စစ်ကောင်စီသည် အသင်းအဖွဲ့များကို အချိန်မရွေးအရေးယူရန် ဥပဒေများပြဌာန်းလုပ်ဆောင်နေဟု ဝေဖန်

စစ်ကောင်စီက ပြဌာန်းလိုက်သည့် “အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ”မှာ အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရပ်တည်ချက်များကို ကန့်သတ်ထိန်းချုပ်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အသင်းအဖွဲ့များနှင့် နိုင်ငံရေးသမားများက ရှုမြင်ကြသည်။

By Admin 03 Nov 2022

စစ်ကောင်စီသည် အသင်းအဖွဲ့များကို အချိန်မရွေးအရေးယူရန် ဥပဒေများပြဌာန်းလုပ်ဆောင်နေဟု ဝေဖန်

စစ်ကောင်စီမှ ပြဌာန်းလိုက်သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ။ဓာတ်ပုံ - မြန်မာ့အလင်းသတင်းစာ

DMG | နိုဝင်ဘာ ၃

စစ်ကောင်စီက ပြဌာန်းလိုက်သည့် “အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ”မှာ အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရပ်တည်ချက်များကို ကန့်သတ်ထိန်းချုပ်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အသင်းအဖွဲ့များနှင့် နိုင်ငံရေးသမားများက ရှုမြင်ကြသည်။

အသင်းအဖွဲ့များကို ဖျက်သိမ်းနိုင်ခြင်း၊အသင်းအဖွဲ့ပိုင်ငွေကြေး၊ပစ္စည်းများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခြင်းအပါအဝင် ထောင်ဒဏ်၊ငွေဒဏ်အသီးသီးတို့ကိုချမှတ်နိုင်သည့် အသင်းအဖွဲ့ မှတ်ပုံ တင်ခြင်းဆိုင်ရာဥပဒေကို စစ်ကောင်စီက အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြဌာန်းလိုက်ခြင်းဖြစ်သည်။

အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၃၃ အရ မည်သူမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့ကို ဖွဲ့စည်းလှုပ်ရှားခြင်းမပြုရဟု ပြဌာန်းထားပြီး အဆိုပါတားမြစ်ချက်များကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

ယင်းအပြင် ပုဒ်မ ၃၈ တွင်လည်း မည်သည့်အသင်းအဖွဲ့မျှ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်သည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊အကြမ်းဖက်လုပ်ရပ်များကိုကျုးလွန်သည်ဟု နိုင်ငံတော်ကသတ်မှတ်ထားသော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ မတရားအသင်းနှင့်ယင်းမတရားအသင်း၏ အဖွဲ့ဝင်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းမပြုလုပ်ရကြောင်း ပြဌာန်းထားသည်။

အလားတူ ပုဒ်မ ၃၉ တွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တိုက်ရိုက် ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်စေသည့် ဆောင်ရွက်မှုများမပြုလုပ်ရဟု ပြဌာန်းထားသည်။

အဆိုပါပုဒ်မ ၃၈ နှင့် ပုဒ်မ ၃၉ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျုးလွန်ပါက အသင်းအဖွဲ့၏ တာဝန်ရှိသူကို ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊သိန်းငါးဆယ် က်မပိုသည့် ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရ မည့်အပြင် ပြစ်မှုကျူးလွန်သည့် အသင်းအဖွဲ့ကိုလည်း ဖျက်သိမ်းခြင်းနှင့် အသင်းအဖွဲ့ပိုင် ငွေကြေး၊ပစ္စည်းများ ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု စစ်ကောင်စီမှ ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

“ ကျနော်မြင်တာက ဒီဥပဒေဟာ ဒီမိုကရေစီအရေးလှုပ်ရှားနေကြတဲ့သူတွေ၊အသင်းအဖွဲ့တွေနဲ့ တခြား အဖွဲ့အစည်းတွေကို အများကြီးရိုက်ခတ်မှုရှိနိုင်တယ်။လက်ရှိအာဏာရှင် ဒေါက်တိုင်တစ်ခုကို တွန်းလှန်တဲ့ နေရာမှာ အသင်းအဖွဲ့တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊နောက် စီးပွားရေးအဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂတွေစတဲ့ အဖွဲ့အစည်းတွေဟာ အာဏာရှင်ရဲ့ ဒေါက်တိုင်ကို ဖြိုဖျက်နိုင်တဲ့ စွမ်းအားရှိတယ်။ ဒါကြောင့် သူတို့ (စစ်ကောင်စီ) က အသင်းအဖွဲ့တွေကိုထိန်းချုပ်ချင်တဲ့အတွက် ဒီဥပဒေကိုပြဌာန်းတယ်လို့မြင်တယ်” ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအပြင် စစ်ကောင်စီသည် ၎င်းတို့၏အတိုက်အခံအဖွဲ့အစည်းများကို အသင်းအဖွဲ့များမှ ကူညီထောက်ပံ့ခြင်း၊ ဆက်သွယ်ခြင်းများမပြုလုပ်နိုင်ရန် ဖြတ်တောက်ခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးဖေသန်းက ရှုမြင်သည်။

“ သူတို့(စစ်ကောင်စီ)က ဥပဒေပြဌာန်းပြီး တစ်ဖက်က သူတို့တွေကို အတိုက်အခံလုပ်နေတဲ့သူတွေနဲ့ အဆက်အသွယ် ဖြတ်တာဖြစ်တယ်။ နိုင်ငံရေးလွှတ်တော်လည်းမရှိဘဲ စစ်ကောင်စီက သူတို့လိုချင်သလို ဥပဒေတွေကိုပြဌာန်းနေတာဖြစ်တယ်။ဝေဖန်ထောက်ပြမယ့် လူလည်းမရှိဘူး။ ဥပဒေကို ပြုဖို့အတွက် သူတို့ကိုယ်တိုင်က အပေါ်စီးကနေရာယူပြီးတော့ ကိုယ်ကြိုက်တဲ့ဥပဒေ၊သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက် ဥပဒေတွေပြဌာန်းနေတာဖြစ်တယ်။ဒီလိုအချိန်မှာ စစ်အာဏာရှင်တွေက ဒီလိုလုပ်တာက အထူး အဆန်းတော့မဟုတ်ဘူး” ဟု သူက ပြောသည်။

အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၃၄ တွင် မည်သူမျှ မှတ်ပုံတင်လက်မှတ် သက်တမ်းကျော်လွန်၍ ဖြစ်စေ၊ မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ပြီးနောက်ဖြစ်စေ အသင်းအဖွဲ့ကို ဆက်လက်ရပ်တည်ခြင်းမပြုရကြောင်း နှင့် ပုဒ်မ ၃၅ တွင်လည်း မည်သူမျှ မှတ်ပုံတင်လက်မှတ်မရှိသော အသင်း အဖွဲ့တွင် အသင်းဝင်အဖြစ်ပါဝင်ခြင်း၊ ဆောင်ရွက်ခြင်း၊အားပေးကူညီခြင်းသို့မဟုတ် အယောင်ဆောင်ခြင်းမပြုရကြောင်း ပြဌာန်းထားသည်။

မည်သူမဆို ပုဒ်မ ၃၄ နှင့် ၃၅ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု ပြဌာန်းထားသည်။ ငွေဒဏ်မဆောင်ပါက နှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်ဟု စစ်ကောင်စီမှ ပြဌာန်းလိုက်ခြင်းဖြစ်သည်။
လက်ရှိစစ်ကောင်စီမှ ပြဌာန်းလိုက်သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေထဲတွင် ပြည်တွင်းအသင်း အဖွဲ့မှတ်ပုံတင်ခြင်းနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့ မှတ်ပုံတင်ခြင်းများလည်းပါဝင်သည်။

မြန်မာစစ်တပ်သည်  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်တွင် ၎င်းတို့၏ ကိုယ်ကျိုးအတွက် ဥပဒေများကို ပြင်ဆင် ပြဌာန်းခြင်း၊အသစ်ရေးဆွဲခြင်းများကို ဆက်တိုက်လုပ် ဆောင်လာနေသည်ဟု နိုင်ငံရေးသမားများက ရှုမြင်ကြသည်။

ဗီဒီယိုများ