- မောင်တောနယ်စပ်က AA စခန်းအချို့ကို ARSA တိုက်ခိုက်
- ကလေးမိခင်များကို စစ်မှုထမ်း ခေါ်ယူခြင်းမရှိဟု AA ပြော
- စစ်မြေပြင်က တရုတ်စီမံကိန်းများ အနာဂတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် ( ဩဂုတ် ၄ မှ ဩဂုတ် ၁၀ ရက်နေ့အထိ)
- AA တပ်ဖွဲ့ဝင်တစ်ဦး သေနတ်နှင့်အတူ လက်နက်ချလာကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ထုတ်ပြန်
ရခိုင်ပြည်မှ အခြားဒေသများသို့ ရွှေ့ပြောင်းထွက်ခွာလိုသူ များလာနေကြောင်း UNDP ဖော်ပြ
ရခိုင်ပြည်တွင်း လက်ရှိဖြစ်နေသည့် စစ်ရေးပဋိက္ခ၊ စီးပွားရေးအကျပ်အတည်း၊ စစ်မှုထမ်းခေါ်ယူမှုတို့ကြောင့် လူငယ်များမှာ ပြည်းတွင်းတွင် မနေချင်တော့၍ အခြားနေရာများသို့ ရွှေ့ပြောင်းထွက်ခွာလိုသူ ၆၀ ရာခိုင်နှုန်း ကျော် ရှိကြောင်း UNDP အစီရင်ခံစာတွင် ဖော်ပြသည်။
12 Aug 2025

DMG ၊ ဩဂုတ် ၁၂
ရခိုင်ပြည်တွင်း လက်ရှိဖြစ်နေသည့် စစ်ရေးပဋိက္ခ၊ စီးပွားရေးအကျပ်အတည်း၊ စစ်မှုထမ်းခေါ်ယူမှုတို့ကြောင့် လူငယ်များမှာ ပြည်းတွင်းတွင် မနေချင်တော့၍ အခြားနေရာများသို့ ရွှေ့ပြောင်းထွက်ခွာလိုသူ ၆၀ ရာခိုင်နှုန်း ကျော် ရှိကြောင်း UNDP အစီရင်ခံစာတွင် ဖော်ပြသည်။
ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ၏ ဩဂုတ်လ ၁၂ ရက်ထုတ် " ဌာနေဝေးမျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့် ရွေ့ပြောင်းအခြေချနေထိုင်ခြင်း" အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။
ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ လူငယ်တစ်ဦးက " နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ မိသားစု စီးပွားရေးလည်း ထိုးကျ၊ ကိုယ့်အတွက် အခွင့်အလမ်းဆိုတာ ကောက်ရိုးပုံထဲ အပ်ပျောက် ရှာရသလို ဖြစ်နေတယ်။ ဒီနေရာမှာ မရရင် ရတဲ့ နေရာသွားမယ်ဆိုပြီး ကြည့်ရင်လည်း ဒီနိုင်ငံထဲမှာ လက်ရှိအခြေအနေအရ ကျနော်တို့ လူငယ်တွေအတွက် ဘာအာမခံချက်မှ ရှိမနေတော့ ကိုယ်တိုင်က ပြည်ပပဲ ထွက်လိုတယ် " ဟု ပြောသည်။
UNDP ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်သော် ရခိုင်မှာ ရွှေ့ပြောင်းလိုသူ လူငယ် ၆၀ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်နေပြီး ယင်းအထဲမှ ၉ ရာခိုင်နှုန်းမှာ စစ်မှုထမ်း ဥပဒေကြောင့်ဖြစ်ဟု ဆိုသည်။
UNDP သည် မြန်မာနိုင်ငံတဝန်းရှိလူငယ် ၇,၀၀၀ ကျော် သဘောထားကို ၂၀၂၄ ခုနှစ်တွင် မေးမြန်းခဲ့ကြောင်း ဆိုသည်။ ယင်းစစ်တမ်းအရ လူငယ် ၁၀ ဦးထဲတွင် ၄ ဦးနှုန်းမှာ မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားမည်ဖြစ် ကြောင်း ဖော်ပြထားသည်။
အခြားတစ်ဖက်တွင်လည်း လူငယ် ထက်ဝက်နီးပါးက လာမည့် ငါးနှစ်အတွင်း မြန်မာလူငယ်တို့ ဘဝမှာ ပိုမို ကောင်းမွန်လာမည်ဟု ယုံကြည်ကြဆဲဖြစ်ပြီး နောက်ထပ် လူငယ် သုံးပုံနှစ်ပုံက ငြိမ်းချမ်းရေး ပြန်လည်တည် ဆောက်နိုင်မည်ဟု ယုံကြည်ကြဆဲဖြစ်ကြောင်း ဆိုထားသည်။
ယင်းအပြင် UNDP ၏ အချက်အလက်အသစ်များအရ နိုင်ငံအတွင်းမှ ပညာတတ်လူငယ်၏ ၅၃ ရာခိုင်နှုန်းမှာ နိုင်ငံအတွင်းမှ ထွက်ခွါရန် ဆန္ဒရှိနေပြီး၊ ကျန်းမာရေး၊ ပညာရေးနှင့် အင်ဂျင်နီယာ စသည့် ကဏ္ဍများတွင် ဦးနှောက် ယိုစိမ့်မှုကြောင့် ပြည်တွင်း လုပ်သားရှားပါးလာနိုင်ခြေရှိကြောင်း ဆိုထားသည်။
လက်ရှိတွင် ဂျပန်နိုင်ငံသည် လူငယ်အများစု သွားရောက်လိုသည့် နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံသည်လည်း လက်တွေ့တွင် သွားရောက်မှု အများဆုံးနိုင်ငံဖြစ်နေကြောင်း သိရသည်။
လူငယ် ၄၇ ရာခိုင်နှုန်းမှာ ခရီးသွားစာရွက်စာတမ်းမရှိသဖြင့် လုံခြုံရေးအာမခံချက်မရှိသည့်(တရားမဝင်) လမ်းကြောင်းများမှ သွားရောက်နေကြရကြောင်း ဆိုထားသည်။
ထို့အတူ လူငယ် ၅၅ ရာခိုင်နှုန်းကျော်မှာ မြန်မာနိုင်ငံသည် လမ်းမှားကို ဦးတည်နေပြီး မလုံခြုံမှု များလာခြင်း၊ ပညာရေး စနစ်ပျက်ယွင်းခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းကို ဦးတည်နေကြောင်း ယုံကြည် နေကြသည်။
၂၀၂၁ ခုနှစ်ကတည်းက မြန်မာမှ လူငယ် ၃ သိန်း မှ ၅ သိန်းကြား ပြည်ပသို့ ထွက်ခွာသွားကြပြီးကြောင်းလည်း ဆိုထားသည်။
လက်ရှိ နိုင်ငံတဝန်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာနေပြီး လူငယ်များမှာ လူမှုဘဝတိုးတက်ရေးနှင့် စီးပွားရေးအကျပ်အတည်းများကြားတွင် မျှော်လင့်ချက်မဲ့နေကြကြောင်း ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုမှ အမျိုးသားတစ်ဦးက ဆိုသည်။
" အခုတိုက်ပွဲကာလမှာ လူငယ်တွေအနေနဲ့ ပဋိပက္ခကြားက မြေစာပင် အဖြစ်ခံကြရတယ်။ သူတို့အနေနဲ့ စစ်မှုထမ်းခေါ်တာတွေ၊ အကျပ်အတည်းစိန်ခေါ်မှုတွေကြားမှာ မျှော်လင့်ချက် လုံးဝမဲ့နေတဲ့ အခြေအနေအတွက် သက်ဆိုင်ရာအာဏာပိုင်တွေက လမ်းဖွင့်ပေးဖို့ လိုတယ်။ အဓိက ချောင်ပိတ်ခံရသလို ဖြစ်တာများတော့ ပိုပြီး စွန့်စား ထွက်လိုစိတ် များလာကြတာဖြစ်တယ် " ဟု ၎င်းက ပြောသည်။
သို့သော်လည်း အဆိုပါ လူငယ်များ၏ ၉၀ ရာခိုင်နှုန်းမှာ နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများ ပြန်လည် ကောင်းမွန်လာပါက ပြန်လာမည်ဟု ဆိုကြသည်။
လက်ရှိ ရခိုင်အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ လူငယ်များမှာ လူမှုဘဝစားဝတ်နေရေး မပြေလည်မှုများကြောင့် အခက်အခဲ၊ အတားအဆီးများကြားမှ ရရာနည်းလမ်းဖြင့် ပြည်ပထွက်ခွာနေကြပြီး အချို့မှာ ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။