ဗုံးကြဲခံရသည့် ကျောက်နီမော်ရွာသားများ တစ်လကျော်ကြာထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေဆဲ

နေအိမ်မီးလောင်ပျက်စီးသွားသည့်ထဲမှ ဒေသခံအများစုမှာ မူလနေရာ၌ ဝါးတဲအိမ်များ ဆောက်လုပ်ကာ ပြန်လည်နေကြသော်လည်း အိမ်ထောင်စု ၉၂ စု၊ လူဦးရေ ၅၀၀ ခန့်မှာ ငွေကြေးမတတ်နိုင်၍ ပြန်လည် မထူထောင်နိုင်ကြသေးပေ။

By Admin 08 Mar 2025

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ဗုံးကြဲခံရမှုကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်။
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ဗုံးကြဲခံရမှုကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်။

DMG ၊ မတ် ၈

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်မီးလောင်ပျက်စီးသွားခဲ့သည့် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ ဒေသခံ ၅၀၀ ခန့်မှာ တစ်လကျော်ကြာထိ ပြန်လည်ထူထောင်ရန်အတွက် အခက်အခဲများရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

နေအိမ်မီးလောင်ပျက်စီးသွားသည့်ထဲမှ ဒေသခံအများစုမှာ မူလနေရာ၌ ဝါးတဲအိမ်များ ဆောက်လုပ်ကာ ပြန်လည်နေကြသော်လည်း အိမ်ထောင်စု ၉၂ စု၊ လူဦးရေ ၅၀၀ ခန့်မှာ ငွေကြေးမတတ်နိုင်၍ ပြန်လည် မထူထောင်နိုင်ကြသေးပေ။

" သူတို့မှာ အဓိက လိုအပ်ချက်ကတော့ ငွေကြေးပါ။ ငွေကြေးရှိမှပဲ သူတို့ လိုအပ်တာကို ဝယ်ယူနိုင်မယ်။ စားနပ်ရိက္ခာကတော့ အရင်လတုန်းက ပေးထားတာနဲ့ မျှဝေစားနေကြတယ်။ ပြီးတော့ စစ်ဘေးရှောင်တွေကို လာပေးတာနဲ့လည်း ခွဲဝယ်ပြီး သုံးစွဲနေကြတယ်" ဟု ကျောက်နီမော်ကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ကူညီဆောက်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

လက်ရှိ နေအိမ်မဆောက်လုပ်နိုင်သေးသည့် ဒေသခံများမှာ စာသင်ကျောင်းနှင့် ဆွေမျိုးနေအိမ်များ၌ နေထိုင်နေကြရပြီး စားနပ်ရိက္ခာအကူအညီများလည်း လိုအပ်လျက်ရှိသည်။

နေအိမ်မီးလောင်ပျက်စီးသွားကြသူများကို အဖွဲ့အစည်းအချို့မှ ကူညီထောက်ပံ့မှုများရှိသော်လည်း စားသောက်ရေးနှင့် ကျန်းမာရေးကိစ္စအတွက် ဖြေရှင်းနေရခြင်း၊ သစ်၊ ဝါး ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် ပြန်လည်တည်ဆောက်ရေးမှာ စိန်ခေါ်မှုများရှိနေကြခြင်း ဖြစ်သည်။

"စာသင်ကျောင်းမှာလည်း ပြွတ်သိပ်ပြီး နေနေရတယ်။ နွေရာသီရောက်ရင် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ အဖွဲ့အစည်းက ထောက်ပံ့တာကို စားသောက်ရေးအတွက် သုံးပေမယ့် နေအိမ်ဆောက်လုပ်ဖို့အတွက် မလုံလောက်ဘူး" ဟု ကျောက်နီမော် ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၆ ဦး သေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်။

ဗုံးကြဲခံရမှုကြောင့် ကျောက်နီမော်ကျေးရွာသားများမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပြင် ယခုအချိန်ထိ ပြန်လည်တည်ဆောက်ရေးအတွက် စိန်ခေါ်မှုများရှိနေကြခြင်း ဖြစ်သည်။