ကရင်နီ စစ်ရှောင်စခန်းများတွင် လူဦးရေ ထပ်တိုးလာမှုကြောင့် ရေနှင့် ရိက္ခာများပြတ်လပ်နေ

ယခုရက်ပိုင်း ထပ်မံ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ထောင်ချီထပ်မံတိုးလာသဖြင့် သောက်သုံးရေနှင့် စားနပ်ရိက္ခာပြတ်လပ်နေပြီး အကူအညီများ အရေးတကြီးလိုအပ်လာနေကြောင်း ကရင်နီ စစ်ဘေးရှောင် ကူညီရေး လုပ်ဆောင်သူများထံမှ သိရသည်။

By Admin 21 Nov 2022

ကရင်နီ စစ်ရှောင်စခန်းများတွင် လူဦးရေ ထပ်တိုးလာမှုကြောင့် ရေနှင့် ရိက္ခာများပြတ်လပ်နေ

စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ စစ်ဘေးရှောင်စခန်းသို့ သောက်သုံးရေနှင့် စားနပ်ရိက္ခာများကို သွားရောက် ပေးနေစဥ်။ ဓာတ်ပုံ- ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်

DMG | နိုဝင်ဘာ ၂၁

ယခုရက်ပိုင်း ထပ်မံ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ထောင်ချီထပ်မံတိုးလာသဖြင့် သောက်သုံးရေနှင့် စားနပ်ရိက္ခာပြတ်လပ်နေပြီး အကူအညီများ အရေးတကြီးလိုအပ်လာနေကြောင်း ကရင်နီ စစ်ဘေးရှောင် ကူညီရေး လုပ်ဆောင်သူများထံမှ သိရသည်။

လွိုင်ကော်၊ ဖယ်ခုံ၊ ဒီးမော့ဆိုနှင့် မိုးဗြဲဒေသတို့တွင် ယခု နိုဝင်ဘာလ အတွင်း ပြင်းထန်လာနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ထောင်ချီ ထပ်မံတိုးလာခြင်းဖြစ်သည်။

စစ်ရှောင်ကူညီရေးလုပ်ဆောင်သူ တစ်ဦးက “ စစ်ရှောင်ဦးရေက တိုက်ပွဲတွေကြောင့် နှစ်ထောင် ဝန်းကျင် ထပ်တိုးလာတယ်။ စစ်ရှောင်စခန်းတွေက လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲနဲ့ ဖယ်ခုံစခန်းတွေမှာ တိမ်းရှောင်သူ ပိုတိုးလာတယ် ” ဟု ၄င်းကပြောသည်။

ယင်းစစ်ဘေးရှောင်စခန်းများမှ ဒီးမော့ဆိုနှင့်ဖယ်ခုံစခန်းတို့မှာ လူဦးရေ ၁၀၀၀၀ ကျော်အထိရှိနေပြီး စားနပ်ရိက္ခာနှင့် သောက်သုံးရေ အရေးပေါ်လိုအပ်နေခြင်းဖြစ်ကြောင်း ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက် အဖွဲ့တာဝန်ရှိသူများထံကသိရသည်။

“ ဒီးမော့ဆိုနဲ့ ဖယ်ခုံက စခန်းတွေက လူဦးရေ ငါးထောင်ကျော်ရှိနေတဲ့ အတွက် လိုအပ်ချက် အများဆုံး ဖြစ်တယ်။ အခြားလက်လှမ်းမမီတဲ့ စခန်းတွေ မြို့နယ်တွေလဲ ရှိတယ်။ အခက်အခဲဖြစ်နေတဲ့ စခန်းအရေအတွက် အကြမ်းအဖျင်း အနေနဲ့ ၁၅၀ ဝန်းကျင်ရှိနေတယ် ” ဟု ကရင်နီ ပြည် စစ်ဘေး ရှောင် ကူညီ စောင့်ရှောက်ရေးကွန်ရက်အဖွဲ့တာဝန်ရှိသူကဆိုသည်။

ယင်းဒေသခံ စစ်ဘေးရှောင်များ ဦးရေမြင့်တက်လာမှုနှင့် အတူ စားနပ်ရိက္ခာနှင့် သောက်သုံးရေ အပြင် ဆေးဝါးများပါ ပြတ်တောက်မှု ရှိလာနေကြောင်းလည်း ကျန်းမာရေး စောင့်ရှောက်ရေး အဖွဲ့များ ထံက သိရသည်။

“ စားနပ်ရိက္ခာ တွေ မကဘူး ဆေးဝါးတွေကလည်း လိုအပ်လာတယ်။ တိမ်းရှောင်ရတဲ့ ဒေသခံဦးရေ တွေ ပိုတိုးလာတာလည်း ပါတယ်။ လိုအပ်တဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်။ သောက်သုံးရေ တွေသယ်ဆောင်ရမှာလည်း သတိထားပြီး ပို့ဆောင်ပေး နေရတယ်။ စစ်တပ်ရဲ့ ဖမ်းဆီးစစ်ဆေးတာကို ရှောင်ရတာလည်းပါတယ် ” ဟု စစ်ဘေးရှောင် ကျန်းမာရေး စောင့်ရှောက်ရေး အဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

ကယား(ကရင်နီ)ဒေသတွင် ပြီးခဲ့သည့် မေလမှယခု နိုဝင်ဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ စစ်ဘေးရှောင် အရေအတွက် နှစ်သိန်းခွဲ နီးပါး အထိရှိလာ ကြောင်း ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ယက်အဖွဲ့ထံက သိရသည်။

ဗီဒီယိုများ