- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
- ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
ကြက်ဥတစ်လုံးကို ငွေကျပ် ၁,၂၀၀ ထိ ဈေးရနေသော်လည်း စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသဖြင့် ကုန်ကြမ်းရှားပါးကာ ကြက်မွေးမြူရေးလုပ်ကိုင်သူများမှာ ရပ်တည်ရခက်ခဲလာသည်။
23 Nov 2024

DMG ၊ နိုဝင်ဘာ ၂၃
ရခိုင်တွင် တစ်ပိုင်တစ်နိုင် ကြက်မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် ကြက်ဥများ ဈေးကောင်းရနေသော်လည်း လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် ခက်ခဲလာကြောင်း မွေးမြူရေးသမားများက ပြောဆိုကြသည်။
ကြက်ဥတစ်လုံးကို ငွေကျပ် ၁,၂၀၀ ထိ ဈေးကောင်းရနေသော်လည်း စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကုန်ကြမ်းရှားပါးကာ ကြက်မွေးမြူရေးလုပ်ကိုင်သူများမှာ ရပ်တည်ရခက်ခဲလာသည်။
ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်ကျေးရွာမှ ကြက်မွေးမြူရေးလုပ်ကိုင်သူ ကိုနေလင်းဦးက “ကြက်ဥက ဈေးကောင်းရပေမဲ့ အထွက်နှုန်းကျတယ်။ အရင်ငါးလလောက်က တစ်ရက်မှာ ကြက်ဥ တစ်ထောင်လောက် ထွက်တယ်။ အခုက လေးရာကျော်လောက်ပဲ ထွက်တော့တယ်။ ကြက်တွေ အသက်ကြီးလာတာကြောင့်လည်း ပါတာပေါ့” ဟု ပြောသည်။
တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ရခိုင်တွင် ကြက်အပါအဝင် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ရပ်တန့်နေပြီး အနည်းငယ်သာ ဆက်လက်လည်ပတ်နေသည်။ သို့သော်လည်း ကြက်သားပေါက်၊ ဆေးဝါးနှင့် ကြက်စာ မှာယူရခက်ခဲသည့် စိန်ခေါ်မှုနှင့် ကြုံနေကြရသည်။
စစ်ရေးကာလအတွင်း ရပ်တန့်ခဲ့ရသည့် ကြက်မွေးမြူရေးလုပ်ငန်းကို ပြန်လည်လုပ်ကိုင်လိုသော်လည်း စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုကြောင့် ပြန်လည်နာလန်ထူရန် အခက်အခဲရှိနေသည်ဟု ပြောဆိုကြသည်။
“တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကြက်မွေးမြူရေးလုပ်ငန်းက ဘယ်လိုမှ လည်ပတ်လို့ အဆင်မပြေတော့ဘူး။ ပြည်မဘက်က ကုန်ကြမ်းတွေလည်း မှာလို့မရတော့ ကြက်တွေ အကုန်ရောင်းပြီး ရပ်လိုက်ရတယ်” ပေါက်တောမြို့နယ်မှ ကြက်မွေးမြူရေးလုပ်ကိုင်သူ ဒေါ်ခင်စောညိုက ပြောသည်။
ကြက်မွေးမြူရေးလုပ်ကိုင်ရန် ဦးစွာ ပြည်မဘက်မှ ကြက်သားပေါက် မှာယူရခြင်း၊ ကူးစက်ရောဂါမဖြစ်စေရန် ပုံမှန်ဆေးတိုက်ကျွေးခြင်း တို့ကို လုပ်ဆောင်ရပြီး ကြက်အသက် ၂ နှစ်ကျော်လျှင် သေဆုံးသဖြင့် ၂ နှစ် မပြည့်မီ ရောင်းထုတ်ကြရသည်။
မွေးမြူရေးကြက်များအား တိုက်ကွေးရသည့် Dinastrong Multivit WS ဆေးတစ်ထုပ်ကို တိုက်ပွဲမဖြစ်ခင်က ငွေကျပ် ၂၅,၀၀၀ သာ ရှိခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် ၈၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေပြီး မှာယူရလည်း ခက်ခဲနေကြောင်း ကြက်မွေးမြူရေးလုပ်ကိုင်သူများက ပြောဆိုကြသည်။