ငပလီတွင် စစ်ကောင်စီက ဦးဆောင်ပြီး ဆောင်းဦးပွဲတော်ကျင်းပ

သံတွဲမြို့နယ်မှ ကမ္ဘာကျော် ငပလီကမ်းခြေတွင် ပြည်နယ်စစ်ကောင်စီက ဦးဆောင်ပြီး ဆောင်းဦးပွဲတော်ကို ယနေ့(နိုဝင်ဘာလ ၂၁ ရက်)တွင် ကျင်းပနေကြောင်း သိရသည်။

By Admin 21 Nov 2022

ငပလီတွင် စစ်ကောင်စီက ဦးဆောင်ပြီး ဆောင်းဦးပွဲတော်ကျင်းပ

DMG | နိုဝင်ဘာ ၊၂၁

သံတွဲမြို့နယ်မှ ကမ္ဘာကျော် ငပလီကမ်းခြေတွင် ပြည်နယ်စစ်ကောင်စီက ဦးဆောင်ပြီး ဆောင်းဦးပွဲတော်ကို ယနေ့(နိုဝင်ဘာလ ၂၁ ရက်)တွင် ကျင်းပနေကြောင်း သိရသည်။

အဆိုပါပွဲတော်ကို ငပလီကမ်းခြေသို့ ခရီးသွားဝင်ရောက်လည်ပတ်မှု ပို၍များပြားလာရန်ရည်ရွယ်ပြီး ကျင်းပခြင်းဟု ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က DMG သို့ ပြောဆိုထားသည်။

ငပလီမြို့ရှိ ခရီးသွားနှင့်ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းသန့်ကျော်က "အဓိကတော့ ခရီးသွားတွေကို ငပလီကမ်းခြေ စတင်ဖွင့်လှစ်ပြီးဆိုတာကို ပြတဲ့ အနေအထားပေါ့။ ဖွင့်ပွဲကတော့ ဒီနေ့ မနက် ၆နာရီလောက်မှာ ဖွင့်တယ်။ လာရောက်လည်ပတ်သူတွေကတော့ အရင်နှစ်ကထက် များတယ်။ အရင်က လူဦးရေ ၁၀၀၀ လောက်ရောက်ရင် ဒီနှစ် ၁၅၀၀လောက် ရောက်တဲ့သဘောပေါ့"ဟုသူကဆိုသည်။

ဆောင်းဦးပွဲတော်သို့ လာရောက်လည်ပတ်သူများပြားသော်လည်း ဒေသခံများသာဖြစ်ပြီး ပြည်မနှင့်ပြည်ပမှ ဧည့်သည်ရောက်ရှိမှု နည်းပါးကြောင်း အမည်မဖော်လိုသည့် ဟိုတယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

"လာရောက်လည်ပတ်သူ များတယ်ဆိုပေမဲ့ ဒေသတွင်းက လူတွေများတယ်။ ပြည်မဖက်ကလည်း မရောက် ကြဘူး။ ပြည်ပဆို ပိုဆိုးတယ်"ဟုသူကဆိုသည်။

အဆိုပါပွဲတော်တွင် သဲသောင်ပြင် ဘော်လီဘောပြိုင်ပွဲ၊ချောတိုင်တက်ပွဲ၊လွန်ဆွဲပွဲ၊ သဲပန်းချီပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ စသည့်ပွဲများပါဝင်သည်။

သို့သော် ယခင်နှစ်ကပြုလုပ်ခဲ့သည့် ပထမအကြိမ်ဆောင်းဦးပွဲတော်ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဥ်ပါဝင်သော်လည်း ယခုနှစ်တွင် ပြည်နယ်စစ်ကောင်စီက ခွင့်မပြုကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အရင်ကတော့ ပျော်ပွဲရွှင်ပွဲအပါအဝင် ရိုးရာကျင်ပွဲ၊ ဘော်လီဘောပွဲ၊ ခြင်းလုံးပွဲ စက်ဘီးပြိုင်ပွဲတွေ ပါတယ်။ ဒီနှစ်ကတော့ ညပွဲဖြစ်မပါဘူး။ အဓိကတော့ သံတွဲမှာကလည်း အဖမ်အဆီးများနေပြီး ရခိုင်ပြည်မှာ တည်ငြိမ်မှုမရှိတာကြောင့်လို့ ပြောတယ်"ဟု သူကဆိုသည်။

ဆောင်းဦးပွဲတော်ကို ပြီးခဲ့သည့်နှစ်က ငါးရက်ခန့်ကြာကျင်းပခဲ့သော်လည်း ယခုနှစ်တွင် တစ်ရက်တည်းသာ ကျင်းပကြောင်း သိရသည်။

ဗီဒီယိုများ