အိန္ဒိယက ကူညီပေးနေသည့် ရခိုင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်း တတိယနှစ်အတွက် အစည်းအဝေးပြုလုပ်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား နားလည်မှုစာချွန်လွှာ (MoU)အရ ဆောင်ရွက်လျှက်ရှိသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်သည့် ညှိနိူင်းအစည်းအဝေးကို ယမန်နေ့ (နိုဝင်ဘာ ၁၈) ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

By Admin 19 Nov 2022

အိန္ဒိယက ကူညီပေးနေသည့် ရခိုင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်း တတိယနှစ်အတွက် အစည်းအဝေးပြုလုပ်

DMG | နိုဝင်ဘာ ၁၉

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား နားလည်မှုစာချွန်လွှာ (MoU)အရ ဆောင်ရွက်လျှက်ရှိသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်သည့် ညှိနိူင်းအစည်းအဝေးကို ယမန်နေ့ (နိုဝင်ဘာ ၁၈) ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အိန္ဒိယနိုင်ငံ အစိုးရအနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် ငါးနှစ်အတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့ပေးမည်ဖြစ်သည်။ ပထမနှစ်အတွက် အိန္ဒိယနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်း နေအိမ် အလုံး ၂၅၀ ဆောက်လုပ်ပေးခဲ့ပြီဖြစ်သည်။

ဒုတိယနှစ်အတွက် စီမံကိန်းလုပ်ငန်း ၁၃ ခုမှာလည်း သဘောတူညီချက် ရရှိပြီးဖြစ်ကာ ဝန်ကြီးဌာနက စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းစဥ် ၄ ဆင့် သတ်မှတ်ဖော်ထုတ်ထားပြီး သက်ဆိုင်ရာဌာနများက စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရှိကြောင်း စစ်ကောင်စီပိုင်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် တတိယနှစ်စီမံကိန်းလုပ်ငန်း ၁၇ ခုကို Proposal (အဆိုပြုချက်) ပေးပို့ထားခြင်းနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံသံရုံး တာဝန်ရှိသူများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးတို့နှင့် တွေ့ဆုံညှိနိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဒီဟာက ငါးနှစ်စီမံကိန်းဖြစ်တယ်။ တစ်နှစ်မှာ ၅ သန်းပေါ့။ ဒါပေမယ့် ပထမနှစ်စီမံကိန်းမှာ ၃ သန်းလောက်သာ ပေးခဲ့တယ်။ ဘာဖြစ်လို့ ဆိုတော့ လုပ်ငန်းတင်ပြရတွေရှိတယ် လုပ်ငန်းပတ်သက်ပြီး တိုင်တာရတာ တွေရှိတယ်။ ဒုတိယနှစ်မှာလည်း ၃ သန်းလောက်သာ ထောက်ပံ့တာရှိသေးတယ်။ သို့သော်လည်း သူတို့က ၅ နှစ်စီ မံကိန်းအတွက် ၂၅ သန်းထောက်ပံ့သွားဖို့ဆိုပြီးတော့ ပြောတယ်” ဟု ပြည်နယ်စစ်ကောင်စီ၏ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်က ပြောသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် အိန္ဒိယနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr.Jitendra Rawat က ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက ထောက်ပံ့ပေးလျက်ရှိရာ စီမံကိန်းရန်ပုံငွေများ သုံးစွဲရာတွင် စည်းမျဥ်းစည်းကမ်းများနှင့်အညီ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စီမံကိန်းလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြှင့်တင်သော စီမံကိန်းများ ထည့်သွင်းဆောင်ရွက်စေလို ကြောင်း၊ယခုအစည်းအဝေးပြီးသည့်အချိန်တွင် အဆိုပြုလုပ်ငန်းများနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ ရရှိသည်နှင့်တစ်ပြိုင်နက် အိန္ဒိယနိုင်ငံအစိုးရသို့ ချက်ချင်းပေးပို့ဆောင်ရွက်သွားမည်ဟု ပထမ အတွင်းဝန်က ပြောကြားခဲ့သည်ဟု မြန်မာအလင့်သတင်းစာတွင် ဖော်ပြထားသည်။

“ အဲဒီ ၅ နှစ်စီမံကိန်းမှာ အိန္ဒိယအစိုးရက ရခိုင်ပြည်နယ်မှာ လိုအပ်တာတွေကို တင်ပြလာရင် ချင့်ချိန်ပြီး တော့ ပြည်လူထုရဲ့ အကျိုးအပြုဆုံး၊ အလိုအပ်ဆုံးဟာတွေကို လူ/ကယ်ပြန်နဲ့ အိန္ဒိယသံရုံးနဲ့ညှိနိူင်းပြီးတော့ အိန္ဒိယအစိုးရဆီကို တင်ပြရမယ်။ ပြီးမှ အိန္ဒိယအစိုးရရဲ့သဘောထားက ပြန်ကျလာမှာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့်တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr.Jitendra Rawat နှင့်တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။

ဗီဒီယိုများ