နည်းပညာအားနည်းချက်ကြောင့် ရေငံပုစွန်သားပေါက်များကို‌ ပြည်နယ်အတွင်းမွေးမြူရေးအတွက် ဖူလုံအောင် မထုတ်ပေးနိုင်သေး

ရခိုင်ပြည်အတွင်း ရေငံပုစွန်သားဖောက်လုပ်ငန်းကို လုပ်ကိုင်နေသော်လည်း နည်းပညာအားနည်းချက်ကြောင့် ပုစွန်သားပေါက်များကို ပြည်တွင်းမွေးမြူရေးအတွက် ဖူလုံအောင်မထုတ်ပေးနိုင်သေးကြောင်း သိရသည်။

By Admin 12 Dec 2022

နည်းပညာအားနည်းချက်ကြောင့် ရေငံပုစွန်သားပေါက်များကို‌ ပြည်နယ်အတွင်းမွေးမြူရေးအတွက် ဖူလုံအောင် မထုတ်ပေးနိုင်သေး

DMG | ဒီဇင်ဘာ ၁၂

ရခိုင်ပြည်အတွင်း ရေငံပုစွန်သားဖောက်လုပ်ငန်းကို လုပ်ကိုင်နေသော်လည်း နည်းပညာအားနည်းချက်ကြောင့် ပုစွန်သားပေါက်များကို ပြည်တွင်းမွေးမြူရေးအတွက် ဖူလုံအောင်မထုတ်ပေးနိုင်သေးကြောင်း သိရသည်။

ရခိုင်ရှိ ရေငံပုစွန်မွေးမြူရေးကန်များအတွက် တစ်နှစ်လျှင် သားပေါက်ကောင်ရေ သန်း ၅၀ ခန့်လိုအပ်သော်လည်း လက်ရှိတွင် သားပေါက်ကောင်ရေ သန်း ၃၀ ခန့်သာ ထုတ်လုပ်ပေးနိုင်သေးသည်ဟု စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာရှိ ရေငံပုစွန်သားဖောက်စခန်း တာဝန်ခံ ဦးဦးမိုးဆွေကပြောသည်။

“ပြည်မဘက်ကို တင်ပို့ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ နည်းပညာတွေကတော့ လုံလုံလောက်လောက် မရှိသေးဘူးပေါ့။ တခြား ပြည်မဘက်တွေနဲ့ယှဉ်ကြည့်ရင်တော့ လိုအပ်ပါသေးတယ်။ ရခိုင်အနေထားနဲ့ဆိုတော့ ဒေသအခက်အခဲတွေ ၊ နိုင်ငံရဲ့ စီးပွားရေး အခက်အခဲတွေကြောင့်ပေါ့။ ဒါကြောင့် မွေးမြူရေးလုပ်ငန်းတွေတိုးတက်ဖို့ အများကြီးလိုအပ်ပါသေးတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ ရေငံပုစွန်သားဖောက်လုပ်ငန်းမှာ သဘာဝအတိုင်း ရေသွင်း၊ ရေထုတ်နည်းစနစ်ကို အဓိကအသုံးပြုကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး အခြား ဂျပန်နှင့် အမေရိကန် နည်းပညာများကို အသုံးပြုကာ သားဖောက်ခြင်းများလည်းရှိကြောင်း သားဖောက်လုပ်ငန်းများမှ သိရသည်။

ရေငံပုစွန်သားပေါက်များကို စတင်သားဖောက်ချိန်မှစ၍ ဈေးကွက်ဝင်သည်အထိ အချိန်လေးလမှ ငါးလအထိ မွေးမြူရကာ အရွယ်ရောက်ရေငံပုစွန်များကို ပေါက်တော၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မင်းပြား၊ မြေပုံ စသည့်မြို့နယ်များသို့ ပုစွန်ကန် လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များကို ရောင်းချနေကြကြောင်း သိရသည်။

လက်ရှိ ရေငံပုစွန်သားဖောက်လုပ်ငန်းမှာ အောင်မြင်သည့်အနေအထားတွင်ရှိသော်လည်း ထုတ်လုပ်မှုနှုန်း နည်းပါးနေသေး၍ နည်းပညာပြောင်းလဲရန်လိုအပ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများလည်းလိုအပ်နေသေးသည်ဟု ကျောက်ဖြူမြို့ စေတီယျပုစွန် သားဖောက်စခန်းမှ ဦးရွှေကျော်အောင်ကပြောသည်။

“တကယ်တမ်း သိပ္ပံနည်းတကျ မွေးမြူမယ်ဆိုရင်တော့ ၂ ဧကလောက်ရှိတဲ့ ကန်ထဲမှာ သားပေါက်တွေကိုထည့်ပြီးတော့ အောက်ဆီဂျင်ပေးရမယ်။ နေရာနည်းနည်းနဲ့ အများကြီးမွေးလို့ရတယ်။ အစာကျွေးတဲ့အချိန်မှာ အစာကျွေးရမယ်ပေါ့။ နည်းစနစ်တွေ အများကြီးသုံးရမယ်ပေါ့။ အဲဒီအခါကျတော့ ရင်းနီးမြုပ်နှံမှုတွေ အများကြီးလိုအပ်လာတယ်။ နည်းပညာတွေက အများကြီးရှိတယ်။ အဲဒီနည်းပညာတွေကို လိုက်နိုင်ဖို့ လိုအပ်တယ်ပေါ့နော်”ဟု ဦးရွှေကျော်အောင်ကဆိုသည်။

ရခိုင်ပြည်အတွင်း စစ်တွေ၊ ကျောက်ဖြူ စသည့်မြို့နယ်တို့တွင် ရေငံပုစွန်သားဖောက်စခန်း ၃ ခုရှိပြီး ပုစွန်သားဖောက်ကန် ၅၂ ကန်ရှိကာ သံတွဲ၊ ပေါက်တော၊ ကျောက်တော် စသည့်မြို့နယ်တို့တွင်လည်း တပိုင်တနိုင်သားဖောက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်တွင် လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး လက်ရှိတွင် ဒီရေတောများပြုန်းတီးလာခြင်း၊ ငါးဖမ်းဆီးမှု များပြားလာခြင်းတို့ကြောင့် ရေသယံဇာတရှားပါးလာမှုများနှင့် ရင်ဆိုင်နေကြရသည်။

ဗီဒီယိုများ