ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့ လာမည့်ရက်ပိုင်းတွင် တွေ့မည်ဟု ကရင်မလင် ပြော

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့သည် လာမည့်ရက်ပိုင်းအတွင်း၌ တွေ့ဆုံကြမည်ဟု ကရင်မလင်နန်းတော်က ဩဂုတ်လ ၇ ရက်နေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 09 Aug 2025

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပခဲ့သော ဂျီ-၂၀ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးပွဲအတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့ တွေ့ဆုံဆွေးနွေးနေကြစဉ်။ (ဓာတ်ပုံ - Reuters)
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပခဲ့သော ဂျီ-၂၀ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးပွဲအတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့ တွေ့ဆုံဆွေးနွေးနေကြစဉ်။ (ဓာတ်ပုံ - Reuters)

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့သည် လာမည့်ရက်ပိုင်းအတွင်း၌ တွေ့ဆုံကြမည်ဟု ကရင်မလင်နန်းတော်က ဩဂုတ်လ ၇ ရက်နေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခု တွေ့ဆုံမှုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဘက်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်စပ်လျဉ်း၍ စိတ်ပျက်ဒေါသထွက်သည့် အကြောင်းတရားများကို ထုတ်ဖော်ပြောကြားကာ ပိတ်ဆို့အရေးယူမှု အသစ်များဖြင့် ခြိမ်းခြောက်လိုက်ပြီးသည့်နောက် ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်မည့် အောင်မြင်မှုတစ်ရပ်ကို ရှာဖွေနေချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။

ရုရှားနှင့် အမေရိကန်တို့သည် လာမည့်ရက်ပိုင်းအတွင်း၌ ပူတင်-ထရမ့် ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပရန် သဘောတူညီထားကြောင်း ကရင်မလင်၏ အကြံပေးပုဂ္ဂိုလ် ယူရီ ယူရှာကော့ဗ် က ပြောကြားသည်။

မော်စကိုမြို့တွင် ဗုဒ္ဓဟူးနေ့က သမ္မတ ထရမ့်၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်တ်ကော့ဖ်နှင့် ရုရှားသမ္မတ ပူတင်တို့ သုံးနာရီကြာ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ဖြစ်နိုင်ခြေရှိသည့်ဆွေးနွေးမှုများအတွက် လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးသည် ဥရောပခေါင်းဆောင်များနှင့် ပြီးခဲ့သည့် ကြာသပတေးနေ့က တွေ့ဆုံစကားပြောဆိုခဲ့ရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ဥရောပအနေနှင့် မဖြစ်မနေ ပါဝင်ရမည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ဥရောပခေါင်းဆောင်များမှာ သမ္မတ ထရမ့်ဘက်က ဇီလန်စကီးကို ဝေဖန်ခဲ့မှုများရှိခဲ့သည့်တိုင် ယူကရိန်း၏ ရပ်တည်ချက်ကို ပိုမိုစာနာထောက်ထားသူများအဖြစ် ရှုမြင်ခံထားရသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် လူအသေအပျောက်အများဆုံးဖြစ်သော သုံးနှစ်ခွဲကြာ ပဋိပက္ခကို ရုရှားသမ္မတ ပူတင်ဘက်က အဆုံးသတ်ရန် သဘောမတူလျှင် ရုရှားနှင့် ရုရှား၏ပို့ကုန်များ ဝယ်ယူနေသည့်နိုင်ငံများကို သောကြာနေ့မှစ၍ ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်မည်ဟု သမ္မတ ထရမ့်က ခြိမ်းခြောက်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးအတွက် သတ်မှတ်ထားသည့် နောက်ဆုံးရက် သောကြာနေ့သည် ဆက်ရှိနေသေးသလားဟု သတင်းထောက်များက မေးမြန်းသည်ကို သမ္မတ ထရမ့်က "ဒါက သူ့အပေါ်မှာပဲ မူတည်ပါတယ်။ သူ ဘာပြောမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်သွားမယ်" ဟု ပြန်လည်ဖြေကြားသွားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားတင်ပို့သော ရေနံများကိုဝယ်ယူနေသည့် အိန္ဒိယနိုင်ငံအပေါ် ဗုဒ္ဓဟူးနေ့က အခွန်နှုန်းထားများ ပိုမိုတိုးမြှင့်ချမှတ်ခဲ့ပြီး ရုရှားရေနံစိမ်းကို အများဆုံးဝယ်ယူသည့် အခြားနိုင်ငံတစ်ခုဖြစ်သော တရုတ်နိုင်ငံအပေါ်လည်း အလားတူ အပိုဆောင်းအခွန်များ ဆက်လက်ချမှတ်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ၎င်း၏ သောကြာနေ့ နောက်ဆုံးသတ်မှတ်ရက် ကုန်ဆုံးပြီးနောက်တွင် ထပ်မံလုပ်ဆောင်မည့်အရေးယူမှုများ ရှိ၊ မရှိကိုမူ ရှင်းလင်းပြတ်သားစွာ မသိရှိရသေးပေ။