နမ့်ဆန်တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီနှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

By Admin 08 Dec 2022

နမ့်ဆန်တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

နမ့်ဆန်မြို့နယ်တွင် တိုက်ခိုက်နေသည့် စစ်ရဟတ်ယာဥ်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ-CJ

DMG | ဒီဇင်ဘာ ၈

ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီနှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

နမ့်ဆန်မြို့နယ်ရှိ TNLA အခြေစိုက်စခန်းကို စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် ယမန်နေ့( ဒီဇင်ဘာ ၇ ) နေ့လည် ၂ နာရီမှ ယနေ့ (ဒီဇင်ဘာ ၈) နေ့လည် ၁နာရီ ကျော်အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။

လက်ရှိတွင် နမ့်ဆန်မြို့နယ် မန်လုံ(ဘန်လုံး)၊ ဟူးမန်းနှင့် ပန်အလောတ် စသည့် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးကာ ရဟတ်ယာဥ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း နမ့်ဆန်မြို့ခံတစ်ဦးက ပြောသည်။

“မနေ့ နေ့လည်ကတည်းက စစ်တပ်တွေ လေယာဥ်တွေ အင်အားလာဖြည့်တယ်။ ပြီးတော့ ရဟတ်ယာဥ်တွေနဲ့ မန်လုံနဲ့ ဟူးမန်းဘက်ကို ဗုံးကြဲနေတယ်။ အခုအထိ ဗုံးကြဲနေတုန်းပဲ ” ဟု ၄င်းကပြောသည်။

ယင်းသို့ စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ယနေ့ နေ့လည် ၁နာရီ ခွဲအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။

“ အခုနကနေ စစ်ရဟတ်ယာဥ် နှစ်စီးနဲ့ လာပစ်နေတယ်။ ရွာအနားမှာ တိုက်ပွဲဖြစ်နေတာ။ အခု ရွာသားတွေ ကြောက်ပြီးရှောင်နေရတယ်” ဟု မန်လုံ(ဘန်လုံး)ကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် နမ့်ဆန်မြို့နှင့် မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မန်လုံ (ဘန်လုံး)၊ ဟူးမန်းနှင့် ပန်အလောတ်နှင့် ကုန်းသာကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၃၀၀၀ ခန့်မှာ နီးစပ်သည့် တောတောင်အတွင်းသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများထံကသိရသည်။

“ အခု မနက်က လက်နက်ကြီးနဲ့ပစ်တာ ရွာထဲကို လာကျတယ်။ ရွာထဲက အိမ် ၁၀ လုံးလောက်ကျည်မှန်ပြီး ပျက်စီးသွားတယ်။ ရွာထဲမှာ အခြေအနေမကောင်းတော့လို့ ရှောင်နေရပါတယ် ” ဟု ကုန်းသာကျေးရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့အပြင် နမ့်ဆန်မြို့နယ် အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ ယနေ့ နေ့လည် ၂ နာရီ ဝန်းကျင်အထိ ရဟတ်ယာဥ် များဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်း စစ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်နေမှုများကြောင့် မြို့တွင်းရှိ စာသင်ကျောင်းများနှင့် စျေးဆိုင်များကိုလည်း ပိတ်ထားရကြောင်း မြို့ခံများထံက သိရသည်။

ဗီဒီယိုများ