ICJ အရေးကြားက ပန်းပန်နေဆဲ မြန်မာပြည်

ဒါဇင်နှင့်ချီရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာစစ်တပ် အကြား ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများမှာ နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျှက်ရှိသည့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနယ်စပ်များရှိ တောတောင်များတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ ခြွင်းချက်အားဖြင့် မွတ်ဆလင်များ မောင်းထုတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင်မူ ရခိုင်လက်နက်ကိုင် အဖွဲ့သစ် Arakan Army သည် နိုင်ငံဧရိယာတွင်း၌ ဝင်ရောက်လှုပ်ရှားလျက်ရှိသည်။

By Foreign Desk 13 Dec 2019

ယခင်က နယ်ဆင်မင်ဒဲလား၊ မဟတ္တမဂန္ဒီ တို့နှင့်တန်းတူ ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - AFP/Lillian SUWANRUMPHA)

မြန်မာနိုင်ငံသို့ အလည်သွားသည့် ကမ္ဘာလှည့်ခရီးသွားတစ်ဦးအဖို့ အထင်ကရနေရာများကို သွားရောက်လေ့လာလျှင် အချိန်နှစ်ပတ်ခန့် အလွယ်တကူ ကုန်ဆုံးသွားနိုင်ပါသည်။ ပြီးလျှင် အေးချမ်းသာယာသော မြန်မာပြည်သို့ အလည်ရောက်ခဲ့ပါလား ဆိုသည့်အသိဖြင့် ပြန်လည်ထွက်ခွာသွားပါလိမ့်မည်။

မြန်မာပြည်ကြီး၏ နယ်စပ်ဒေသများတွင်တော့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကြီး တောက်လောင်လျှက်ရှိသည်။ မြန်မာပြည် လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ်တည်းက စတင်ခဲ့သည့် ပြည်တွင်းစစ်ကြီးကား ယခုအချိန်ထိ ပြီးဆုံးမည့်အရိပ်အယောင် မမြင်ရသေးပေ။

ငြိမ်းချမ်းရေးနှင့်စစ်ပွဲ ဒွန်တွဲနေသည့် ၎င်းပုံစံသည်ပင်လျှင် လက်ရှိ မြန်မာပြည်ကြီး၏ အနေအထား ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အတက်နှင့်အကျ

နှစ်ပေါင်းငါးဆယ်ခန့် သက်တမ်းရှည်ကြာခဲ့သည့် စစ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံး ပြည်လုံးကျွတ်ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပခဲ့သည်။ ၎င်းရွေးကောက်ပွဲမှတစ်ဆင့် ယခင်ဗိုလ်ချုပ်မှူးကြီးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့ တက်လာပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအား မြန်မြန်ဆန်ဆန် စတင် အကောင်အထည်ဖော်ခဲ့သည်။

ကာလရှည်ကြာ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရွေးကောက်ပွဲအပြီး မကြာမီ ပြန်လည်လွတ်မြောက်ခဲ့သည်။

၂၀၁၂ တွင်တော့ သူမသည် ရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်ထဲသို့ ရောက်ရှိလာခဲ့သည်။ သူမ၏ NLD ပါတီသည်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် ကြံ့ခိုင်ရေးပါတီအား အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

ဦးသိန်းစိန်အစိုးရ အစပျိုးခဲ့သည့် အားတက်ဖွယ်ရာ ပြုပြင်ပြောင်းလဲမှုများသည် NLD ဦးဆောင်သည့်အစိုးရ လက်ထက်တွင်မူ ပျက်ပြယ်စပြုလာခဲ့သည်။ စစ်တပ်ကရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေက စစ်တပ်အား ရွေးကောက်ခံအစိုးရအဖွဲ့ထက် လုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိအောင် ဖန်တီးပေးထားသည်။

၂၀၁၀ နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ NLD ပါတီဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters/Soe Zeya Tun)

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများသည် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ အောက်တွင် အရာမရောက်ဘဲ ဖြစ်နေသည့်အပြင် သူမကိုယ်တိုင်သည်လည်း နိုင်ငံ့ဦးသျှောင်သမ္မတ ဖြစ်ခွင့်မရှိပေ။

သူမ ဦးဆောင်သော အစိုးရအဖွဲ့၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည်လည်း ဝန်ကြီးများ၏ အုပ်ချုပ်ရေးအတွေ့အကြုံ အားနည်းချက်ကြောင့် အကျိုးသက်ရောက်မှု လွန်စွာနှေးကွေးလျက်ရှိသည်။

သူမအား ထောက်ခံကြသူ အများအပြားသည်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်သည့် အနေအထားများကို မြင်လာရပြီဖြစ်သည်။

ပြည်တွင်းက ဖြစ်ရပ်ဆိုး

ယင်းသို့သော အနေအထားများကြားမှ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဖြစ်ရပ်ဆိုးကြီး စတင်ခဲ့သည်။ မြန်မာစစ်တပ်သည် ရခိုင်မြောက်ပိုင်းရှိ မွတ်ဆလင် လူနည်းစုများအပေါ် စစ်ဆင်ရေးကြီး ဆင်နွှဲခဲ့သည်။
၎င်းဖြစ်ရပ်ကြောင့် လူပေါင်း ၇၀၀,၀၀၀ ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရပြီး ပြည်တွင်း၌လည်း လူ ၁၀၀,၀၀၀ ခန့်သည် ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခံခဲ့ရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ထောက်ပံ့ရေးအဖွဲ့အစည်းများသည် ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းမှုများရှိလာသဖြင့် နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုသည်လည်း ရပ်ဆိုင်းသွားခဲ့သည်။

ယခုအချိန်တွင်မူ NLD အစိုးရသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိကြောင်း ICJ တွင် ခုခံချေပရန် အသင့်ပြင်ဆင်ထားပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့အား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်မည်ဟု ကြေညာထားသည်။

မြန်မာနိုင်ငံ ကြုံတွေ့နေရသည့် ဖိအားပေးမှုများအား ပိုဆိုးသွားစေသည်မှာ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) ၏ ကြေညာချက်ဖြစ်သည်။ မွတ်ဆလင်များအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား သီးသန့်ခုံရုံးဖွဲ့စစ်ဆေးရန် စီစဉ်နေကြောင်း ICC က နိုဝင်ဘာလလယ်တွင် ကြေညာခဲ့သည်။

ကော့ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခုအတွင်းက ဈေးနေရာ (ဓာတ်ပုံ - Reuters/Mohammad Ponir Hossain)

ပြည်တွင်းက အခြေအနေ

မြန်မာ့လူဦးရေ ၅၄ သန်းအနက် ၇၀ ရာနှုန်းခန့်ရှိသော ဗမာတိုင်းရင်းသား (ဒေသအခေါ် ဗမာ) များနေထိုင်ရာ မြန်မာပြည်အလယ်ပိုင်းတွင်မူ အခြေအနေမှာ ပြောင်းလဲမှုတစ်စုံတစ်ရာမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်လျှက်ရှိသည်။

ဒါဇင်နှင့်ချီရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာစစ်တပ် အကြား ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများမှာ နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျှက်ရှိသည့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနယ်စပ်များရှိ တောတောင်များတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ ခြွင်းချက်အားဖြင့် မွတ်ဆလင်များ မောင်းထုတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင်မူ ရခိုင်လက်နက်ကိုင် အဖွဲ့သစ် Arakan Army သည် နိုင်ငံဧရိယာတွင်း၌ ဝင်ရောက်လှုပ်ရှားလျက်ရှိသည်။

ပြည်မကြီးတွင် နေထိုင်သူများအတွက်မူ နိစ္စဓူဝ ဘဝများသည် ဖြည်းဖြည်းနှင့်မှန်မှန် တိုးတက်လျှက်ရှိသည်။ မြန်မာ့စီးပွားရေးသည်လည်း တိုးတက်သည့် အနေအထားတွင် ရှိနေသည်။ မြန်မာနိုင်ငံ၏ GDP သည် ယခုဘဏ္ဍာရေးနှစ်တွင် ၆.၅ ရာခိုင်နှုန်းရှိပြီး လာမည့်နှစ်တွင် အနည်းငယ် မြင့်တက်ဦးမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

မွတ်ဆလင်အသိုင်းအဝိုင်းအား လူမျိုးစုရှင်းလင်းရေး လုပ်ဆောင်နေမှုများအပေါ်  အာရှနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ၏ တုံ့ပြန်မှုမှာ မရှိသလောက်ပင်ဖြစ်သည်။ အနောက်ဒီမိုကရေစီနိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံသူ များများစားစား မရှိခြင်းကလည်း တရုတ်၊ ဂျပန်၊ ဗီယက်နမ်၊ စင်္ကာပူနှင့် အခြားအာရှနိုင်ငံများ အတွက် ခံတွင်းတွေ့စရာ အနေအထားဖြစ်သည်။

ရန်ကုန်မြို့တွင်း (ဓာတ်ပုံ - Jack Board)

၂၀၁၇ မွတ်ဆလင်ပြဿနာကြောင့် အနောက်နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ကျဆင်းသွားသော်လည်း အာရှနိုင်ငံများမှ ခရီးသွားများဝင်ရောက်မှုမှာ ပိုမိုများပြားလာပြီး ၂၀၁၉ ပထမ ၉ လအတွင်း ယမန်နှစ် ခရီးသွားဝင်ရောက်မှုထက် ၄၀ ရာခိုင်နှုန်းကျော်တက်သွားပြီဖြစ်သည်။ ရန်ကုန်ရှိ အိမ်ခြံမြေဈေးနှုန်းများနှင့် ဟိုတယ်ခန်း ငှားရမ်းခများသည်လည်း အထိုက်အလျောက် ကျဆင်းလာခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများမှ အောင်မြင်သောရလဒ်များ ထွက်မလာ

ထိုကဲ့သို့သော စီးပွားရေးတိုးတက်မှုများ၏ နောက်ကွယ်တွင်မူ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုများ အပါအဝင် အခွင့်ထူးခံ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ စစ်တပ်နှင့် အလွမ်းသင့်သူများကသာ ကြိုးကိုင်ခြယ်လှယ်လျက်ရှိသည်။

နေရာတကာတွင် ချမ်းသာကြွယ်ဝပြီး အာဏာရှိသူများသာ မင်းမူနေဆဲဖြစ်ပြီး ဘဏ်လုပ်ငန်းများသည်လည်း အချိန်မရွေး ပြိုလဲနိုင်ခြေရှိသည်။ ထိုသို့သော အားနည်းချက်များသည် ၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ်တွင်လည်း အကျိုးသက်ရောက်မှုများ ရှိလာနိုင်ပေသည်။

လေ့လာသူအများစုက ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း NLD ပါတီသာ အနိုင်ရမည်ဟု ခန့်မှန်းကြသည်။ သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ လူနည်းစုတိုင်းရင်းသားများ၏ ထောက်ခံအားပေးမှု ရနိုင်ခြေမှာ အလွန်နည်းပါးသွားပြီဖြစ်သည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ နှေးကွေးလာမှုအပေါ် လူများစုဗမာများ၏ မကျေနပ်ချက်များ တိုးပွားလာခြင်းကလည်း ပါတီအသစ်များအပေါ် ပြောင်းလဲထောက်ခံလိုစိတ် ပေါ်လာနိုင်ခြေ ရှိနေသေးသည်။

၂၀၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့က အာဇာနည်ဗိမာန်တွင် ကျင်းပသည့် ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် တက်ရောက်ဂါရဝပြုနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Reuters/Ann Wang)

၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်ဘက်မှ ရွေးကောက်ခံစရာမလိုဘဲ လွှတ်တော်၌ ၂၅ ရာခိုင်နှုန်း  နေရာရထားခြင်း၊ သမ္မတအား မဲဆန္ဒရှင်များက တိုက်ရိုက်ရွေးချယ်ခွင့်မရဘဲ လွှတ်တော်မှ ရွေးချယ်ခြင်း စသည့်အချက်များကြောင့် NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင်ကဲ့သို့ သမ္မတခန့်အပ်နိုင်သည်အထိ အနိုင်ရဦးမည်လား ဆိုသည်ကလည်း မရေရာပေ။

၎င်းအစား နောင်လာမည့်သမ္မတသည် စစ်တပ်မှ ရွေးကောက်တင်မြှောက်သူ ဖြစ်နိုင်ခြေ ရှိနေသေးသည်။ ထိုအတိုင်းသာဖြစ်ခဲ့လျှင် မြန်မာ့ဒီမိုကရေစီသို့ သွားရာလမ်းသည် ရှေ့ဆက်မသွားသည့်အပြင် နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်သွားမည့် အနေအထားသို့ ရောက်သွားနိုင်သည်။

ငြိမ်းချမ်းရေးအကြောင်းကို ပြန်ဆက်ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် သူ့ရှေ့က စစ်တပ်တစ်ပိုင်းအစိုးရ ချခဲ့သည့် ငြိမ်းချမ်းရေးလမ်းကြောင်းအား  ပြန်လည်ပြင်ဆင်ကာ လျှောက်လှမ်းလျက်ရှိသည်။ သို့သော်လည်း ထိရောက်သည့် ပြောင်းလဲမှုမျိုး ပေါ်ထွက်မလာပေ။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး နှစ်ဘက်တပ်များသည်လည်း ကျောက်စိမ်း၊ သစ်၊ နယ်မြေ စသည့် သဘာဝသယံဇာတများအား ထိန်းချုပ်ခွင့်ရအောင် ကြိုးစားနေကြဆဲဖြစ်သည်။

မွတ်ဆလင်ပြဿနာသည် လူများစု ဗုဒ္ဓဘာသာဝင်များအကြား အမျိုးသားရေးခံယူချက်များ ပိုမိုအားကောင်းသွားစေပြီး လူနည်းစုတိုင်းရင်းသားများအတွက်မူ သူတို့၏ ယဉ်ကျေးမှု သရုပ်သကန်များသည် ခြိမ်းခြောက်ခံနေရပြီ ဆိုသည့် အတွေးများ ဝင်လာစေကာ စစ်တပ်အပေါ်၌လည်း ယုံကြည်မှု ကျဆင်းလာစေခဲ့သည်။

လူနည်းစုတိုင်းရင်းသားများနှင့် ဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်၏ တိုက်ပွဲများအား ရပ်တန့်ရန်ဆိုသည်မှာ ဆန်းကြယ်သည့် အလှည့်အပြောင်းတစ်ရပ်ရှိမှ ဖြစ်ပေါ်လာနိုင်သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်မှ မွတ်ဆလင်ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လာပြီး အခြေခံရပိုင်ခွင့်များနှင့် ကောင်းမွန်သောဘဝတစ်ခု တည်ဆောက်ရန်အတွက်မူ ထို့ထက်ပိုဆန်းကြယ်သည့် အလှည့်အပြောင်းတစ်ရပ် လိုအပ်လိမ့်မည်ဖြစ်သည်။

စောသန္တာအေး
(ကိုးကား - Myanmar doing rather well despite the Lady hauled to Hague for Rohingya's plight by Lex Rieffel, CNA)

ဗီဒီယိုများ