- ပြိန်းချောင်း ဓားပြတိုက်လူသတ်မှု တရားခံ မပေါ်သေး
- ဒေါ်နယ်ထရမ့်ကို နိုဘယ်ဆုအတွက် ကမ္ဘောဒီးယား အမည်တင်သွင်းမည်
- CDF ဟု စွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီးထောင်ချခဲ့သည့် ပလက်ဝဒေသခံ ၁၆ ဦး ပြန်လွတ်
- စစ်ကောင်စီက ကျောက်ဖြူသို့ တင့်ကားနှင့် စစ်သင်္ဘောများ ထပ်ပို့
- ကုလားတန်အထက်ပိုင်းက ဒေသခံများ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် ခက်ခဲနေသေး
စစ်ကောင်စီပစ်ခတ်မှုကြောင့် ငပလီဒေသခံ သားအဖနှစ်ဦးသေဆုံး
ဆိပ်ကမ်း၌ ပစ်သတ်ခံရသည့် ကိုကုလား၏ရုပ်အလောင်းကို စစ်ကောင်စီတပ်က သယ်ယူခွင့်မပြု၍ ယနေ့အချိန်ထိ ဂျိတ္တောကမ်းစပ်၌ ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။
06 Jul 2024

DMG ၊ ဇူလိုင် ၆
ငပလီအခြေစိုက် ခလရ (၅၅)တပ်ရင်းမှ တပ်ဆုတ်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ သားအဖနှစ်ဦးသေဆုံးသွားခဲ့ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။
သေဆုံးသူမှာ (အရပ်ခေါ်အမည်) ဦးငတောင်ညှင်းနှင့် သားဖြစ်သူ ကိုကုလား ဖြစ်ပြီး ဇူလိုင်လ ၄ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
“သူတို့သားဖနှစ်ယောက်ကို စစ်ကောင်စီတပ်သားတွေက လှေနဲ့ သပြုချိုင်ရေတပ်စခန်းသို့ ပို့ခိုင်းတာ။ လှေမမောင်းတတ်ဘူးဆိုလို့ အဖေဖြစ်သူကို အိမ်ပေါ်မှာပဲ ပစ်သတ်သွားတာ။ သားဖြစ်သူကိုတော့ စက်လှေဆီ ခေါ်သွားတယ်။ ဆိပ်ကမ်းရောက်တော့ လှေမှာစက်မရှိတော့ ပို့မရဘူး။ အဲဒါနဲ့ပဲ ပစ်သတ်သွားတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဆိပ်ကမ်း၌ ပစ်သတ်ခံရသည့် ကိုကုလား၏ရုပ်အလောင်းကို စစ်ကောင်စီတပ်က သယ်ယူခွင့်မပြု၍ ယနေ့အချိန်ထိ ဂျိတ္တောကမ်းစပ်၌ ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။
AA ထိုးစစ်ကြောင့် ခလရ (၅၅) မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့ရက်ပိုင်းမှစ၍ စခန်းစွန့်ခွာထွက်ပြေးကာ ဂျိတ္တောရပ်ကွက်၌ခံစစ်ပြင်ပြီး သပြုချိုင်(မောင်ရွှေလေး)ရေတပ်စခန်းဘက်သို့ ထွက်ပြေးရန်ကြိုးပမ်းနေသည်။
“စခန်းက စစ်ကောင်စီတပ်သားတွေ အကုန်ဆုတ်လာကြတယ်။ သူတို့က ကမ်းစပ်မှာရှိတဲ့စက်လှေတွေနဲ့ ပင်လယ်ပြင်ဖြတ်ပြီး သပြုချိုင်ရေတပ်စခန်းဘက်ကို ထွက်ပြေးဖို့လုပ်နေတယ်။ အေအေက တိုက်ထုတ်နေလို့ ဂျိတ္တောမှာ တိုက်ပွဲပြင်းနေတယ်” ဟု ငပလီဒေသခံတစ်ဦးက ပြောသည်။
တပ်ဆုတ်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဂျိတ္တောရပ်ကွက်ရှိ နေအိမ်များ၊ ဈေးဆိုင်ခန်းများကို ဖောက်ထွင်းကာ ပစ္စည်းများကို ယူဆောင်မှုများရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။
သံတွဲမြို့နယ်၊ ငပလီအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၆၆) ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီး ခလရ (၅၅) တပ်ရင်းကိုလည်း ဝင်ရောက်ထိန်းချုပ်ထားကာ စခန်းစွန့်ခွာထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေသည်။