- AA ဖမ်းဆီးသွားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦး ပြန်လည်လွတ်မြောက်
- ဂွတွင် စစ်ကောင်စီက လက်နက်အင်အား ဆက်တိုက်ဖြည့်တင်းနေ
- အမ်းမြို့နယ်ရှိ အမြောက်တပ်နှင့် ဆက်သွယ်ရေးတပ်တို့ကို AA ထပ်သိမ်း
- ညီနောင်သုံးဖွဲ့က ငြိမ်းချမ်းရေး လိုလားကြောင်းပြမှ ဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်ပြော
- သံတွဲနှင့် တောင်ကုတ်ရှိ ကျေးရွာသုံးရွာ လေကြောင်းဗုံးကြဲခံရ
လယ်ယာလုပ်ငန်းကို အသက်ဆက်ခွင့်ပေးကြပါ
စပါးစိုက်ခင်း လယ်တစ်ဧကအတွက် စက်နှင့်လယ်ထွန်ခ ၄ သောင်း ၊ ဒီဇယ်ဆီဖိုး ၂ သောင်း၊ ဓာတ်မြေသြဇာ ၁ သိန်း၊ ရိတ်သိမ်းခြွေလှေ့စက်ခ ၇ သောင်း၊ မျိုးစပါးစရိတ် ၁ သောင်း ကုန်ကျပြီး အလုပ်သမားတစ်ဦးအတွက် ၁ ရက်လျှင် အနည်းဆုံး ၇၀၀၀ ခန့် ကုန်ကျမှုလည်း ရှိသေးသည်။ အစိုးရက သတ်မှတ်ပေးထားသည့်ဈေးနှုန်းမှာ စပါးတင်း ၁၀၀ ကို ငါးသိန်းကျပ်သာ ရှိသည်။
06 Jun 2022
DMG ၊ ဇွန်လ
(အယ်ဒီတာ့အာဘော်)
မုတ်သုန်ရာသီဥတုသည် ယခုနှစ်တွင် ရခိုင်ဒေသသို့ မေလလယ်ပိုင်းကပင် စော၍ဝင်ရောက်ခဲ့သည်။ မိုးရွာသည်ဆို သည်နှင့်တပြိုင်နက် ကျေးဇူးရှင်ဦးကြီးများမှာ လယ်ယာလုပ်ငန်းခွင်အတွက် ကြိုတင်ပြင်ဆင်ရပေတော့သည်။ သို့သော်လည်း ယခုနှစ်တွင် လယ်ယာလုပ်ငန်းကို စွန့်ခွာသူများပြားလာသည်ကို တွေ့နေရသည်။
ပြီးခဲ့သည့် ၂ နှစ်ခန့်က ဓာတ်မြေသြဇာ တစ်အိတ်လျှင် ငွေကျပ်သုံးသောင်းခွဲခန့်သာရှိခဲ့ရာမှ ယခုနှစ်အတွင်း ငွေကျပ်တစ်သိန်းကျော်အထိ ဈေးမြင့်တက်လျက်ရှိနေသည့်အတွက် လယ်ယာလုပ်ငန်းလုပ်သူများမှာ အကြပ် အတည်းများကို အဖက်ဖက်မှ ရင်ဆိုင်နေကြရသည်။
ရခိုင်ပြည်အတွင်း လယ်ယာလုပ်ငန်း လုပ်ကိုင်သူများတွင် လုပ်သားရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ကြောင့်လည်း လယ်ယာလုပ်ငန်းကို စွန့်ခွာသူများမှာ တစ်နေ့ထက်တစ်နေ့ များပြားလာနေသည်။
လုပ်သားအင်အား ရှားပါးလာသည်ကို လယ်ထွန်စက်များဖြင့် အစားထိုးဖြေရှင်းရန် ကြိုးစားနေကြရသော်လည်း လက်ရှိတွင် ဒီဇယ်ဆီဈေးနှုန်းမှာ တစ်ပီပါကို ငွေကျပ် ၆ သိန်းကျော်အထိ မြင့်တက်လျှက်ရှိပေရာ လယ်ထွန်စက် များမောင်းနှင်ရန်ပင် အခက်အခဲတွေ့နေကြရသည်။
ယခင် ၂ နှစ်ခန့်က ဒီဇယ်တစ်ပီပါလျှင် ငွေကျပ်နှစ်သိန်းဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါ ငွေကျပ် ၅ သိန်းကျော်အထိ မြင့်တက်လာသော်လည်း ဆန်စပါးဈေးမှာ မြင့်တက်လာခြင်း မရှိသည်ကလည်း လယ်ယာလုပ်ငန်းလုပ်ကိုင်သူများ အတွက် ပိုမိုအကြပ်ရိုက်စေသည့် အချက်တစ်ခုဖြစ်သည်။
စပါးစိုက်ခင်း လယ်တစ်ဧကအတွက် စက်နှင့်လယ်ထွန်ခ ၄ သောင်း ၊ ဒီဇယ်ဆီဖိုး ၂ သောင်း၊ ဓာတ်မြေသြဇာ ၁ သိန်း၊ ရိတ်သိမ်းခြွေလှေ့စက်ခ ၇ သောင်း၊ မျိုးစပါးစရိတ် ၁ သောင်း ကုန်ကျပြီး အလုပ်သမားတစ်ဦးအတွက် ၁ ရက်လျှင် အနည်းဆုံး ၇၀၀၀ ခန့် ကုန်ကျမှုလည်း ရှိသေးသည်။ အစိုးရက သတ်မှတ်ပေးထားသည့်ဈေးနှုန်းမှာ စပါးတင်း ၁၀၀ ကို ငါးသိန်းကျပ်သာ ရှိသည်။
ရခိုင်ပြည်သည် လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိက အားထားနေရသည့် ဒေသတစ်ခုဖြစ်သော်လည်း နည်းပညာအားနည်းမှုနှင့်အတူ စနစ်တကျလုပ်ကိုင်ဆောင်ရွက်မှု အားနည်းနေဆဲပင်ဖြစ်သည်။
ရခိုင်တစ်ပြည်လုံးတွင် လယ်ယာစိုက်ပျိုးမြေဧက ၁၂ သိန်းခွဲကျော်ရှိပြီး ၂၀၁၇ ပဋိပက္ခနောက်ပိုင်းကစ၍ စိုက်ပျိုး မြေအားလုံးကို မစိုက်ပျိုးနိုင်တော့ဘဲ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင်လည်း ဧက ၉ သိန်းခန့်သာ စပါးစိုက်ပျိုးနိုင်ခဲ့ ကြောင်း ရခိုင်ပြည်တောင်သူလယ်သမားများသမဂ္ဂ၏ စာရင်းအချက်အလက်များအရ သိရသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၁၉-၂၀၂၀ မိုးရာသီကာလများတွင်လည်း လယ်ယာစိုက်ပျိုးမှုမှာ တဟုန်ထိုးကျဆင်းခဲ့ရသည့်အတွက် ဆန်စပါးထုတ်လုပ်နိုင်မှု လျော့ကျကာ ပြည်မဘက်က ဆန်များကိုပါ တင်သွင်းခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။
စစ်ရေးပဋိပက္ခများနှင့် လယ်ယာသုံးပစ္စည်းများ ဈေးမြင့်တက်မှုတို့ကြောင့်လည်း ရခိုင်တွင် စပါးစိုက်ဧကလျော့ကျ ခဲ့ရကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က စပါးစိုက်ဧက ငါးသောင်းကျော်အထိ စိုက်ပျိုးနိုင်ခြင်းမရှိခဲ့သည်ကို တွေ့ရသည်။
ရခိုင်ပြည်အတွင်း နိုင်ငံတကာရင်းနှီးမှုလုပ်ငန်းပေါင်း မြောက်များစွာရှိနေသော်လည်း လယ်ယာဖွံ့ဖြိုးရေး လုပ်ငန်းများဘက်တွင်မူ မရှိသလောက်ပင်ဖြစ်သည်။ ထို့အတူ ဒေသတွင်းရှိ လုပ်သားအင်အား အရင်းအမြစ်များ မှာလည်း အလုပ်အကိုင်ရှားပါးမှုများကြောင့် နေရပ်စွန့်ခွါသူဦးရေမှာ တစ်နေ့တခြား တိုးပွားလျှက်ရှိပေရာ လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်သူနည်းပါးလာနေသည်။
ယခုနှစ်တွင် ဓာတ်မြေသြဇာများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရခိုင်ပြည်အတွင်းက သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့မှ မြို့နယ်စိုက်ပျိုးရေးရုံးများသို့ ဓာတ်မြေသြဇာအိတ် ၆၀၀၀ ချပေးထားသည်ဟုသိရသည်။ သို့သော်လည်း စိုက်ပျိုးမြေဧက ၁၂ သိန်းကျော်အတွက် မြေသြဇာအိတ် ၆၀၀၀ ဆိုသည်မှာ ဆင်ပါးစပ်ကို နှမ်းပက်သည့်အနေအထားသာ ဖြစ်ပါလိမ့်မည်။
တစ်ဖက်တွင်လည်း တောင်သူများမှာ စိုက်ပျိုးရေးစရိတ်ချေးငွေကို ပြန်မဆပ်နိုင်၍ ယခုနှစ်တွင် စိုက်ပျိုးရေး စရိတ်ချေးငွေ မရရှိကြတော့ပေ။
၂၀၂၁ ခုနှစ်က ရခိုင်ပြည်တွင်းက စိုက်ပျိုးရေးချေးငွေယူသည့်တောင်သူ ၃ သောင်းကျော်ရှိခဲ့ပြီး ယခုပြန်ဆပ်ချိန် တွင် ချေးငွေပြန်ဆပ်သည့်တောင်သူဦးရေ ၁၀၀၀ ကျော် (၇ ရာခိုင်နှုန်းခန့်) သာရှိသည်ကို ကြည့်ခြင်းအားဖြင့် တောင်သူလယ်သမားများ၏ အခက်အခဲကို မြင်တွေ့နိုင်ပေလိမ့်မည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူတစ်ဦးချင်းဆန်စားသုံးမှုနှုန်း အများဆုံးနိုင်ငံဖြစ်သည်။ ပျမ်းမျှအားဖြင့် လူတစ်ယောက်လျှင် နှစ်စဉ် ၁၈၇.၅ ကီလိုဂရမ်ခန့်စားသုံးကြသည်။ တစ်နိုင်ငံလုံး မိုးစပါးစိုက်ဧက သန်း ၄၀ ကျော်နှင့် နွေစပါးစိုက်ဧက ၄ သန်းကျော်ရှိသော်လည်း ရခိုင်ဒေသတွင် မိုးစပါးကိုသာ အဓိကစိုက်ပျိုးကြပြီး တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် နွေစပါးစိုက်ဧကမှာ ဆယ်ဂဏန်းခန့်သာ ရှိသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်အတွင်း နေထိုင်သူဦးရေမှာ သုံးသန်းကျော်ရှိသည်ဟုဆိုသော်လည်း အမှန်တကယ်တွင် ယင်းစာရင်းဇယားထက် ပိုမိုများပြားနိုင်သည်။ ယင်းအချိန်က သန်းခေါင်စာရင်း မကောက်ယူ နိုင်ခဲ့သည့် မွတ်ဆလင်အရေအတွက်ကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မည်။
ရခိုင်ရှိ လယ်ယာမြေဧက ၁၀ သိန်းခန့် စိုက်ပျိုးနိုင်သည်ဆိုဦးတော့ တစ်ဧက စပါးထွက်နှုန်း ပျမ်းမျှ တင်း ၅၀ ဖြင့် စပါးတင်း သိန်း ၅၀၀ ခန့်ထွက်ရှိလာနိုင်မည်။ ဆန်အဖြစ် ပြောင်းလဲလိုက်ပါက ဆန်တင်းပေါင်း သိန်း ၃၀၀ ခန့်သာ ရှိပေလိမ့်မည်။ ရခိုင်ပြည်တွင်း နေထိုင်သူလေးသန်းခန့်ဖြင့် အချိုးကျ တွက်လိုက်ပါက လူတစ်ဦးကျစီအတွက် ဆန် ၇ ဒသမ ၅ တင်းခန့်သာ ရရှိပေလိမ့်မည်။
လူတစ်ဦးအတွက် တစ်နေ့ကို ဆန် နို့ဆီဗူးနှစ်လုံးနှုန်းဆိုလျှင်ပင် ၂ လ တွင် ဆန်တစ်တင်းခန့် ကုန်ကျပေလိမ့်မည်။ ၁ နှစ်စာလုံးအတွက် လူတစ်ဦးလျှင် ဆန် ၆ တင်းခန့် ကုန်ကျမည်ဖြစ်ပြီး ၁ ဒသမ ၅ တင်းခန့်သာ ပိုလျှံပေလိမ့်မည်။
သို့သော် လက်ရှိလယ်ယာသုံးကုန်ဈေးနှုန်းများအတိုင်းဆိုပါမူ ခန့်မှန်းထားသည့် ဧကဆယ်သိန်းထိ စိုက်ပျိုးနိုင်ပါ မည်လော။ အကယ်၍ ရခိုင်ဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပါက ပိုမိုးဆိုးရွားသောအခြေအနေများ ကိုပင် ရင်ဆိုင်ရနိုင်မည်ဖြစ်သည်။
ဆန်စပါးပေါများလှသည်ဆိုသည့် ရခိုင်ပြည်တွင် ဆန်ပြဿနာကြောင့် သွေးမြေကျခဲ့ရဖူးသည့် သာဓကပင် ရှိခဲ့ဖူးသည်ကို သတိမူကြရမည်ဖြစ်သည်။ ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် ရခိုင်ပြည်၏မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် လူပေါင်းရာနှင့်ချီ သတ်ဖြတ်ခံခဲ့ကြရပြီး ဆတ်ရိုးကျချောင်းသည်ပင် သွေးရောင်လွှမ်းခဲ့ရသည်။
လက်ရှိအခြေအနေတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ပြည်မဘက်တွင်လည်း စိုက်ပျိုးမြေအားလုံးကို စိုက်ပျိုး နိုင်မည့် အခြေအနေမဟုတ်ပေ။ စိုက်ပျိုးစရိတ်ကြီးမားမှု၊ လုပ်သားအင်အား ရှားပါးလာမှုနှင့် လယ်ယာသုံး ပစ္စည်းသွင်းအားစုတို့ အဆမတန်ဈေးတက်လာမှုတို့ကြောင့် ရခိုင်ဒေသတွင်းသာမက မြန်မာတစ်နိုင်ငံလုံးပါ ဆန်ရှားပါးမှု ပြဿနာကို ရင်ဆိုင်လာရဖွယ်ရှိနေသည်။
တောင်သူလယ်သမားများကို ကျေးဇူးရှင်ဦးကြီးများလို့သာ တင်စားပြီး တောင်သူလယ်သမားများ၏ဘဝကို မမြှင့် တင်နိုင်သေးသရွေ့ နိုင်ငံ၏ဆန်စပါး ထုတ်လုပ်နှုန်းမှာလည်း ကျဆင်းနေဦးမည်ပင် ဖြစ်သည်။
ထို့ကြောင့် နိုင်ငံအဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် တောင်သူလယ်သမားများဘဝကို စာနာငဲ့ညှာ ပြီး လယ်ယာလုပ်ငန်းအသက်ဆက်ရှင်သန်နိုင်ရန် အဘက်ဘက်က ဝိုင်းဝန်းကူညီကြပြီး လယ်ယာလုပ်ငန်း အတွက် သွင်းအားစုများကို အတတ်နိုင်ဆုံး ဈေးနှုန်းသက်သာချောင်ချိရေးကို ဦးစားပေး ဆောင်ရွက်ပေးနိုင်ရန် DMG ကနေ တိုက်တွန်းရေးသားလိုက်ပါသည်။