မင်းပြားတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် အမှုဖွင့်ထား

ရခိုင်ပြည်၊ မင်းပြားမြို့ ဥက္ကာပျံ ရပ်ကွက် အုပ်ချုပ်‌‌ရေးမှုးကို AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂) ဖြင့် အမှုဖွင့်ခံထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။

By Admin 14 Dec 2022

မင်းပြားတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် အမှုဖွင့်ထား

မင်းပြားမြို့ အဝင်ကိုတွေ့ရစဉ်

DMG | ဒီဇင်ဘာ ၁၄

ရခိုင်ပြည်၊ မင်းပြားမြို့ ဥက္ကာပျံ ရပ်ကွက် အုပ်ချုပ်‌‌ရေးမှုးကို AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂) ဖြင့် အမှုဖွင့်ခံထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။

အမှုဖွင့်ခံလိုက်ရသူမှာ ၉ နစ်ကျော်ကြာ အုပ်ချုပ်ရေးမှုးအဖြစ် လုပ်ကိုင်နေသူ အသက် ၅၇ နှစ်အရွယ် ဦးအောင်ကျော်လှ (ခ) နီတောင်းချေ ဖြစ်သည်။

“ဒီအပတ် တနင်္လာနေ့က (နိုဝင်ဘာလ ၅) ရက်နေ့က ရုံးထုတ်တဲ့အခါ သိရတယ်။ ၁၇ (၁) (၂) နဲ့ ဖွင့်ထားတယ်။ အဲဒီနေ့က တစ်ခေါက်ပဲ ရုံးထုတ်သေးတယ် ” ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

၎င်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးစရာရှိသည် ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၂ လကျော်ကြာမှ ယခုကဲ့သို့ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုအုပ်ချုပ်ရေးမှူးအား မင်းပြားမြို့အခြေစိုက် ခမရ ၃၈၀ တပ်ရင်းထဲတွင် ထိန်းသိမ်းထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ ကျွန်မတို့မှာ ဟိုအဖွဲ့ ဒီအဖွဲ့တွေနဲ့ ဆက်သွယ်မှု မရှိပါ။ ရပ်ကွက်ထဲက လူတိုင်းကို မေးကြည့်လည်းရပါတယ်။ တကယ်တမ်းလည်း AA နဲ့ အဆက်အသွယ်မရှိပါ။ လူတစ်စု မနာလိုပြီး လုပ်တာလို့ပဲ ထင်မိပါတယ်။ ကျွန်မတို့က မရှိတဲ့လူတွေကိုလည်း ကူညီပြီး အေးအေးဆေးဆေး နေကြတဲ့လူတွေပါ ” ဟု ထိုမိသားစုဝင်က ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးကျော်သူရကို DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပါ။

လက်ရှိ ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့မှာ နားလည်မှုဖြင့် အပစ်ခတ်ရပ်စဲထားသည့် ကာလဖြစ်သဖြင့် အပစ်အခတ်ရပ်စဲရေးတွင် ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးသင့်ကြောင်း နိုင်ငံရေးသမားများက ဆိုသည်။

ရခိုင့် ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက “ အပြန်အလှန် လွတ်ပေးမယ့် အစီအစဉ်တွေရှိရင် ၁၇ (၁) (၂) အမှုတွေဟာ လွတ်သင့်ပါတယ်။ ရှေ့ကိုပိုပြီး အပစ်အခတ် ရေရှည်တည်မြဲဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုရင် ULA/AA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့လူတွေ၊ အထောက်အကူပေးတယ်ဆိုပြီး ဖမ်းဆီးထားတဲ့လူတွေကို လွှတ်သင့်တယ်လို့ ယူဆပါတယ် ” ဦးဖေသန်းက ဆက်ပြောသည်။

DMG က ကောက်ယူထားသည့် စာရင်းများအရ တကျော့ပြန်စစ်ပွဲကာလအတွင်း ရခိုင်တွင် မြန်မာစစ်တပ်မှ ဖမ်းဆီးထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦးထက်မနည်းရှိပြီး တစ်ချို့သောသူများမှာမူ မတရားအသင်းဆက်သွယ်မှု ပုဒ်မဖြင့် အမှုဖွင့်ခံထားရကာ တစ်ချို့မှာလည်း ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။

လက်ရှိတွင် ဘူးသီးတောင်မြို့နယ် မီးကျောင်းစျေး ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှုးတို့မှာ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခံထားရသည်။

ထို့အပြင် ကျောက်ဖြူမြို့ စေတီယျရပ်ကွက် အုပ်ချုပ်‌ရေးမှုး ဦးစိုးလှထွန်းနှင့် ပြင်ဖြူမော်ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးခင်မောင်ထွန်း၊ မောင်တောမြိုနယ် ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူ ဦးဘုန်းကိုနိုင်တို့မှာ လက်ရှိတွင် ဖမ်းဆီးခြင်းခံထားရသည်။

ဗီဒီယိုများ