(ရခိုင်အမျိုးသားပါတီ နိုင်ငံရေး ဘာလဲဘယ်လဲ - ၂)

DMG ၊ မေ ၉

(Opinion)

“ကျနော်တို့ ဆက်စပ်ဆောင်ရွက်ခဲ့တာပဲ ရှိပါတယ်၊ ကျနော်တို့ ဒီကောင်စီမှာ ပူးပေါင်းပါဝင်ခဲ့တာမဟုတ်ဘူး၊ ဥပမာ ဒေါ်အေးနုစိန်တို့ ပါဝင်တယ်ဆိုတာက လူပုဂ္ဂိုလ်ရေးအရ တပ်မတော်နှင့် ရင်းနှီးတဲ့ပုဂ္ဂိုလ်တွေက ကမ်းလှမ်းခဲ့အတွက် ပုဂ္ဂိုလ်ရေးအရ ပါဝင်ခဲ့တာဖြစ်တယ်” ဒါကတော့ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က ANP ဥက္ကဌဖြစ်တဲ့ ဦးသာထွန်းလှက သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့အခါ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘယ်လိုပဲ ဆက်စပ်တယ်လို့ပဲပြောပြော၊ ပူးပေါင်းတာမဟုတ်ဘူးလို့ဆိုစေအုန်းတော့ အာဏာသိမ်းထားတဲ့ ကာလအတွင်း စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေမှာ ပါတီအနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ သမိုင်းကတော့ ကျန်နေခဲ့ပြီးသားဖြစ်ပါတယ်။ ဒါကတော့ ငြင်းလို့မရတဲ့ အချက်တစ်ချက်ပါ။

ဒေါ်အေးနုစိန်ကိစ္စ ဘယ်လိုဖြေရှင်းမလဲ ?

ဆိုတော့ ဒေါ်အေးနုစိန်ကို စစ်ကောင်စီဖက်က လူပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းခဲ့တာသာ တကယ်အမှန်ဖြစ်တယ်ဆိုရင် ANP ပါတီအနေနဲ့ အဲဒီအချိန်ကတည်းက ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုခဲ့သင့်ပါတယ်။ ဒါမှ မဟုတ်လည်း ဒေါ်အေးနုစိန်တာဝန်ယူခဲ့တဲ့ ပါတီတာဝန်တွေကိုလည်း ယာယီရပ်ဆိုင်းထားတယ် ဆိုတာမျိုး ဖြစ်ဖြစ် ထုတ်ပြန်ခဲ့သင့်ပါတယ်။
ဒါပေမယ့် ဒေါ်အေးနုစိန်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပြီးတဲ့နောက် ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနေရာအပါအဝင် ဝန်ကြီးနေရာတွေကိုပါ တောင်းဆိုခဲ့တာရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒေါ်အေးနုစိန်အပေါ် စစ်ကောင်စီက ပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းခဲ့တာသာဖြစ်ပါတယ်ဆိုတဲ့ အချက်ဟာ ဘယ်အတိုင်းအတာထိ မှန်ကန်မလဲ။ ပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းခဲ့တယ်ဆိုအုန်းတော့ ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါတီကိုမတင်ပြဘဲ လက်ခံခဲ့မှာလား။ ပါတီအနေနဲ့ကော ဘာကြောင့် ကြိုဆိုထောက်ခံခဲ့သလဲ။

နောက်တစ်ချက်က စစ်ကောင်စီမှာ ဒေါ်အေးနုစိန်ပါဝင်ခဲ့ပြီးနောက်ပိုင်း ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်က ရေးသားချက်တွေနဲ့ ထုတ်ပြန်ချက်တွေကိုကြည့်ရင်လည်း ပါတီအနေနဲ့ အပြည့်အဝ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။

တကယ်တမ်းပြောရရင် အခုအချိန်ကျမှ စပျစ်သီးချဉ်တယ်ဆိုတဲ့အဖြစ်မျိုး ပုံဖော်လာတာကတော့ ပါတီအနေနဲ့လည်း ဒေါ်အေးနုစိန်တစ်ယောက်တည်းအပေါ် အပြစ်ပုံချသလို ဖြစ်နေသလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒါဆိုရင် စစ်ကောင်စီမှာ ပါဝင်နေတဲ့ ဒေါ်အေးနုစိန်ကို ပါတီက ထုတ်ပယ်မှာလား၊ အဲဒီအတွက်လည်း ပါတီဖက်မှာ အဖြေက ရှိနေပုံလည်းမတွေ့ရသေးပါဘူး။ အမှန်တကယ် စစ်ကောင်စီနဲ့ ဆက်စပ်ဆောင်ရွက်ခဲ့တာကို ရပ်တန့်လိုက်ပြီဆိုရင် ကောင်စီမှာ ပါဝင်နေတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အေးနုစိန်ကို စစ်ကောင်စီက နှုတ်ထွက်စေရပါမယ်၊ ဒါမှမဟုတ်ရင် ပါတီက ထုတ်ပယ်ရပါမယ်။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုသလိုမျိုး ဒေါ်အေးနုစိန်ကတော့ စစ်ကောင်စီမှာပဲ ပုဂ္ဂိုလ်ရေးအရ ပါဝင်နေ၊ ပါတီကလည်း မထုတ်ပယ်ဘူး၊ ပါတီအနေနဲ့ကလည်း ဒေါ်အေးနုစိန်ကို ဝန်းရံမပေးဘူး။ ဒါမျိုးက နိုင်ငံရေးပါတီတစ်ခုရဲ့ လုပ်နည်းလုပ်ဟန် မဟုတ်ပါဘူး။ တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရပါလိမ့်မယ်။

ပါတီက တောင်းဆိုခဲ့တဲ့ အချက်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတဲ့အချက်မှာ ဒေါက်တာအေးမောင်အပါအဝင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားရင်ဆိုင်နေကြရသူအချို့ ပြန်လွတ်လာခဲ့တုန်းက ဒေါ်အေးနုစိန်နဲ့ ပါတီရဲ့ကြိုးစားမှုကြောင့်လို့ ပုံဖော်ခဲ့ကြပြီး အခုအကျပ်အတည်းကို ရင်ဆိုင်ရချိန်မှာတော့ ဒေါ်အေးနုစိန်တစ်ယောက်တည်း ဖြေရှင်းရတော့မယ့် ပုံစံမျိုးဖြစ်နေတာကိုသာ မြင်တွေ့ရပါတယ်။

မူဝါဒရေးရာ ဦးဆောင်ကော်မတီ ဘာတွေမှားခဲ့သလဲ ?

လက်ရှိ ANP ပါတီရဲ့ ဖွဲ့စည်းပုံအရ ပေါ်လစ်ဗျူရိုပုံစံမျိုးနှင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၇ (ပါတီဥက္ကဌနဲ့ အတွင်းရေးမှူးပါဆို အားလုံး ၉  ဦး) ဦးပါဝင်တဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဟာ ပါတီရဲ့ အမြင့်ဆုံး အဖွဲ့ဖြစ်ပါတယ်။ ဆိုတော့ ပါတီရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်တစ်ယောက် စစ်ကောင်စီမှာ ပါဝင်မယ့်ကိစ္စကို ဘာကြောင့်ခွင့်ပြုခဲ့ကြသလဲ။ ဒီအကြောင်းကို ပါတီရဲ့ အမြင့်ဆုံးအာဏာရှိတဲ့အဖွဲ့အစည်းက မသိလိုက်ဘူးဆိုတာတော့ မဖြစ်နိုင်လောက်ပါဘူး။ မူဝါဒရေးရာ ဦးဆောင်ကော်မတီကို မတင်ပြခဲ့ဘူးဆိုရင်တော့ ဒါဟာ ဒေါ်အေးနုစိန်ရဲ့အမှားလို့ ဆိုနိုင်ပါတယ်။ ခန့်မှန်းမိ သလောက်ကတော့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် အများစုနဲ့ ဗဟိုအလုပ်အမှုဆောင် (CEC) တချို့ဟာ ဒေါ်အေးနုစိန်ကို စစ်ကောင်စီက အဖွဲ့ဝင်အဖြစ်ခန့်အပ်မှာကို သိခဲ့ကြတယ်လို့ ယူဆရပါတယ်။ ANP ရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်တွေထဲမှာ နိုင်ငံရေးလောကကို အခက်အခဲမျိုးစုံကြားထဲက ဖြတ်သန်းလာခဲ့ကြတဲ့ ဝါရင့်သမ္ဘာရင့် နိုင်ငံရေးသမားတွေ ပါဝင်နေပါလျှက် စစ်ကောင်စီနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဟာ မိမိတို့ တစိုက်မတ်မတ် ကိုင်စွဲလာခဲ့တဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်တွေ ယိုင်နဲ့သွားခြင်းကြောင့်လားဆိုသည်ကိုလည်း ထည့်တွက်စဉ်းစားရပါတော့မယ်။ အဲဒါအပြင် အခု ပါတီရဲ့အမြင့်ဆုံးဖြတ်ချက်ချနိုင်တဲ့ သူတွေဟာ နိုင်ငံရေးခံယူမှု၊ ရပ်တည်ချက် မခိုင်မာသလို မူမမှန်တော့ဘူးလို့ ပြောရပါတာ့မယ်။

လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဝါရင့်သမ္ဘာရင့်တွေအနေနဲ့ တုံဏှိဘာဝေ လုပ်နေတာကိုက အားရစရာ မရှိလှပါဘူး။ သာမာန်ပါတီဝင်တစ်ယောက်မဟုတ်တဲ့ ပါတီရဲ့ ဦးသျှောင်အဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီနဲ့ လက်တွဲခဲ့တာကို မသိခဲ့ဘူးလို့ ငြင်းဆိုမယ်ဆိုရင်တော့ ဒါဟာ အမှန်တရားနဲ့ မနီးစပ်နိုင်လို့ဘဲ ကောက်ချက်ဆွဲရပါလိမ့်မယ်။

အမှန်တကယ်တမ်း ဖြစ်သင့်တာက ဒေါ်အေးနုစိန်ကို စစ်ကောင်စီက ပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းခဲ့သည်ဆိုဦးတော့ မူဝါဒရေးရာ ဦးဆောင်ကော်မတီအနေနဲ့ ယခုလောက်အထိ မြန်မြန်ခွင့်ပြုစရာမလိုဘဲ အချိန်ဆွဲပြီးစောင့်ကြည့်ခဲ့သင့်တယ်။ ဥပမာ ဒေါ်အေးနုစိန်သည် ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့အတွက် ပါတီရဲ့ ဗဟိုကော်မတီ (CC)၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) တို့ရဲ့ သဘောထားမှတ်ချက်ကို တောင်းခံပြီးမှ ဆုံးဖြတ်ရပါလိမ့်မယ်လို့ အကြောင်းပြန်လိုက်ရင်လည်း စစ်ကောင်စီက အတင်းအဓမ္မ ဖိအားပေးခဲ့လိမ့်မယ်လို့ မထင်ပါဘူး။ ဒါ့ကြောင့် ဒိတ်အောက်နေတဲ့ နိုင်ငံရေးကြံဆချက်တွေကို ဘေးဖယ်ထားပြီး ခေတ်နှင့်အညီ ပြောင်းလဲမှုကို အမီလိုက်နိုင်တဲ့ လူငယ်တွေရဲ့ တွေးခေါ်ကြံဆမှု၊ နိုင်ငံရေးရပ်တည်ချက်ခိုင်မာမှု နည်းလမ်းတွေနဲ့ ပါတီကို လူထုမှအပြည့်အဝယုံကြည်အောင် ပြောင်းလဲသင့်တယ်လို့ ထောက်ပြပါရစေ။
ဝေဖန်ထောက်ပြပိုင်ခွင့်ရှိရပါမယ်

ရခိုင်အမျိုးသားပါတီဆိုတာ ရခိုင်ပြည်ထဲက တိုင်းရင်းသားမျိုးနွယ်စုအားလုံးကို ကိုယ်စားပြုပြီး ပေးထားတဲ့ အမည်နာမ ဖြစ်တဲ့အတွက် ရခိုင်ပြည်သူတိုင်းက ဝေဖန်ထောက်ပြပိုင်ခွင့် ရှိပါတယ်။ ပြည်သူလူထုကို မျက်နှာမူရပါမယ်။ ငါတို့ပါတီ၊ ငါတို့တည်ထောင်ခဲ့တာဆိုတဲ့ အမြင်မျိုးတွေနဲ့ လုပ်ချင်ရာလုပ်လို့ မရပါဘူး။ ပါတီဝင်ပဲဖြစ်ဖြစ် ပါတီဝင်မဟုတ်သူဘဲဖြစ်ဖြစ် ဝေဖန်ပိုင်ခွင့်၊ ထောက်ပြပိုင်ခွင့်ရှိပါတယ်။

ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် စစ်ကောင်စီရဲ့အောက်မှာ ပါဝင်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့အချက်ကိုလည်း ဘဝင်မကျလှပါဘူး။ ဦးနုဒီမိုကရေစီခေတ်ကပင် ဒီနေ့ စစ်ကောင်စီလက်ထက်အထိ ရခိုင်အပါအဝင် ဘယ်တိုင်းရင်းသားမှ တန်းတူရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အပြည့်အဝ မရခဲ့ကြသေးပါဘူး။ ပြည်သူအများစုက တင်မြောက်ထားတဲ့ ဒီမိုကရေစီအစိုးရ လက်ထက်မှာတောင် တန်းတူခံစားခွင့်မရဘဲ လူ့အခွင့်ရေးချိုးဖောက်ခံခဲ့ကြရတာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဆီကနေ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို သွားမျှော်နေလို့ကတော့ သဲကန္တာရထဲမှာ အိုအေစစ်ကို တွေ့လိုတွေ့ငြား ရှာနေတဲ့ အဖြစ်မျိုးသာ ကြုံရမှာပဲ။

လူလတ်ပိုင်းတွေကို နေရာအစားထိုးသင့်ပြီလား ?

ရခိုင်အမျိုးသားပါတီအနေနဲ့ ဒီနေ့အချိန်ထိ အင်အားတောင့်တင်း ခိုင်မာနေခြင်းဟာ ၈၈ နောက်ပိုင်းကစလို့ နိုင်ငံရေး၊ တော်လှန်ရေးနယ်ပယ်ထဲကို ရောက်လာကြတဲ့ ကျောင်းသားလူငယ် အင်အားစုတွေကြောင့်လို့ ဆိုရပါလိမ့်မယ်။ လက်ရှိမှာ လူလတ်ပိုင်းထဲကို ရောက်လာကြတဲ့ ၃၅ - ၄၅ နှစ်ဝန်းကျင် ပါတီဝင်အများစုဟာ တော်လှန်ရေး၊ နိုင်ငံရေးနယ်ပယ်ထဲက လာကြသူတွေများပါတယ်။

စစ်အစိုးရအဆက်ဆက် ဘယ်လိုဘယ်ပုံအုပ်ချုပ်ခံခဲ့ရတယ်ဆိုတာကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ကြရပြီး မခံရပ်နိုင်လွန်းအားကြီးလို့ နည်းမျိုးစုံနဲ့ တော်လှန်ပုန်ကန်ခဲ့ကြဖူးသူတွေ ပါတီထဲမှာ အများကြီးရှိပါတယ်။

စစ်အစိုးရခေတ်တစ်လျှောက်လုံးမှာ ပါတီနိုင်ငံရေး မရှိခဲ့ပေမဲ့လည်း နည်းလမ်းပေါင်းမျိုးစုံနဲ့ တိုက်ပွဲဝင်ခဲ့ကြပြီး ပွင့်လင်းလာတဲ့ခေတ်မှာလည်း အမျိုးသားရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြတာကို တွေ့ရပါတယ်။

နိုင်ငံရေးမှာ ရပ်တည်ချက်ခိုင်မှာဖို့လိုသလို ချမှတ်ထားတဲ့ ပါတီရဲ့မူဝါဒတွေကိုလည်း လိုက်နာစောင့်ထိန်းဖို့ အထူးလိုအပ်ပါလိမ့်မယ်။

သဘောထားအမြင်နဲ့ ရပ်တည်ချက်တွေကို ကြည့်ရင်လည်း ဒီသက်လတ်ပိုင်းတွေရဲ့ သဘောထားအမြင်နဲ့ ရပ်တည်ချက်တွေ တသမတ်တည်း ရှိနေတာကို တွေ့ရတယ်။ စစ်ကောင်စီမှာ ဒေါ်အေးနုစိန်ပါဝင်တယ်ဆိုတာနဲ့ ဒီလူတွေကပဲ ပထမဦးဆုံး ထောက်ပြဝေဖန်ကြတာကိုတွေ့ရပါတယ်။ စစ်ကောင်စီနဲ့ ပေါင်းခြင်းအားဖြင့် ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘဲ ပါတီနာမည်ပျက်တာသာ အဖတ်တင်လိမ့်မယ်လို့ ဝေဖန်ခဲ့ကြပေမဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက အလေးမထားခဲ့ကြပါဘူး။ အဲဒီအချက်တွေကြောင့်ပဲ ကျောင်းသားလူငယ် နိုင်ငံရေးလှုပ်ရှားမှုကပင် ပါဝင်လာခဲ့ပြီး လက်ရှိမှာ ပါတီဗဟိုကော်မတီအဆင့်ထိ တာဝန်ယူထားသူအချို့ နှုတ်ထွက်စာတင်တာမျိုးတွေ မြင်တွေ့လာရတာဖြစ်ပါတယ်။

ဘယ်လောက်ပဲ ပါတီဝင်အင်အား တောင့်တင်းတယ်ဆိုပေမဲ့လည်း အခုဖြစ်ခဲ့တဲ့ကိစ္စမှာ ပြည်သူရဲ့ ထောက်ခံမှု ကတော့ အနည်းနဲ့အများ ကျဆင်းမှာ အမှန်ပါပဲ။ တကယ်လို့ ပါတီအနေနဲ့ လူထုထောက်ခံမှုကို ပြန်လည် မြင့်တက်စေချင်ရင်တော့ အတွေးအခေါ် အယူအဆပိုင်းမှာ ပိုပြီးလန်းဆန်းတက်ကြွကာ သဘောထားအမြင်နဲ့ ရပ်တည်ချက် တသမတ်တည်းရှိတဲ့ သက်လတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေကို ပိုပြီးနေရာပေးမှသာ ဖြစ်ပါလိမ့်မယ်။

လူငယ်တွေရဲ့ အသံတွေ ပျောက်နေ

နိုင်ငံရေးပါတီတစ်ခုရဲ့ မဖြစ်မနေ လုပ်ဆောင်ပေးရမည့်တာဝန်တစ်ခုက လူငယ်တွေကို ပြုစုပျိုးထောင်ပေးဖို့ပါပဲ။ အနာဂတ် နိုင်ငံရေးမျိုးဆက်ကို မွေးထုတ်ပေးရပါမယ်။ ANP ပါတီ ရခိုင်နိုင်ငံရေးပါတီတွေထဲမှာ လူငယ်အင်အား အတောင့်တင်းဆုံးပါတီပဲဖြစ်ပါတယ်။ ပါတီစည်းရုံးရေးကအစ အခမ်းအနားတွေပြုလုပ်ရာမှာလည်း လူငယ်အများစုကသာ ဦးဆောင်ပြီး လုပ်ကိုင်နေတာတွေ့ရပါတယ်။ ရွေးကောက်ပွဲကာလ တစ်လျှောက်လုံးမှာလည်း စည်းရုံးလှုံ့ဆော်မှုတွေ အများကြီးလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီကနေ့ ပါတီတွင်း ဝေဖန်ရေးကိစ္စတွေမှာ သိပ်ပြီးဝင်ပါလာတာကိုမတွေ့ရပါဘူး။ လူငယ်ပိုင်းက အသံတွေ ဆိတ်သုဉ်းနေကြတယ်လို့ မြင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ ရခိုင်ပြည်နိုင်ငံရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်လာကြမယ့် မျိုးဆက်သစ် လူငယ်တွေအနေနဲ့လည်း မိမိတို့ရဲ့ သဘောထားအမြင်များကို ထုတ်ဖော်ပြောဆိုသင့်တယ်လို့မြင်တယ်။ ပါတီတွင်း ဝေဖန်ထောက်ပြစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပဲ ထောက်ပြဝေဖန်ပြီးတော့ လူထုကိုပါ ချပြသင့်ပါတယ်။ ဒီလိုမှပဲ အနာဂတ်မှာ ဦးဆောင်လာမည့်သူတွေရဲ့ ရပ်တည်ချက်၊ ခံယူချက်ကိုကြည့်ပြီး လူထုက အားကိုးလို့ရလောက်သလားဆိုတာ ဆုံးဖြတ်ကြပါလိမ့်မယ်။

ကျဆင်းခဲ့တဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ဘယ်လိုပြန်တည်ဆောက်မှာလဲ ?

စစ်ကောင်စီနဲ့ ဆက်စပ်ပတ်သက်မှုကို ရပ်တန့်လိုက်တယ်အချက်ကိုတော့ ပြည်သူတစ်ယောက်အနေနဲ့ ကြိုဆို ထောက်ခံပါတယ်။ ဒါပေမဲ့ ဒီသုံးလအတွင်းမှာ စစ်ကောင်စီက ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပြည်သူတွေကို ပစ်ခတ်မှုတွေ၊ CDM လုပ်နေကြတဲ့ ဝန်ထမ်းတွေ ထုတ်ပယ်ခံရမှု၊ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုတွေမှာ ပါတီအနေနဲ့ ကြံရာပါအဖြစ် အမဲစက်စွန်းခဲ့ပြီလည်း ဖြစ်ပါတယ်။ လူဆိုတာ အမှားနဲ့ မကင်းနိုင်လို့ ပါတီအနေနဲ့လည်း ဆုံးဖြတ်ချက် မှားကောင်းမှားနိုင်ပါတယ်။ ဒါဆို ဘယ်လိုပြန်တည်ဆောက်မလဲ။ သေချာတာ တစ်ခုက ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေအနေနဲ့ ဒေါ်အေးနုစိန်ကို နိုင်ငံတော်ကောင်စီဝင်အဖြစ် ခန့်အပ်တာကို ခွင့်ပြုလိုက်တာဟာ မှားတယ်လို့ ဒီနေ့ဒီအချိန်ထိ ဝန်မခံကြသေးပါဘူး။

ဆင်ဝှေ့ရန်ရှောင်အနေနဲ့ စစ်ကောင်စီနဲ့ ဆက်စပ်ခဲ့တာက ရခိုင်အကျိုးစီးပွားကို မြှင့်တင်ခွင့်ရချင်လို့ ပတ်သက်ခဲ့တယ်၊ အခု မရတော့ ပတ်သက်ဆက်စပ်မှုကို ရပ်စဲတယ်ဆိုတာမျိုးပြောလာပြန်ပါတယ်။ ဆိုတော့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နေရာအပါအဝင် ရခိုင်၊ ရန်ကုန်နဲ့ ဧရာဝတီက အစိုးရအဖွဲ့တို့မှာပါ ဝန်ကြီးနေရာများ ခန့်ထားပေးရေးဆိုပြီး တောင်းဆိုခဲ့တာက ရခိုင်အမျိုးသားအကျိုးစီးပွားလား၊ ပါတီအကျိုးစီးပွားအတွက်လား မေးခွန်းထုတ်ရပါတော့မယ်။

တကယ်လို့သာ ပါတီကတောင်းဆိုခဲ့တဲ့ ရာထူးနေရာတွေကိုသာ စစ်ကောင်စီဖက်က လိုက်လျော့ပြီး ခန့်အပ်ခဲ့မယ်ဆိုရင် ယခုလို လမ်းမခွဲဘဲ ဆက်ပြီးတော့ လက်တွဲခဲ့မှာလား ဆိုတာကတော့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကသာ အသိဆုံးဖြစ်ပါလိမ့်မယ်။

ရမ္မာကျော်စော ရေးသားသည်
မှတ်ချက် - "ရခိုင်အမျိုးသားပါတီ နိုင်ငံရေး ဘာလဲဘယ်လဲ" ဆောင်းပါးကို အပိုင်း (၃) ပိုင်းခွဲခြားတင်ပြမည်ဖြစ်ပြီး နောက်ဆုံးကျန်ရှိမည့် အပိုင်း (၃) ကို စောင့်မျှော်ဖတ်ရှုရန်။
အပိုင်း (၁) ဖတ်ရှုရန် Link >>> https://www.facebook.com/466648543487562/posts/2006902522795482/

Author: Admin