ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲများ ၂၀၂၆ ဖေဖော်ဝါရီတွင် ကျင်းပမည်ဟု ပါမောက္ခယူနွတ်ပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်လုံးကျွတ်ရွေးကောက်ပွဲများအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသွားမည်ဟု ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် မိုဟာမက်ယူနွတ်က ပြောလိုက်ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 06 Aug 2025

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ပါမောက္ခ မိုဟာမက်ယူနွတ်အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က လန်ဒန်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

ပြီးခဲ့သည့်နှစ်က ရှိတ်ဟာဆီနာအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း ပထမဆုံး ကျင်းပမည့် ယခုရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ယူနွတ်က သြဂုတ်လ ၅ ရက်နေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

"ကြားဖြတ်အစိုးရရဲ့ကိုယ်စား ရွေးကောက်ပွဲကော်မရှင်နာဆီ ကျွန်တော် စာတစ်စောင် ပေးပို့ပြီး ၂၀၂၆ ဖေဖော်ဝါရီလမှာ ရာမာဒန်ပွဲ မတိုင်ခင် ရွေးကောက်ပွဲ စီစဉ်နိုင်ဖို့ တောင်းဆိုသွားမှာပါ" ဟု ယူနွတ်က ရှိတ်ဟာဆီနာ ပြုတ်ကျသည့် တစ်နှစ်ပြည့် အထိမ်းအမှတ် ရုပ်သံမိန့်ခွန်းတွင် ပြောဆိုသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အသက် ၈၅ နှစ်အရွယ် ပါမောက္ခယူနွတ်သည် ဘင်္ဂလားဒေ့ရှ်၏ လက်ရှိ ကြားဖြတ်အစိုးရအဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားကာ ရွေးကောက်ပွဲ ကျင်းပအပြီးတွင် ရာထူးမှ ပြန်ဆင်းပေးမည်ဟု ကတိပေးထားသည်။

"ဒီမိန့်ခွန်းကို ပြောကြားအပြီးမှာတော့ ကျွန်တော်တို့ဟာ နောက်ဆုံးနဲ့ အရေးအကြီးဆုံး အဆင့်ဆီ ဝင်ရောက်တော့မှာပါ။ ဒီအဆင့်ကတော့ ရွေးကောက်ခံအစိုးရဆီ အာဏာပြန်အပ်နှင်းဖို့ပဲ ဖြစ်ပါတယ်" ဟုလည်း မိုဟာမက်ယူနွတ်က ရုပ်သံမိန့်ခွန်းတွင် ပြောကြားသည်။

"အစိုးရရဲ့ကိုယ်စား ကျွန်တော်တို့အနေနဲ့ ဒီရွေးကောက်ပွဲကြီး လွတ်လပ်ဖို့၊ ငြိမ်းချမ်းဖို့၊ အောင်ပွဲခံနိုင်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေ အားလုံးကို ပံ့ပိုးသွားမှာပါ" ဟုလည်း ယူနွတ်က ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။