ပုဏ္ဏားကျွန်းတွင် ယခုရက်ပိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် အရေးပေါ်အကူအညီလိုအပ်နေ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျေးရွာအသီးသီးမှ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။

By Admin 14 Nov 2022

ပုဏ္ဏားကျွန်းတွင် ယခုရက်ပိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် အရေးပေါ်အကူအညီလိုအပ်နေ

ပုဏ္ဏားကျွန်းမြို့ အင်ကြင်းတောရ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၁၄

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျေးရွာအသီးသီးမှ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်ကာ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီး၊ ပဒေသာ၊ ယာချောင်း၊ အလယ်ကျွန်း၊ တန်းခိုး၊ ရေပေါက်ချောင်း၊ ရေဖြူကန်ကယ်ဆယ်ရေးစခန်းမှ စစ်ဘေးရှောင်များ၊ ကျော်ဇံ၊ ကျွဲထိုး စသည့်ကျေးရွာများမှ ဒေသခံငါးထောင်ခန့်မှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

မြန်မာစစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်မှုများ၊ လေကြောင်းပစ်ခတ်မှုများနှင့် စစ်ကြောင်းဝင်ရောက်မှုတို့ကြောင့် ထွက်ပြေးနေကြခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“ကျနော်တို့ အလယ်ကျွန်းရွာက ရွာလုံးကျွတ်ထွက်ပြေးနေရပါတယ်။ လက်နက်ကြီးတွေ ရွာပြင်မှာကျပါတယ်။ ပြီးရင် ရဟတ်ယာဉ်တွေနဲ့ ရွာနားကိုလာပစ်ပါတယ်။ ရွာနားက ရော်ဘာခြင်းတွေကို ရဟတ်ယာဉ်တွေနဲ့ ပစ်ချတယ်။ ရွာထဲကိုလည်း လက်နက်ကြီးတွေပစ်တယ်။ လူတော့မထိခိုက်သွားဘူး။ ဒါကြောင့် ရွာက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေပါမကျန် အကုန်လုံး ရွာကထွက်ပြေးနေကြတယ်”ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့၊ အင်ကြင်းတောရကျောင်းတွင် လူဦးရေ ၃၀၀ ကျော်ခန့်ခိုလှုံလျက်ရှိပြီး စားဝတ်နေရေးအပါအဝင် အဝတ်အထည်များ၊ အနွေးထည်များ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် ကျောင်းထိုင်ဆရာတော်က မိန့်သည်။

“အဓိကတော့ စားနပ်ရိက္ခာ အခက်အခဲရှိပါတယ်။ မနေ့ကဆိုရင် စစ်ဘေးရှောင်တွေအတွက် ဟင်းတောင်မရှိဘူး။ မနက်ကမှ ကိုယ်တော် အလှူငွေနည်းနည်းရတာကြောင့် ဟင်းရှိသွားတာ။ ဆန်ကလည်း တစ်ရက်မှ ၂ အိတ်ခွဲလောက်ကုန်တယ်။ တစ်ပတ်စာလောက်တော့ ရှိသေးတယ်။ ပြီးရင် အခုက လေတွေတိုက်တော့ သူတို့အတွက် အနွေးထည်၊ စောင်တွေလည်းလိုတယ်။ အခုတော့ စစ်ဘေးရှောင်တွေက ကျောင်းမှာရှိတဲ့ ဓမ္မာရုံ၊ ကျောင်းသင်္ခမ်းတွေမှနေတာ အဆင်ပြေနေပေမယ့် ဒီထက်ပိုတိုးလာရင်တော့ နေရာသီးခြားဆောက်ပေးရတော့မယ်။ အဓိကတော့ စစ်ဘေးရှောင်တွေအတွက် စားကုန်အခက်အခဲပါ”ဟု ဆရာတော်ကမိန့်သည်။

လတ်တလောတွင် အသစ်ရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ မြို့မဘုန်းကြီးကျောင်း၊ အင်ကြင်းတောရကျောင်းနှင့် သီရိမဇ္ဇူဘုန်းကြီးကျောင်းနှင့် ပိုးရွှီပြင်ကျေးရွာ၊နားတောင်းကျကျေးရွတို့တွင် ခိုလှုံလျက်ရှိနေကြောင်း သိရသည်။

“အမျိုးသမီးတွေအတွက် လစဉ်သုံးတွေ၊ အတွင်းခံတွေ လိုအပ်ပါတယ်။ ပြီးရင် ကလေးငယ်နဲ့သက်ကြီးရွယ်အိုတွေအတွက် စောင်တွေ၊ အနွေးထည်တွေလိုအပ်ပါတယ်။ သူတို့မှာက ပြေးလာရတာဆိုတော့ အဝတ်အစား တစ်ထည်တည်းနဲ့လေ။ အဓိကတော့ စားနပ်ရိက္ခာ၊ ဆန်အခက်အခဲ ဖြစ်နေပါတယ်”ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် မြန်မာစစ်တပ်ယာဉ်တန်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ယင်းနောက် မြန်မာစစ်တပ်သည် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသောကြောင့် ဒေသခံများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် တကျော့ပြန်တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဩဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင်ဦးရေ ၁၆၀၀၀ တိုးလာခဲ့ပြီး ယခင်က စစ်ဘေးရှောင်ဦးရေနှင့်ပေါင်းပါက စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၉၀၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ