အာဏာမသိမ်းမီက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင်တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - China Daily)

၂၀၂၁ ခုနှစ်နှောင်းပိုင်းကစပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားမိတ်ဘက်နိုင်ငံ အနည်းငယ်တွင် တစ်နိုင်ငံအဖြစ် တည်ရှိနေသေးသည်။ စစ်တပ်ကို မြန်မာပြည်သူလူထုက လက်မခံဘဲ ဆက်လက်ခုခံနေပြီး အကြမ်းဖက်ဖြိုခွင်းမှုများ ကြားကပင် ဘေဂျင်းနှင့် နေပြည်တော်ရှိမြန်မာစစ်တပ်ကတော့ အပြန်အလှန်အကျိုးရှိ စေမည့် အတူယှဉ်တွဲနေထိုင်ရေး ပုံစံသစ်ကို ရှာဖွေနေကြသည်။ တရုတ်နိုင်ငံက ၎င်း၏ရေရှည်အကျိုးစီးပွား အတွက် လုံခြုံရေးပိုက်ကွန်တစ်ခု ဖန်တီးရန် ရည်မှန်းနေချိန်မှာပဲ နှစ်နိုင်ငံစီမံကိန်းသစ်များ မှတဆင့် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများနှင့် အသိအမှတ်ပြုမှုများကို ဝယ်ယူနိုင်ရန် မြန်မာစစ်တပ်က ကြိုးပမ်းနေလေသည်။

၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာတော့ မြန်မာစစ်တပ်နှင့် အတိုက်အခံများအကြား ထိပ်တိုက်ရင်ဆိုင်မှုများ အဆုံးမသတ်နိုင်သေးသလို နှစ်ဘက်စလုံးကတော့ အောင်နိုင်မည်ဟု ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသော်လည်း ပြတ်သားသော ထိုးနှက်တိုက်ခိုက်မှုကိုတော့ မပြုလုပ်နိုင်ကြသေးပေ။ အကျပ်အတည်းများကြားတွင် မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်း ကျုံ့ဝင်သွားဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ လက်ငင်းရလဒ်များအနေဖြင့် အလုပ်အကိုင် ၁ သန်းခန့်ဆုံးရှုံးနိုင်ပြီး ဝင်ငွေသိသိသာသာ ကျဆင်းနေသည်။ ထို့အပြင် ဆင်းရဲနွမ်းပါးမှုနှုန်းကလည်း ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၂ အစပိုင်းတွင်ပင် နှစ်ဆတိုးလာမည်ဟု မျှော်လင့်ထားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ခိုင်မာသောအကျိုးစီးပွားရှိနေပြီး အဓိကမိတ်ဘက်အဖြစ် ဆက်လက်တည်ရှိ နေပါသည်။ သန်းပေါင်းများစွာ တန်ဖိုးရှိသော တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) ကို အကောင်အထည်ဖော်ရန်နှင့် အိန္ဒိယသမုဒ္ဒရာတွင် အခိုင်အမာ နေရာယူရန်အတွက် နယ်စပ်တလျှောက်လုံခြံရေးက စိုးရိမ်စရာကောင်းနေသည်။ အာဏာသိမ်းပြီးပြီးချင်းမှာတော့ နှစ်နိုင်ငံဆက်ဆံရေး အေးခဲသွားခဲ့သော်လည်း နောက်ဆုံးပိုင်းလများအတွင်း မြန်မာစစ်တပ်ကို တရုတ်နိုင်ငံက အရှိအတိုင်း အသိအမှတ်ပြုမှုအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်ငြားလည်း မြန်မာနှင့်တရုတ်ကြားက အထူးညီရင်းအစ်ကို ဆက်ဆံရေးကို ဖော်ပြရန်အတွက် သမိုင်းတွင်အသုံးပြုခဲ့သော “ဆွေမျိုးပေါက်ဖော်” စကားလုံးနှင့်ကတော့ ဝေးကွာနေသေးသည်။ ဘေဂျင်းသည် နိုင်ငံတွင်း ၎င်း၏ရေတိုနှင့် ရေရှည်ရည်မှန်းချက်များ အတွက် အန္တရာယ်များကို ကာကွယ်ရန်ကြိုးစားနေချိန်မှာပဲ မြန်မာစစ်တပ်ကလည်း တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေရသည်။

ရန်သူဟောင်းများကြား ဆက်ဆံရေးအရည်ပျော်ခြင်း

မြန်မာနိုင်ငံတွင်း ပျံ့နှံ့တည်ရှိနေသော တရုတ်တို့၏ စီးပွားရေးများသည် မြန်မာနိုင်ငံအစိုးရ အပြောင်းအလဲများကြောင့် တရုတ်နှင့်မြန်မာကြားက ရှည်လျားရှုပ်ထွေးသော ဆက်ဆံရေးကို ထိခိုက်စေခဲ့သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့်  တရုတ်နိုင်ငံသည် မြန်မာစစ်တပ်အတွက် အဓိကလက်နက်ထောက်ပံ့သူ ဖြစ်လာခဲ့ပြီး ယင်းဆက်ဆံရေးအပေါ် မြန်မာက အလွန်အမင်း မှီခိုနေရသောနိုင်ငံ ဖြစ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာစစ်တပ်သည် ၁၉၄၈ ခုနှစ်ကတည်းက စတင်ဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်အကူအညီ ယူနေရပြီး တရုတ်နှင့်ကြီးထွားလာနေသော ထိတွေ့ဆက်ဆံမှုများကြောင့် နှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရသည်။ တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံ လက်နက်ရောင်းချသည်ဟု စွပ်စွဲခံထားရပြီး ဗဟိုအာဏာပိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ၎င်းတို့၏ ပါဝင်ဆောင်ရွက်မှုကို တားမြစ်ပိတ်ပင်ထားသည်။

နှစ်ပေါင်းများစွာ သံတမန်ရေးကြိုးပမ်းမှုများကြောင့် တရုတ်နိုင်ငံသည် ယခင် ဒီမိုကရေစီအစိုးရနှင့် ယင်းတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် မိတ်ဘက်ဆက်ဆံရေး ထူထောင်နိုင်ခဲ့ပြီး CMEC မူဘောင်အတွင်း ရည်မှန်းချက်ကြီးသော ပရောဂျက်များစွာ ပေါ်ပေါက်စေခဲ့သည်။ တရုတ်စီမံကိန်းများကြောင့် လူထုဆန္ဒပြပွဲများ ပေါ်ပေါက်လာသောအခါများတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က တရုတ်နှင့် ဒေသခံလူထုကြား ဖျန်ဖြေပေးသူအဖြစ် မကြာခဏ ဆောင်ရွက်ခဲ့ရသည်။ စစ်တပ်အာဏာသိမ်းမှုက တရုတ်-မြန်မာ ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ဆုတ်ယုတ်သွားစေခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် စစ်အုပ်ချုပ်ရေးနှင့် ဝေးကွာသယောင် ရှိခဲ့သော်ငြား အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရန် တောင်းဆိုမှုများကို ကန့်သတ်ထားခဲ့သည်။

သို့သော်လည်း ဘေဂျင်းသည် မြန်မာစစ်တပ်အပေါ် ကုလသမဂ္ဂဆုံးဖြတ်ချက်များကို သဘောမတူလက်မခံဘဲ ပိတ်ပင်ခဲ့သည်။  အာဏာသိမ်းမှု မတိုင်ခင်ကတော့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနက် တစ်နိုင်ငံဖြစ်ခဲ့သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အများပြည်သူဆန့်ကျင်မှုကြောင့် စီမံကိန်းအချို့ ရပ်ဆိုင်းခဲ့ရသည်။ တရုတ်နိုင်ငံ၏ ထောက်ပံ့မှု ရေရှည်တည်တံ့စေရန်အတွက် မြန်မာစစ်တပ်သည် နှစ်နိုင်ငံစီမံကိန်း အသစ်များနှင့် အဟောင်းများကို အရှိန်အဟုန်မြှင့်၍ ပူးပေါင်းဆောင်ရွက်ရမည်သာ ဖြစ်သည်။

မေလတွင် မြန်မာစစ်တပ်အတွက် ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံတန် မီးလင်းချိုင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကို တရုတ်ကုမ္ပဏီများက တည်ဆောက်လည်ပတ်မည်ဖြစ်ပြီး ပိုင်ဆိုင်မှု ၈၁ ရာခိုင်နှုန်းကို ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းသည်က ယင်းစီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်နေပြီး ပွင့်လင်းမြင်သာမှုမရှိကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ နောက်ပိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ထိုအချိန်က စွမ်းအင်ဝန်ကြီးဖြစ်ခဲ့သော ဦးဝင်းခိုင်၏ စာရင်းများကို စတင်စစ်ဆေးခဲ့ပြီး ၂၀၂၁ ခုနှစ်အထိ စီမံကိန်းနှင့် ပတ်သက်ပြီး ကြေညာချက်မရှိတော့ပေ။

တစ်ချိန်တည်းမှာပင် အကြိမ်ကြိမ်နှောင့်နှေးခဲ့ရသော CMEC အတွင်း အပါအဝင်ဖြစ်သည့် နောက်ထပ်ပရောဂျက်ကြီးများ ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (KPSEZ) နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းများကို မြန်မာစစ်တပ်က အရှိန်မြှင့်ဆောင်ရွက်လာခဲ့သည်။ NLD အစိုးရလက်ထက်တွင် အစုရှယ်ယာရှင်များ၏ သဘောတူညီချက်များကို အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီး အစုရှယ်ယာများကို ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး စီမံကိန်းစကေးကို သိသိသာသာ လျှော့ချနိုင်ခဲ့သည်။ မြန်မာနိုင်ငံမှ စေ့စပ်ညှိနှိုင်းရေးမှူးများက တရုတ်နှင့်ပတ်သက်သော စီးပွားရေးများက ဒေသတွင်း စီးပွားရေးအလားအလာ မျှော်လင့်ချက်များအတိုင်း ဖြစ်မလာနိုင်ဘဲ ကြွေးမြီထောင်ချောက်တွင်း သက်ဆင်းရမည်ကို သတိပြုမိကြသည်။ သို့သော်လည်း ပြီးခဲ့သောမေလတွင် လုပ်ငန်းများ အရှိန်မြှင့်ရန် စစ်တပ်က မီးစိမ်းပြခဲ့လေသည်။ ဤအချက်က မြန်မာစစ်တပ်သည် တရုတ်အကူအညီကို ဝယ်ယူရန်ရည်ရွယ်ချက်ဖြင့် အလွန်အငြင်းပွားဖွယ်ရာ စီမံကိန်းကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြနေသည်။

တရုတ်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေကြသူများအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

တရုတ်က လူတိုင်းနှင့်မိတ်ဆွေဆက်ဆံရေးကို ထိန်းသိမ်းထားခြင်း

မြန်မာစစ်တပ်ကိုဆန့်ကျင်သော ကုလသမဂ္ဂဆုံးဖြတ်ချက်များကို ဘေဂျင်းက ပိတ်ဆို့ထားသော်လည်း အာဆီယံနှင့်ဆက်ဆံရေး နွေးထွေးစေရန် တရုတ်ကမကူညီနိုင်ပေ။ နိုဝင်ဘာလက ကျင်းပခဲ့သော တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုရန် အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံများကို ဘေဂျင်းက လှုံ့ဆော်ခဲ့သော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြင်းထန်စွာကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အာဆီယံထိပ်သီး အစည်းအဝေးများတွင် မြန်မာစစ်တပ်ကိုယ်စားလှယ် မည်သူ့ကိုမျှ မြန်မာနိုင်ငံကိုယ်စားလှယ် အဖြစ် အာဆီယံက အသိအမှတ်မပြုနိုင်ကြောင်းနှင့် စစ်တပ်နှင့် ဆက်နွယ်မှုမှန်သမျှကို သတိထားနေခဲ့သည်။ ဤဆုံးဖြတ်ချက်ကို ဘေဂျင်းကလည်း လက်ခံထားသည့်အတွက် စစ်တပ်ထောက်ခံသူအဖြစ် တရုတ်ကို သတ်မှတ်ရန်ကလည်း သံသယဖြစ်စရာ ကောင်းနေသည်။

စစ်တပ်၏ လက်ရှိ အာဏာကိုင်စွဲထားမှုကို တရုတ်နိုင်ငံက အရှိအတိုင်း အသိအမှတ်ပြုသော်လည်း ဥပမာ - ဖြုတ်ချခံခဲ့ရသော  ယခင်အာဏာရ ဒီမိုကရက်တစ်ပါတီ NLD နှင့်လည်း တရုတ်နိုင်ငံသည် ၎င်း၏ကာလရှည်ကြာ ဆက်ဆံရေးကို ထိန်းသိမ်းသည့်ဗျူဟာကို လိုက်နာခဲ့သည်။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံအတွက် ရေရှည်အကျိုးစီးပွားများရှိပြီး စစ်အာဏာရှင်များကို နှစ်ရှည်လများ ခုခံနေမှု သို့မဟုတ် အခြားအလှည့်အပြောင်းများတွင် ဖြစ်လာနိုင်မည့်အန္တရာယ်များကိုလည်း ပြေလည်အောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ပြီးခဲ့သောဧပြီလတွင် ရန်ကုန်ရှိ တရုတ်သံရုံးမှ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။ အဆိုပါကော်မတီသည် မြန်မာစစ်တပ်၏ တရားဝင်မှုကို စိန်ခေါ်ရန်ရည်ရွယ်ပြီး NLD လွှတ်တော်ကိုယ်စားလှယ်များက ဖေဖော်ဝါရီလတွင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဩဂုတ်လတွင် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော့ရှန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သော်လည်း မြန်မာစစ်တပ်က ပယ်ချခဲ့သည်။

မြန်မာစစ်တပ်နှင့် EAO တို့အကြား တိုက်ပွဲများကြောင့် တရုတ်ပိုင်နယ်မြေများအတွက် လုံခြုံရေးပြဿနာများသည် တရုတ်အတွက် ကာလရှည်ကြာရှိထားသော  ပြဿနာ ဖြစ်သည်။ မကြာသေးမီကပင် တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော ဝန်တင်း မြို့တွင်းသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့သေးသည်။ အာဏာသိမ်းပြီးနောက်ပိုင်း EAO အများအပြားနှင့် ပဋိပက္ခများ ပြင်းထန်လာခဲ့သဖြင့် ကိုဗစ်ကာကွယ်ဆေးကို တရုတ်နိုင်ငံက သံခင်းတမန်ခင်းအဖြစ် အသုံးပြုခဲ့ပြီး ထောက်ခံမှု ရယူရန် နည်းလမ်းသစ်တစ်ခုအဖြစ် အသုံးပြုခဲ့သေးသည်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ လူပေါင်း ၂ သောင်းကျော်ကို တရုတ်က ကာကွယ်ဆေးထိုးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု စံချိန်မြှင့်တက်လာခြင်း၊ ကာကွယ်ဆေးရရှိရန်ခက်ခဲခြင်းနှင့် စစ်တပ်ကိုဆန့်ကျင်သော ဆန္ဒပြသော ကျန်းမာရေးဝန်ထမ်းများကို အကြမ်းဖက်မှုများကြောင့် EAO များနှင့် ၎င်းတို့ပြည်သူများသည် တရုတ် ကာကွယ်ဆေးကို အဓိကအားထားခဲ့ရသည်။

ကုန်ကျစရိတ်များ သို့မဟုတ် အကျိုးအမြတ်များ

အာဏာသိမ်းပြီးတစ်နှစ်ပတ်လုံး တရုတ်အကျိုးစီးပွားများကို ခြိမ်းခြောက်မှု ကြီးထွားလာနေသောကြောင့် ၎င်းတို့ အကျိုးစီးပွားများလုံခြုံရန်က တရုတ်-မြန်မာ သံတမန်ရေးနောက်ကွယ်က အဓိကတွန်းအား ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများကို အာဏာသိမ်းမှု ဆန့်ကျင်သောအုပ်စုများက တိုက်ခိုက်ခဲ့သည်။ ပထမအကြိမ်တိုက်ခိုက်မှုက အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ အများအပြား တိုက်ခိုက်ခံခဲ့ရသည်။ နောက်တစ်ခုမှာ ပိုက်လိုင်းစီမံကိန်းများ ဖောက်ခွဲခံရနိုင်သည်ဟု ဆိုရှယ်မီဒီယာ အသုံးပြုသူများက ခြိမ်းခြောက်နေကြခြင်း ဖြစ်သည်။ ၎င်းအကြောင်းအရာက အွန်လိုင်းပေါ်က ဒေါသထွက်နေသော လူအုပ်ကြီးအတွက် အချက်အချာကျသောအရာ ဖြစ်လာနေသည်။

စီမံကိန်းလုံခြုံရေး သေချာစေရန်အတွက် ဘေဂျင်းက ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ပေါက်ကြားလာသော စာရွက်စာတမ်းများကြောင့် လူထုတုန့်ပြန်မှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ တရုတ်တို့အလေးထားသည့် တစ်ခုတည်းသော ပရောဂျက်က ၎င်းအရာသာ ဖြစ်ကြောင်း အင်တာနက်အသုံးပြုသူများက အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ အာဏာသိမ်းခြင်းနည်းတူပင် တရုတ်ပိုက်လိုင်းများ ဖောက်ခွဲခြင်းကလည်း ပြည်တွင်းရေးကိစ္စသာ ဖြစ်သောကြောင့် နိုင်ငံခြားအင်အားစုများက ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဟု ဆိုရှယ်မီဒီယာအသုံးပြုသူများက ဆိုသည်။ ယင်းကဲ့သို့သောပြောဆိုမှုမျိုးက အာဏာသိမ်းမှုကို ထောက်ခံခဲ့သော တရုတ်၏ တရားဝင်ပြောဆိုချက်များကို မြန်မာပြည်သူများက ပြန်လည်အသုံးချခဲ့ခြင်း ဖြစ်သည်။ အာဏာသိမ်းခဲ့သော မြန်မာစစ်တပ်အပေါ် ဖိအားပေးမှုမျိုး ဘေဂျင်းကမပြုလုပ်ခဲ့လျှင် တရုတ်စီမံကိန်းများကို ဖောက်ခွဲပစ်မည်ဟုလည်း ခြိမ်းခြောက်ကြသည်။

မြန်မာနိုင်ငံတွင် တရုတ်တို့လုပ်ရပ်များနှင့် ပတ်သက်ပြီးအဓိပ္ပါယ်ဖွင့်ဆိုရန် ဆန့်ကျင်ဘက် အချက်များလည်း ရှိနေသည်။ တရုတ်တို့သည် တစ်ဘက်တွင်လည်း မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်ပြင်းထန်လာသည်။ တစ်ဘက်တွင်မူ နယ်စပ်ရှိ ဒီမိုကရေစီအတိုက်အခံများနှင့် EAO အဖွဲ့များနှင့် ဆက်ဆံရေးကဲ့သို့သော အရန်ရွေးချယ်မှုမျိုးကို ဆက်ပြီးထိန်းသိမ်းရန် တရုတ်က ကြိုးပမ်းလျက်ရှိသည်။ နှစ်ရှည်လများညှိနှိုင်းထားသော ပရောဂျက်များကို အရှိန်မြှင့်တင်နေခြင်းက တရုတ်အတွက် သံသယဖြစ်ဖွယ် အကျိုးကျေးဇူးတစ်ခုဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လက်ရှိအနေအထားအရ ဘေဂျင်းသည် လုံခြုံရေးနှင့် ကမ္ဘာ့စင်မြင့်ပေါ်ရှိ ၎င်းတို့သံတမန်ရေးရာပုံရိပ်ကို ထိခိုက်စေမည့် အရာများကို လျှော့ချစေရန်အတွက် ကုန်ကျစရိတ်များ ကျခံခဲ့ပြီး ဖြစ်သည်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးက ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဖော်ပြနိုင်သည်အထိ ပြုလုပ်နိုင်စွမ်း မရှိသေးသော်လည်း တစ်ဘက်နှင့်တစ်ဘက် ကျေနပ်စရာမရှိသော အကျိုးကျေးဇူးများနှင့် ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ရှုမြင်နိုင်သည်။ သို့သော်လည်း ပူးပေါင်းဆောင်ရွက်မှုများ၏ အားသာချက်များက ကန့်သတ်ထားချက်များထက်ပင် ကျော်လွန်နေသေးသည်။ ဤအချက်ကို စိတ်ထဲမှတ်ယူထားခြင်းဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ထောက်ခံအားပေးနိုင်သော မည်သည့်အစိုးရမျိုးနှင့်မဆို တရုတ်က လုံးထွေးမည်ဟုယူဆရန် ခက်ခဲမည်မဟုတ်တော့။ ၎င်းတို့အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားပြီး မြန်မာနိုင်ငံရှိ ရေရှည်ရည်မှန်းချက်များအတွက် ဘေးကင်းလုံခြုံသော ပိုက်ကွန်တစ်ခုကို တရုတ်က ဖန်တီးရမည်ဖြစ်သည်။

မြန်မာစစ်တပ်နှင့် ဖြုတ်ချခံထားရသော ဒီမိုကရက်တစ်အစိုးရ နှစ်ရပ်စလုံးနှင့် ကစားနေရသည့် မြေပြင်တွင် တရုတ်၏ကြွေးကြော်သံနှင့် လုပ်ဆောင်ချက်များကြား ကွဲလွဲမှုတိုးလာခြင်းက အကျိုးရှိမည်မဟုတ်ပေ။ ထို့ကြောင့်လည်း ပြုလွယ်ပြင်လွယ် လိုက်လျောညီထွေရှိပြီး လက်တွေ့အကျိုးစီးပွားကို ဦးစားပေးသည့်  ရပ်တည်မှုကလွဲလျှင် တရုတ်အတွက် စစ်မှန်သောရေရှည်မဟာဗျူဟာ မရှိနိုင်ကြောင်း အကြံပြုရမည်သာ ဖြစ်သည်။

ကြည်ဖြူစံ
blog.prif.org တွင် Alena Zhabina ရေးသားထားသော  China in Post-coup Myanmar – Closer to Recognition, Further from „Pauk-phaw“ ကိုဆီလျော်အောင် ရေးသားသည်။

Author: Admin