်နိုင်ရန်မသေချာတော့ကြောင်း လယ်သမားများက ပြောဆိုကြသည်။

“တစ်နှစ်တာ ပင်ပန်းခံထားတာတွေ အကုန်လုံး ဆုံးရှုံးလိုက်ရပြီ။ ဓာတ်မြေသြတစ်အိတ်ကြဲနိုင်ဖို့ အခက်အခဲအမျိုးမျိုးရှိခဲ့တယ်။ ဒီကြားထဲ မိုးခေါင်တာကတစ်မျိုး။ အခုမုန်တိုင်းကြောင့်လို့လည်း တစ်မျိုး။ ဘာမှမကျန်တော့ဘူး။ ချေငွေးမပြောနဲ့ မိုးတွင်းလယ်စိုက်စရိတ်တွေတောင် ဘယ်လိုပေးရမှာလဲမသိတော့ဘူး”ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ချောင်းကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးသိန်းရွှေဦးက ပြောသည်။

ရခိုင်တပြည်လုံးတွင် စပါးစိုက်ဧက ၁၂ သိန်းခွဲကျော်ရှိပြီး အခုနှစ်အတွင်းမှာ အခြေအနေအမျိုးမျိုးကြောင့် လယ်ဧက ၈ သိန်းခွဲကျော်သာ စိုက်ပျိုးနိုင်ခဲ့ပြီး ယင်းအထဲမှ မိုးခေါင်မှုဒဏ်ကြောင့် လယ်ဧက ၄၅ ရာခိုင်နှုန်းခန့် ပျက်စီးသွားကာ တကျော့ပြန်တိုက်ပွဲကြောင့်လည်း စိုက်ပျိုးပြီးမှ စွန့်ပစ်ထားခဲ့ရသော လယ်ဧက ငါးသောင်းခန့်ရှိကြောင်း တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရသိရသည်။

ယင်းအပြင် စီတရန်မုန်တိုင်းအရှိန်ကြောင့် တောင်ကုတ်၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့်မြို့နယ်များမှ လယ်ဧကပေါင်း ၈ သောင်းကျော်ပျက်စီးခဲ့ပြီး ထိုအထဲမှ တောင်ကုတ်မြို့နယ်တွင် အများဆုံးဖြစ်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂက ပြောဆိုထားသည်။

ဗီဒီယိုများ