- ရွေးကောက်ပွဲလုပ်မည့် ရခိုင်က မြို့ ၃ ခုတွင် ဖုန်း၊ အင်တာနက်လိုင်းများ ပြန်ဖွင့်ရန် စစ်ကောင်စီ စီစဉ်နေ
- ထန်းရှောက်ခံရွာသား ၆၀၀ ကျော်ကို AA သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက် မွတ်ဆလင်အကြီးအကဲများ ရှုတ်ချ
- ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက AA လုံခြုံရေး စခန်းများကို ARSA တိုက်ခိုက်
- မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ စွပ်စွဲချက် AA ပယ်ချ
- ဂါဇာတွင် အငတ်ဘေးဆိုက်နေပြီဟု ကုလသမဂ္ဂ တရားဝင်ကြေညာ
ရွေးကောက်ပွဲလုပ်မည့် ရခိုင်က မြို့ ၃ ခုတွင် ဖုန်း၊ အင်တာနက်လိုင်းများ ပြန်ဖွင့်ရန် စစ်ကောင်စီ စီစဉ်နေ
စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရခိုင်က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် စီစဉ်နေကြောင်း DMG က စုံစမ်းသိရသည်။
23 Aug 2025

DMG ၊ ဩဂုတ် ၂၃
စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရခိုင်က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် စီစဉ်နေကြောင်း DMG က စုံစမ်းသိရသည်။
ရွေးကောက်ပွဲအတွက် ဌာနဆိုင်ရာ လုပ်ငန်းများနှင့် ပါတီများ၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ အဆင်ပြေစေရန် ရည်ရွယ်ပြီး လာမည့် စက်တင်ဘာလတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖွင့်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။
" အရင်ဦးဆုံး၊ ဖုန်းလိုင်းကို ဖွင့်ပေးမယ်။ ပြီးရင်တော့ အင်တာနက် ဖွင့်မယ်ပေါ့။ လောလောဆယ် စစ်တွေကို အရင်ဦးစားပေး စီစဉ်နေတယ်။ ပြီးရင်တော့ ကျောက်ဖြူနဲ့ မာန်အောင်လာမယ် " ဟု ပြည်နယ်စစ်ကောင်စီနှင့် နီးစပ်သူ ဌာနဆိုင်ရာ ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်တွင် တကျော့ပြန် တိုက်ပွဲစတင်ပြီးနောက် စစ်ရေးရှုံးနိမ်မှုများကို ရင်ဆိုင်ခဲ့ရသော အာဏာသိမ်း စစ်တပ်သည် ပြီးခဲ့သည် ၂၀၂၄ ခုနှစ် မေလက စပြီး ရခိုင်တပြည်လုံးကို ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။
ယင်းနောက်ပိုင်း စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ပေါ် ရပ်ကွက်အချို့တွင် MPT နှင့် MEC ဆင်းကတ်များကို ဖုန်းလိုင်း ပြန်ဖွင့်ပေးခဲ့သော်လည်း ယခင်လောက် လိုင်းမကောင်းတော့ပေ။ သို့သော် ယခုအခါ စစ်တွေမြို့ထဲ၌ မိုင်တဲလ် (Mytel) ဖုန်းလိုင်းများ နေရာကွက်ကြား အသုံးပြု၍ ရနေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြို့နယ် ၃ ခု စလုံးတွင် MPT နှင့် Mytel သုံးစွဲသူများကို ယခင်ပုံစံ ဖုန်းလိုင်းနှင့် အင်တာနက်ဝန်ဆောင်မှု များရရန် စီစဉ်နေခြင်းဖြစ်ပြီး ပြီးစီးပါက မြို့အနီးရှိ ကျေးရွာများကပါ သုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။
" ရွေးကောက်ပွဲကြောင့်ပဲ ဆိုဆို တစ်ဘက်မှာတော့ ပြည်သူတွေအတွက် ဆက်သွယ်ရေးတစ်ခု အဆင်ပြေမယ်ဆိုတော့ ဝမ်းသာတယ်။ ဘာပဲပြောပြော ဒါကတော့ ကောင်းတဲ့ အရာပါပဲ " ဟု ကျောက်ဖြူဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။
ဖုန်းနှင့် အင်တာနက် အခက်အခဲကြောင့် ရခိုင်ဒေသခံများမှာ သတင်းအချက်အလက် စီးဆင်းမှု ဆုံးရှုံးနေရပြီး ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသည့် လူမှုစီးပွားအကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်။
ရခိုင်တိုင်းရင်းသားများပါတီ (RNP) တည်ထောင်သူ ဦးဘရှိန်ကလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရန် မာန်အောင်မြို့နယ်ကို ဖုန်းလိုင်းများ ဖွင့်ပေးရန် စစ်ကောင်စီကို တောင်းဆိုထားကြောင်း သိရသည်။
လူမှုကူညီရေးလုပ်ကိုင်နေသူ ရခိုင်လူငယ်တစ်ဦးက " လာမယ့် ရွေးကောက်ပွဲဟာ စစ်တပ်အတွက် အရမ်းအရေး ကြီးတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို ပါရမီဖြည့်ပေးကြမယ့် ပါတီတွေအပေါ် စစ်တပ်ကလည်း အလိုလိုက်ပြီး အကြိုက်ဆောင်ပေးမယ်။ ပြည်သူတွေကိုတော့ ခြောက်တလှည့် မြှောက်တလှည့်လုပ်ရင်း နိုင်ငံရေးအတွက် အသုံးချမယ်။ ဒါဟာ စစ်တပ်နဲ့ နိုင်ငံရေးပါတီတွေ လုပ်နေကျ အကွက်ပါပဲ" ဟု ပြောသည်။
ရခိုင်က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင် ရွေးကောက်ပွဲ ပထမပိုင်းကို ပြုလုပ်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်တိုင်းရင်းသားများပါတီ (RNP)၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ(RSNUP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MNDP) တို့သည် စစ်ကော်မရှင်ထံ ရခိုင်ကိုယ်စားပြု ပါတီများအဖြင့် မှတ်ပုံတင်ခွင့်ရထားသည်။