ဝန်ထမ်းအင်အားနည်းနေ၍ ရခိုင်ပြည်ရှိ အဏ္ဏဝါအမျိုးသားဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အခက်တွေ့နေရ

မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ပေါင်း ၈၀ ခန့် လာရောက်ကျက်စားလေ့ရှိသည့် ရခိုင်ပြည်မှ အဏ္ဏဝါအမျိုးသားဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဝန်ထမ်းအင်အား နည်းပါးလျက်ရှိကြောင်း သိရသည်။

By Admin 07 Nov 2022

ဝန်ထမ်းအင်အားနည်းနေ၍ ရခိုင်ပြည်ရှိ အဏ္ဏဝါအမျိုးသားဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အခက်တွေ့နေရ

DMG ၊ နိုဝင်ဘာ ၇

မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ပေါင်း ၈၀ ခန့် လာရောက်ကျက်စားလေ့ရှိသည့် ရခိုင်ပြည်မှ အဏ္ဏဝါအမျိုးသားဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဝန်ထမ်းအင်အား နည်းပါးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ နံ့သာကျွန်းတွင်ရှိသော အဏ္ဏဝါအမျိုးသားဥယျာဉ်သည် ဧကပေါင်း နှစ်သောင်းကျော် ကျယ်ဝန်းသည်။ အဆိုပါဥယျာဉ်ကို လက်ရှိတွင် ဝန်ထမ်းနှစ်ဦးတည်းဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

“ဝန်ထမ်းကလည်း မလုံလောက်ဘူး။ ပြောရမယ်ဆိုရင် အခုလက်ရှိကတော့ ကျွန်တော်တို့ တတ်နိုင်သလောက် လုပ်နေတာပေါ့။ အစိုးရက ဝန်ထမ်းတွေ အများကြီးချပေးနိုင်ရင် ကောင်းမယ်။ အခုဆိုရင် နံ့သာကျွန်းဟာ အဏ္ဏဝါအမျိုးသားဥယျာဉ်ဖြစ်သွားပြီဆိုတော့ ဒီနေရာက အများကြီး အရေးကြီးတယ်။ ဒါတွေကိုထိန်းသိမ်းဖို့ အများကြီးလိုအပ်တယ်”ဟု ရခိုင်ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဦးရန်နောင်စိုးကပြောသည်။

တစ်ဘက်တွင်လည်း ယင်းအဏ္ဏဝါအမျိုးသားဥယျာဉ်ကို ထိထိမိမိ ကာကွယ်နိုင်ရန်အတွက် ဘတ်ဂျက်များ လိုအပ်နေကြောင်းလည်း ၎င်းကဆက်ပြောသည်။

တစ်နှစ်အတွင်း မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် ကမ္ဘာ့ငှက်ရှားပါးမျိုးစိတ်ပေါင်း ၈၀ ခန့်နှင့် ငါး၊ ပုစွန်၊ ကဏန်းအပါအဝင် ကမ္ဘာ့ရှားပါးလိပ်များသည် အဆိုပါဥယျာဉ်တွင် လာရောက်ကျက်စားလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ပွင့်လင်းရာသီရောက်လျှင် ငှက်အကောင်ရေ တစ်သိန်းနှစ်သောင်းခန့်မှာ ကျွန်းပေါ်သို့ လာရောက်စားလေ့ရှိပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် လာရောက်ကျက်စားသော အခြားငှက်များလည်းရှိကြောင်း သိရသည်။

အဏ္ဏဝါအမျိုးသားဥယျာဉ်သည် ရခိုင်တစ်မျိုးသားလုံးအတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက်ပါ အရေးပါသည့်အတွက် ပြည်သူများအနေဖြင့်လည်း ငှက်များကို ဖမ်းဆီးသတ်ဖြတ်မှုများ မပြုလုပ်သင့်ကြောင်း မင်းပြားဒေသခံ ကိုသန်းလင်းထွန်းကပြောသည်။

“ဒီအဏ္ဏဝါ အမျိုးသားဥယျာဉ်ဟာ ကျွန်တော်တို့ ပြည်သူတွေအတွက် အရမ်းအရေးကြီးတယ်။ ဒီဥယျာဉ်ထဲမှာရှိတဲ့ ငှက်တွေကြောင့် ကျွန်တော်တို့ အန္တရာယ်အခြေနေတွေကို သိရတယ်။ ဥပမာဆိုရင် ကျွန်တော်တို့ဆီမှာ မုန်တိုင်းရှိတယ်ဆိုရင် ကျွန်တော်တို့ကို အချက်ပြပေးတယ်။ သူတို့စားကျက်ကို မလာတော့တဲ့ သဘောမျိုးနဲ့ပေါ့”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း ဒေသမတည်ငြိမ်မှုများကြောင့် လမ်းခရီးတချို့ပိတ်ထားရာတွင် နံ့သာကျွန်းဒေသလည်း ပါဝင်နေသည့်အတွက် ခရီးသွားများ သွားရောက်မလည်ပတ်နိုင်သေးကြောင်း သိရသည်။

အဆိုပါဥယျာဉ်သို့သွားသည့် လမ်းခရီးများကို မည်သည့်အချိန်တွင် ပြန်လည်ဖွင့်ပေးမည်နှင့် ယင်းကျွန်းကို ခရီးသွားများ သွားရောက်လည်ပတ်နိုင်ရန် မည်ကဲ့သို့ ခွင့်ပြုချက်များလိုအပ်သည်ကို သိနိုင်ရန် ရခိုင်ပြည်နယ် စစ်ကောင်စီထံသို့ DMG မှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ယင်းအဏ္ဏဝါအမျိုးသားဥယျာဉ်ကို စည်းစနစ်ကျကျ ပြုပြင်ထိန်းသိမ်းထားမည်ဆိုလျှင် သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများ ပေါ်ထွက်လာမည်နိုင်ပြီး ရခိုင်ပြည် ဖွံ့ဖြိုးရေးအတွက်လည်း များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်နေသူများက ပြောသည်။

နံ့သာကျွန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ လန်ပိကျွန်းကို ပထမဆုံးသတ်မှတ်ခဲ့ပြီး ယခုနံ့သာကျွန်းသည် ဒုတိယမြောက် သတ်မှတ်ခံထားရခြင်းဖြစ်သည်။

လန်ပိကျွန်းမှာ ၂၀၅ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ဥယျာဉ်တစ်ခုလုံးတွင် မျိုးသုန်းတော့မည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသော အဏ္ဏဝါမျိုးစိတ်ပေါင်း ၅၀ ကျော်ခန့်ကို ထိန်းသိမ်းစောင့်ရှောက် ပေးလျှက်ရှိကြောင်း ရခိုင်ကမ်းရိုးတန်းဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

ဗီဒီယိုများ