- စစ်ကောင်စီနှင့် NUG ဆွေးနွေးရန် အချိန်သင့်ပြီဟု အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်ပြော
- စာနာမှုစင်္ကြံအရေး မည်သူနှင့်မှ မဆွေးနွေး၊ ဆွေးနွေးရန် အစီအစဉ်လည်း မရှိဟု ဘင်္ဂလားဒေ့ရှ်ပြော
- ဗုံးကြဲခံရ၍ အစုလိုက်အပြုံလိုက် ဒဏ်ရာရ ရခိုင်ဒေသခံများ အကူညီလိုအပ်နေ
- မြန်မာ့ပဋိပက္ခထဲမှာ လှေနံနှစ်ဘက်နင်းတဲ့ တရုတ်ကစားကွက် (၂)
- စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် ကျောက်ဖြူတွင် ထမင်းနပ်မမှန်သူများ ရှိလာနေ
မြန်မာ့ပဋိပက္ခထဲမှာ လှေနံနှစ်ဘက်နင်းတဲ့ တရုတ်ကစားကွက် (၂)
ငြိမ်းချမ်းတည်ငြိမ်သည့် ဖက်ဒရယ် မြန်မာနိုင်ငံ တည်ဆောက်ရန်အတွက် လိုအပ်သည့် လက်နက်ကိုင် တပ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို ဘေဂျင်းဘက်က မည်သည့် အနေအထားမျိုး၌မဆို ဆက်လက် ကဖျက်ကယက် လုပ်နေဦးမည်သာ ဖြစ်သည်။ ဘေဂျင်းလိုလားသည်မှာ ဗျူဟာမြောက် လွှမ်းမိုးနိုင်ရေးဖြစ်သည်။
22 May 2025

၂၀၂၄ သြဂုတ်လ၌ လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကျဆုံးသွားခြင်းသည် ဘေဂျင်းအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်သွားကာ တော်လှန်ရေးတပ်များ ခြေလှမ်း ကျော်လာပြီဟု တရုတ်ကို ယူဆသွားစေခဲ့သည်။ ဤနောက်၌ တရုတ်သည် စည်းခွထိုင်သည့် ဗျူဟာကို စွန့်လွှတ်ကာ စစ်ကောင်စီဘက်မှ ဝင်ပါပြီး အကြီးအကျယ် စွက်ဖက်လာသည်။
၂၀၂၄ သြဂုတ်တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကိုယ်တိုင် စစ်ကောင်စီ အရာရှိများကို သွားတွေ့ပြီး ဘေဂျင်း၏ ထောက်ခံမှုကို ရှင်းရှင်းလင်းလင်းပင် ပြသခဲ့သည်။ မကြာမီ၌ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း အာဏာသိမ်းမှု နောက်ပိုင်း ပထမဆုံးအဖြစ် တရုတ်ပြည် ကူမင်းမြို့သို့ သွားရောက် လည်ပတ်ခဲ့သည်။
တချိန်တည်း၌ ဘေဂျင်းသည် တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအား တိုက်ပွဲများရပ်အောင် ဖိအားပေးဖို့ ကြိုးစားသည်။ မနာခံသည့် အဖွဲ့များကို နယ်စပ်ဂိတ်များ ပိတ်ခြင်း၊ နယ်စပ်ဖြတ်ကျော် လျှပ်စစ်မီး၊ ရေ၊ အင်တာနက်နှင့် အခြေခံ ကုန်စည်များ ဖြတ်တောက်ခြင်းဖြင့် အကျပ်ကိုင်သည်။
တရုတ်၏ လက်တံအရှည်ဆုံး လုပ်ရပ်မှာ ၂၀၂၄ နှောင်းပိုင်းတွင် MNDAA ခေါင်းဆောင်ကို ထိန်းသိမ်းကာ အပစ်ရပ်ရန်နှင့် လားရှိုးမှတပ်များ ဆုတ်ခွာရန် အတင်းခိုင်းစေသည့် သတင်းများ မြန်မာပြည်တွင်း သတင်းဌာနများတွင် မြင်တွေ့ခဲ့ရသည့် ဖြစ်စဉ်ဖြစ်သည်။
ဘေဂျင်းသည် ကိုယ့်ကိုယ်ကိုယ် ငြိမ်းချမ်းရေး ကြားခံ၊ တည်ငြိမ်ရေး အာမခံအဖြစ် အမွှမ်းတင်ကာ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း၌ စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဆွေးနွေးပွဲများ အကြိမ်ကြိမ် စီစဉ်ပေးခဲ့သည်။
မြန်မာစစ်ကောင်စီက ဆုံးရှုံးနယ်မြေများကို ပြန်ပေးရန်ချည်း တောင်းဆိုသလို တိုင်းရင်းသား အုပ်စုများကလည်း သူတို့ ခက်ခက်ခဲခဲ ရယူထားသည်များကို လက်လျှော့ရန် ငြင်းဆန်ကြသဖြင့် ဆိုခဲ့ပါ ဆွေးနွေးပွဲများမှာ အရာမထင်ခဲ့ပေ။

တချိန်တည်းတွင် တရုတ်သည် မြန်မာပြည် အနာဂတ်ကို ပုံဖော်ရာ၌ တရုတ်၏ အခန်းကဏ္ဍကို အသိအမှတ် မပြုဘဲ မနေနိုင်အောင် ပဋိပက္ခနှင့် ဆက်နွယ်သည့် ဘက်အားလုံးကို ဖိအားပေးကာ ၎င်း၏ သြဇာကို ပိုအားကောင်းအောင် မြှင့်တင်လျက်ရှိသည်။
တရုတ်သည် မြန်မာစစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်း၌ သံတမန်ရေးအရ အကာအကွယ်ပေးခြင်း၊ စစ်ကောင်စီအတွက် လက်နက်ကြီး၊ တိုက်လေယာဉ်၊ စောင့်ကြပ်ထောက်လှမ်းရေး နည်းပညာ၊ ဘဏ္ဍာရေး စသည်တို့ ပံ့ပိုးကာ ကျားကန်ပေးသည်။ သူလွှမ်းမိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကို ဖိအားပေးခြင်းဖြင့် မြန်မာ့ တော်လှန်ရေး အုပ်စုများအကြား အကွဲအပြဲကို ပိုကြီးမားအောင် လုပ်သည်။
အနောက်အုပ်စုက ထောက်ခံမှုပေးသည်ဟု သူယူဆသည့် NUG အပါအဝင် ဒီမိုကရေစီ အင်အားစုများနှင့် မပူးပေါင်းအောင် တိုင်းရင်းသား အုပ်စုများ ၊ အထူးသဖြင့် မြောက်ပိုင်းနယ်စပ်မှ အဖွဲ့များကို ဖိအားပေးသည်။ ဤစွက်ဖက်မှုများမှာ မတည်ငြိမ်မှုများ ဖန်တီးပေးသည်သာမက စစ်ပွဲကိုလည်း ပိုတာရှည်စေသည်။
တရုတ်ကို တုံ့ပြန်သည့် အနေဖြင့် တော်လှန်ရေးအုပ်စု အချို့သည် မြန်မာပြည်ထဲမှ တရုတ် အကျိုးစီးပွားများကို အကာအကွယ် ပေးမည်၊ နောက်ဆုံးအားဖြင့် ထိုးစစ်များကို ယာယီရပ်မည်ဟု လူသိရှင်ကြား ထုတ်ပြန်လာရသည် အထိ ဖြစ်ခဲ့သည်။
မတ်လ ငလျင်သည် မြန်မာပြည်၌ တရုတ်ဆန့်ကျင်ရေးအမြင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်ကို ဖယ်ရှားပြီး ဘေဂျင်းသြဇာ ချဲ့ထွင်ရေးအတွက် အခွင့်အရေးတစ်ခု ဖြစ်သွားခဲ့သည်။ အနောက်ပါဝါများက မြန်မာအတွက် အကူအညီများ အကန့်အသတ်ဖြင့်သာ ပေးနိုင်သည့် အချိန်၌ တရုတ်က ဝင်ရောက်လာခဲ့သည်။ တရုတ်သည် မြန်မာပြည်တွင်း၌ ပါဝါအပျော့ ပျိုးထောင်နေသည့် တချိန်တည်း၌ လုံခြုံရေးဆိုင်ရာ တည်ရှိမှုပါ ခြေလှမ်းချဲ့လာခဲ့သည်။
တရုတ်လုပ်ငန်းများကို အကာအကွယ်ပေးရန် စစ်ကောင်စီ အဆင်သင့်မရှိဟု အကြောင်းပြကာ ဘေဂျင်းသည် ပူးတွဲလုံခြုံရေးကုမ္ပဏီ ထားရှိရန် စစ်ကောင်စီကို ဖိအားပေးသည်။ ဤအစီအစဉ်ဖြင့် ယခုအခါ နိုင်ငံအနောက်ပိုင်းရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် နိုင်ငံအရှေ့ပိုင်းရှိ မူဆယ်တို့တွင် တရုတ် လုံခြုံရေးသမားများ ရောက်နေပြီဖြစ်သည်။ တရုတ်အစိုးရ၏ လုံခြုံရေး ကုမ္ပဏီများက ဦးဆောင်သည့် ဤအစီအစဉ်များသည် မြန်မာနိုင်ငံတွင် တရုတ်တို့ မထမဆုံးအကြိမ် လက်နက်ကိုင်ဆောင်ပြီး တရားဝင် တည်ရှိခြင်းလည်း ဖြစ်သည်။

ရေရှည်တွင် တရုတ်၏ စစ်ရေးခြေလှမ်း မည်မျှအထိ ချဲ့ထွင်လာမည်ကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ သို့သော်လည်း ဤခြေလှမ်းသည် နိုင်ငံ၏ ပြည်တွင်း ပဋိပက္ခသာမက ဒေသတွင်း လုံခြုံရေး အခင်းအကျင်းကိုပါ သိသိသာသာ ပြန်လည်ပုံဖော်နိုင်ခြေ ရှိနေသည်။
ခပ်တိုတို ပြောရလျှင် ဘေဂျင်း၏ ပတ်သက်မှုသည် မြန်မာစစ်ပွဲကြီးကို ပိုမိုသက်ဆိုးရှည်စေလျက်ရှိသည်။ တရုတ်အကူအညီဖြင့် အင်အားတောင့်လာသည့် စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများ၌ အရပ်သားများကို အဆင်ခြင်မဲ့ ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြင့်လျက်ရှိသည်။
အခြားတစ်ဘက်၌လည်း စစ်ကောင်စီသည် လက်လွတ်နယ်မြေများကို မြေပြင်ထိုးစစ်ဖြင့် ပြန်ယူနိုင်သည်အထိ အားမရှိသဖြင့် တော်လှန်ရေးတပ်များ သိမ်းပိုက်နယ်မြေသစ်များ၌ စိတ်ဝမ်းကွဲအောင်သာ ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။
မတ်လငလျင်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် အခက်ကြုံနေရချိန်၌ပင် စစ်ကောင်စီသည် ရှာဖွေကယ်ဆယ်ရေးထက် လေကြောင်းတိုက်ခိုက်မှုကိုသာ ဦးစားပေး လုပ်ဆောင်နေခဲ့သည်။ တရုတ်ကလည်း ဤလုပ်ရပ်ကို အားပေးအားမြှောက် အဖြစ် စစ်လေယာဉ်များနှင့် ဒရုန်းများ စစ်ကောင်စီထံ ပေးပို့လျက်ရှိသည်။
တော်လှန်ရေး တပ်များကတော့ စစ်ကောင်စီကို အစားထိုးရန် လိုအပ်သည့် နိုင်ငံရေးညီညွတ်မှု ရှိရှိ၊ မရှိရှိ မြေပြင်တိုက်ပွဲများ၌ ရှေ့ဆက် ချီတက်လျက်ရှိသည်။ လက်ရှိတွင် တော်လှန်ရေးတပ်များသည် နိုင်ငံဗဟိုချက်မရှိ မြို့ကြီးများဆီ အဓိက ဦးတည်သည့် မြို့ပြ စစ်ဆင်ရေးများ တိုးချဲ့ လုပ်ဆောင်နိုင်အောင် ကြိုးပမ်းနေကြသည်။
စစ်ကောင်စီက မြန်မာ့အကြီးဆုံး ရန်ကုန်မြို့နှင့် နိုင်ငံမြို့တော် နေပြည်တော်တို့ကို ထိန်းချုပ်ထားနိုင်သရွေ့ ကာလပတ်လုံး အတိုက်အခံ တပ်ဖွဲ့များ၏ ထိုးစစ်များသည် စစ်ကောင်စီကို အားပျော့စေရုံသာ လုပ်နိုင်မည်ဖြစ်ကာ ပြတ်ပြတ်သားသား ထိုးနှက်မှုတစ်ရပ်အထိ ရရှိနိုင်မည် မဟုတ်ပေ။ တော်လှန်ရေး တပ်များအကြား အားကောင်းသည့် ညီညွတ်မှုတစ်ရပ် မရှိလျှင် စစ်ကောင်စီသည် ဒယီးဒယိုင်ဖြင့် ဆက်လက် ရပ်တည်နိုင်ဦးမည့်ပုံ ရှိသည်။
မြန်မာ့အရေးတွင် အနောက်အုပ်စု၏ အာရုံစိုက်မှု မှေးမှိန်လာသည်ကို အခွင့်ကောင်းယူပြီး တရုတ်သည် နိုင်ငံ၏ ပဋိပက္ခနှင့် နိုင်ငံရေး အကွဲအပြဲကြားတွင် နေရာယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယခုအခါ ပဋိပက္ခနှင့် ဆက်စပ်နေသည့် အဓိကအင်အားစုများအပေါ် အတိုင်းအတာ တစ်ခုအထိ သြဇာလွှမ်းမိုးထားပြီဖြစ်သလို အနောက်လိုလားသည့် အုပ်စုများကို လူရာမသွင်းဘဲ ထားသည့်နည်းဖြင့်လည်း အနောက်သြဇာကို စနစ်တကျ ဘေးထိုးထားသည်။
ဘေဂျင်းလည်း အကျိုးအမြတ် အများအပြားလည်း လက်ဆုပ်လက်ကိုင် ရထားပြီဖြစ်သည်။ ဤအထဲ၌ မြေရှားသတ္တုကဲ့သို့ ဗျူဟာမြောက် သယံဇာတများ တူးဖော်ခွင့်ရခြင်း၊ မြန်မာ့မြေတွင် စစ်ရေးအရ နေရာယူ တည်ရှိနေနိုင်ခြင်းတို့လည်း ပါဝင်သည်။
ဤခြေလှမ်းများကြောင့် တရုတ်သည် အာဆီယံအဖွဲ့ဝင် မြန်မာထံမှ စီးပွားရေး အကျိုးအမြတ်များ ရသည်သာမက သူ့ရည်မှန်းချက်များအတွက် အချက်အချာကျသည့် ဤဒေသကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားနိုင်စွမ်းလည်း ရှိနေသည်။ မြန်မာအပေါ် တရုတ်သြဇာ လွှမ်းမိုးလာခြင်းသည် တသီးတခြား ဖြစ်စဉ် မဟုတ်ပေ။
ဘေဂျင်း၏ ပိုမိုကြီးမားသည့် ရည်မှန်းချက်ဖြစ်သော ဒေသတွင်း လွှမ်းမိုးကြီးစိုးနိုင်ရေး အတွက်ပါ အရေးပါသည့် မျက်နှာစာဖြစ်သည်။ ဤသည်ကို အနောက်အုပ်စုနှင့် ဒေသတွင်း ပါဝါများ သတိပြုသင့်သည်။ တုံ့ပြန်နေရုံသက်သက်ဖြင့် လုံလောက်မည် မဟုတ်ပေ။ ဘေဂျင်း၏ ခြေလှမ်းများကို ထိန်းချုပ်ရန်ဆိုလျှင် တရုတ်က မြန်မြန်ဆန်ဆန် သြဇာချဲ့နေသည့် နေရာမှ စတင်ရမည် ဖြစ်သည်။ ဤနေရာအထိုင်မှာ မြန်မာပြည်ပင် ဖြစ်လေသည်။

ဘေဂျင်း မလိုချင်တဲ့အရာ
မြန်မာ့အကျပ်အတည်းအတွက် နိုင်ငံရေးအဖြေကတော့ အလှမ်းကွာဆဲ ဖြစ်သည်။ စစ်ကောင်စီသည် စစ်ပွဲနှင့် ငလျင်ဘေးကြား ဗျာများနေရပုံ ပေါ်နေပြီး ဟန်ပြရွေးကောက်ပွဲပင် ကျင်းပနိုင်မည့်ပုံ မရှိသော်လည်း ရွေးကောက်ပွဲကို ယခုနှစ်တွင် ကျင်းပမည်ဟု အခိုင်အမာ ပြောထားသည်။
ပဋိပက္ခကြောင့် နိုင်ငံနေရာအများစုမှာ ချုံးချုံးကျနေသည့်အတွက် စစ်ကောင်စီသည် ၂၀၂၂ တည်းက ကြံစည်ခဲ့သည့် ရွေးကောက်ပွဲအစီအစဉ်ကို ထပ်ခါထပ်ခါ အချိန်ရွှေ့နေရသည်။ အတိုက်အခံ အုပ်စုများနှင့် ပြည်သူများကတော့ စစ်ကောင်စီကျင်းပသည့် ရွေးကောက်ပွဲကို ဘယ်လိုမှ အသိအမှတ် ပြုမည် မဟုတ်ပေ။
ဤအနေအထား၌ ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းခြင်းမှာ ပဋိပက္ခကို မီးလောင်ရာလေပင့်ရုံသာမက နိုင်ငံ၏ စာနာမှု အကျပ်အတည်းကြီးကိုပါ ပိုမိုဆိုးဝါးစေမည် ဖြစ်သည်။
အာဆီယံ၊ တရုတ်၊ အိန္ဒိယအပါအဝင် ပြင်ပပါဝါ အများအပြားသည် တိတိပပ လမ်းညွှန်ချက်များ မပါသော်ငြား ညှိနှိုင်းဆွေးနွေးကြရန်တော့ တောင်းဆိုမှုများ ရှိကြသည်။ သို့သော်လည်း ဤတောင်းဆိုမှုကို လက်တွေ့နှင့် ကင်းကွာစေသည့် အချက်ကြီးနှစ်ချက် ရှိသည်။
ပထမတစ်ချက်မှာ စစ်ကောင်စီ အားနည်းနေပြီကို မြင်နေရသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူလူထုက ဤအားနည်းချက်အား မြန်မာစစ်တပ်ကို အာဏာမှ အပြီးတိုင် ဖယ်ရှားနိုင်မည့် အခွင့်အရေးအဖြစ် ရှုမြင်ထားကြခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် အဓိပ္ပာယ်ရှိသည့် နိုင်ငံရေးဆွေးနွေးမှု တစ်ခါမှ မလုပ်ခဲ့သည့်အချက် ဖြစ်သည်။
စစ်တပ်သည် သူတို့၏ အာဏာကို ခြိမ်းခြောက်ခံရနိုင်ခြေ ရှိသည့် အသေးစား အလျှော့ပေးမှုမျိုးကိုပင် လိုက်လျောခြင်းမရှိပေ။ ထိုအစား လိုချင်ရာကို တောင်းသည်၊ ဤတောင်းဆိုချက်များကို ပြိုင်ဘက်က အလျော့ပေးမည်ဟု မျှော်လင့်သည်၊ စစ်ရေးအရ ကြီးစိုးမှုကို အာမခံပေးနိုင်မည့် မူဘောင်ထဲမှ လှုပ်ရှားသည်။
မတ်လငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်တွင်ပင် စစ်ကောင်စီသည် အတိုက်အခံ တပ်ဖွဲ့များကို လေကြောင်း တိုက်ခိုက်မှုများ ဦးစားပေး လုပ်ဆောင်သည်။ နိုင်ငံတကာ၏ ထိတွေ့ဆက်ဆံမှုကို၊ အထူးသဖြင့် စာနာမှု အကူအညီ ပေးအပ်ခြင်းများမှတစ်ဆင့် ဆက်ဆံကြသည်ကို အားယူကာ သူ၏ တရားဝင်မှုကို အားကောင်းစေမည့် လက်နက်အဖြစ် အသုံးချသည်။
ငလျင်အပျက်အစီးပုံများကြားတွင် ထိထိရောက်ရောက် အကူအညီ တစုံတရာမရဘဲ မရေမတွက်နိုင်သည့် ပြည်သူများ ပိတ်မိနေချိန်၌ ဤသို့ ပြုမူခြင်း ဖြစ်သည်။ တရုတ်နှင့် ရုရှားတို့၏ တောက်လျှောက် ပံ့ပိုးကူညီမှုကလည်း စစ်ကောင်စီကို ဘဝင်လေဟပ်စေသည်ဖြစ်ရာ စစ်မှန်သည့် ဆွေးနွေးညှိနှိုင်းမှု လုပ်ရန် အကြောင်းရင်း မမြင်ရသလောက်သာ ဖြစ်တော့သည်။
စစ်ကောင်စီက ဆွေးနွေးညှိနှိုင်းမှုကို လက်ခံလာမည့် အချိန်ဟူသည်မှာ သူ့အတွက် ရွေးစရာ တစ်ခုမျှ မကျန်တော့သည့် အချိန်သာ ဖြစ်သည်။ ဤအနေအထားကို ရောက်ရန်အတွက် လက်နက်ကိုင်အုပ်စုများ အကြားတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံရေးအရ စည်းလုံးညီညွတ်ရန် လိုအပ်သည်။နိုင်ငံ ဗဟိုချက်တွင် အထိုင်ချထားသည့် စစ်ကောင်စီနှင့် တိုက်ပွဲမျက်နှာစာကို ပြတ်ပြတ်သားသား ပြောင်းပြန်လှန်ပစ်လိုက်ပြီး အာဏာရှင်ကို ခြိမ်းခြောက်နိုင်သည်အထိ လုပ်နိုင်ရမည်။
ဘေဂျင်းက ဤသည်ကို မလိုလားပေ။ ငြိမ်းချမ်းတည်ငြိမ်သည့် ဖက်ဒရယ် မြန်မာနိုင်ငံ တည်ဆောက်ရန်အတွက် လိုအပ်သည့် လက်နက်ကိုင် တပ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို ဘေဂျင်းဘက်က မည်သည့် အနေအထားမျိုး၌မဆို ဆက်လက် ကဖျက်ကယက် လုပ်နေဦးမည်သာ ဖြစ်သည်။ ဘေဂျင်းလိုလားသည်မှာ ဗျူဟာမြောက် လွှမ်းမိုးနိုင်ရေးဖြစ်သည်။
မြန်မာ့အင်အားစုများအကြား အားနည်း အုပ်စုကွဲပြီး ဘေဂျင်းအပေါ် မှီခိုနေရအောင် လုပ်ထားနိုင်သမျှ ကာလပတ်လုံး တရုတ်သည် သူ့သြဇာ ကြီးထွားရေးအတွက် ထိုလမ်းအတိုင်း ဆက်လျှောက်နေဦးမည်သာ ဖြစ်လေသည်။
စောသန္တာအေး
Foreign Affairs သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားသည့် China's Double Game in Myanmar: How Beijing Is Manipulating Civil Conflict to Secure Regional Dominance by Ye Myo Hein သဘောထားအမြင် ဆောင်းပါးကို ကောက်နုတ်ဘာသာပြန်ပါသည်။