မြန်မာ့ပဋိပက္ခထဲမှာ လှေနံနှစ်ဘက်နင်းတဲ့ တရုတ်ကစားကွက် (၁)

အများပြည်သူအတွက် ထုတ်ပြန်ချက်များ၌ တရုတ်အာဏာပိုင်တို့ ပြောလေ့ရှိသည်မှာ မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ရရှိစေလိုကြောင်း၊ တရုတ်-မြန်မာ အကြား ညီရင်းအစ်ကို ဆက်ဆံရေးကို တိုးမြှင့်လိုကြောင်း ဖြစ်သည်။ လက်တွေ့တွင်မူ တရုတ်သည် ယိုင်နဲ့နဲ့ စစ်ကောင်စီကို ကျားကန်ပေးထားပြီး တချိန်တည်း၌ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကိုလည်း သူ့လက်အောက်သို့ ဆွဲသွင်းရန် ကြိုးပမ်းနေသည်။ အနောက်အုပ်စုနှင့် နီးကပ်လွန်းသည်ဟု သူယူဆသည့် ဒီမိုကရေစီ အင်အားစုများကို ဘေးထိုးထားသည်။

By Admin 19 May 2025

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - AFP
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - AFP

သက်တမ်း လေးနှစ်ကျော်လာပြီဖြစ်သည့် မြန်မာ့ပြည်တွင်းစစ်သည် ယခုအထိ အဖြေနှင့် ဝေးနေဆဲ ဖြစ်သည်။ အရှုံးကြီးရှုံးကာ ဒယီးဒယိုင်ဖြစ်နေသည့် စစ်ကောင်စီသည် နိုင်ငံပိုင်နက် ၇၅ ရာခိုင်နှုန်းခန့်ကို လက်လွှတ်ထားရသည်။

ထိုအထဲတွင် စစ်ဌာနချုပ် နှစ်ခုအပါအဝင် သော့ချက်ကျသည့် ဗျူဟာကုန်းများ ပါဝင်သည်။ အတိုက်အခံ တပ်ဖွဲ့များသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်မှု ကြီးကြီးမားမား ရထားသည့် ဆိုသော်ငြား နိုင်ငံဗဟိုချက်မရှိ စစ်ကောင်စီ၏ အမာခံနယ်မြေကိုမူ မထိုးဖောက်နိုင်သေးပေ။

အတိုက်အခံ တော်လှန်ရေးအုပ်စုများသည် ရုပ်လုံးမပေါ်သေးသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက်တော့ အမြင်တူကြသည်။ သို့သော်လည်း ဤအုပ်စုများသည် တစုတစည်းတည်း ကျစ်ကျစ်လစ်လစ် ရှိနေကြသည် မဟုတ်ပေ။

နိုင်ငံတစ်ဝန်းတွင် ပြန့်ကြဲနေကြသည်။ အပြန်အလှန် စနစ်တကျ ချိတ်ဆက်ထားခြင်း မရှိသလို အောင်ပွဲကို မြင်နေရသည့် အနေအထား၌ပင်လျှင် တော်လှန်ရေး တပ်များအကြား အကွဲအပြဲများ ဆက်ရှိနေဦးမည့်သဘော ရှိသည်။

မြန်မာပြည်သူ သန်း ၅၀ ကျော်မှာ ဒုက္ခဆင်းရဲများ ခံစားနေကြရဆဲ ဖြစ်သည်။ မြေပြင်ထိုးစစ် အားနည်းနေသည့် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်လာသည့်အတွက် အရပ်သား သေကြေပျက်စီးမှုများ ပိုတိုးလာသည်။

ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃ သန်းခွဲခန့် ရှိသည်။ နိုင်ငံစီးပွားရေး ပြိုလဲလုလု ဖြစ်နေသည်။ လတ်တလောတွင်လည်း မတ်လ ငလျင်ကြီးကြောင့် သေဆုံးသူ ၃,၇၀၀ ခန့်ရှိနေပြီဖြစ်သည်။

ငလျင်လှုပ်ပြီး နောက်ပိုင်း ၁၀ ရက်ခန့်အတွင်း စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော်ပြုလုပ်ခဲ့သည့်အတွက် အရပ်သား သေဆုံးသူ ၇၀ ခန့်ရှိသည်။ မြေပြင်တိုက်ပွဲများလည်း ရှိနေဆဲဖြစ်သည်။

ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကရင်ပြည်နယ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

ဤဖြစ်ရပ်ဆိုးကြီးမှ အမြတ်ထွက်နေသူ တစ်ဦးသာရှိသည်။ တရုတ်ဖြစ်သည်။ မြန်မာ့ပြည်တွင်းစစ်ကို အနောက်တိုင်းက 'အမေ့ခံပဋိပက္ခ' ဟု ဖော်ညွှန်းလေ့ရှိသည်။ တရုတ်အတွက်ကတော့ မြန်မာသည် ဘေဂျင်း၏ ဒေသတွင်း ရည်မှန်းချက်များ၊ စီးပွားရေး အကျိုးကျေးဇူးများနှင့် လုံခြုံရေးကိစ္စရပ်များ ပေါင်းဆုံရာ စစ်မြေပြင် ဖြစ်သည်။

ချည့်နဲ့နေသော မြန်မာပြည်သည် တရုတ်အဖို့ ဒေသတွင်း သြဇာအာဏာ ထူထောင်ရာတွင် အချက်အချာ နေရာဖြစ်သည်။ မြန်မာကိုသာ ဘေဂျင်းက လွှမ်းမိုးနိုင်မည် ဆိုပါက အိန္ဒိယ၏ အရှေ့မျှော်ဝါဒအတွက် ဗျူဟာမြောက် အတားအဆီး ဖြစ်လာနိုင်သလို အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာ၌လည်း ခိုင်ခိုင်မာမာ ခြေကုပ်မှုရမည် ဖြစ်သည်။

အများပြည်သူအတွက် ထုတ်ပြန်ချက်များ၌ တရုတ်အာဏာပိုင်တို့ ပြောလေ့ရှိသည်မှာ မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ရရှိစေလိုကြောင်း၊ တရုတ်-မြန်မာ အကြား ညီရင်းအစ်ကို ဆက်ဆံရေးကို တိုးမြှင့်လိုကြောင်း ဖြစ်သည်။

လက်တွေ့တွင်မူ တရုတ်သည် ယိုင်နဲ့နဲ့ စစ်ကောင်စီကို ကျားကန်ပေးထားပြီး တချိန်တည်း၌ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကိုလည်း သူ့လက်အောက်သို့ ဆွဲသွင်းရန် ကြိုးပမ်းနေသည်။ အနောက်အုပ်စုနှင့် နီးကပ်လွန်းသည်ဟု သူယူဆသည့် ဒီမိုကရေစီ အင်အားစုများကို ဘေးထိုးထားသည်။

အနောက်အုပ်စုက မြန်မာ့အရေးအပေါ် အမှန်တကယ် စိတ်ဝင်စားမှု မရှိခြင်းသည် တရုတ်ဘက်က ဝမ်းသာအားရ ဝင်လာနိုင်သည့် လေဟာနယ်တစ်ရပ် ဖန်တီးပေးလိုက်သည်။ ဥပမာ ဆိုရလျှင် မတ်လ ငလျင်နောက်ပိုင်း အနောက်ပါဝါများ မဆိုစလောက်သာ ဝင်ပါချိန်၌ တရုတ်သည် ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံခဲ့ရသည့် ဧရိယာများအတွက် အကူအညီများ မြန်မြန်ဆန်ဆန် ပေးအပ်ပြီး ဆွဲဆောင်နိုင်ခဲ့သည်။

၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့က ရောက်ရှိလာသည့် ငလျင်ကယ်ဆယ်ရေး တရုတ် အကူအညီများနှင့် ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းချက်များကို ရန်ကုန်လေဆိပ်တွင် ဖြေကြားနေသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျား (Ma Jia)။ (ဓာတ်ပုံ - Chinese Embassy in Myanmar Facebook Page)

တကယ်တမ်း၌ တရုတ်သည် ခေတ်ပျက်တွင် ကောင်းစားခြင်း ဖြစ်သည်။ ယိုင်နဲ့နဲ့ စစ်ကောင်စီကို ကျားကန်ပေးကာ ရက်စက်သည့် စစ်ဆင်ရေးများကို အားပေးခြင်းဖြင့် မြန်မာအပေါ် သြဇာအာဏာ ခိုင်မြဲအောင် လုပ်ခြင်းလည်းဖြစ်သည်။

တော်လှန်ရေး၏ စည်းလုံးမှုကို မျက်ကွယ်ပြုကာ လက်နက်ကိုင်အင်အားစု အများအပြားကို စိုးမိုးခြယ်လှယ်သည်။ အနောက်သြဇာကို ချောင်ထိုးသည်။ မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်ကို မသိကျိုးကျွံပြုသည်။ သက်ဆိုးရှည် စစ်အုပ်ချုပ်ရေးအောက်တွင် အစိတ်စိတ်ကွဲနေသည့် မြန်မာသည် ဘေဂျင်းအတွက် ထိန်းချုပ်ရ ပိုလွယ်သည်။

လှေနံနှစ်ဘက်နင်းခြင်း

မြန်မာသည် တရုတ်အတွက် အိမ်နီးချင်းနိုင်ငံသက်သက်မဟုတ်။ မလက္ကာရေလက်ကြားကို အစားထိုးနိုင်သည့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်တစ်ခုလည်း ဖြစ်သည်။ ဤစီးပွားရေး လမ်းကြောင်းကို ထူထောင်ခြင်းသည် တရုတ်၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်းအတွက် အခရာကျသည့် ရည်မှန်းချက်တစ်ရပ် ဖြစ်သည်။

တရုတ်မြန်မာ စီးပွားရေးစင်္ကြံ (CMEC) သည် ဘေဂျင်း၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်းအတွက် အရေးပါသည့် အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ဤစင်္ကြံက တရုတ်နိုင်ငံ ယူနန်ပြည်နယ်အား မြန်မာဘက်မှ စွမ်းအင်သိုက်များ၊ သဘာဝ အရင်းအမြစ်များနှင့် ချိတ်ဆက်ပေးသည်။ ယူနန်ကို အိန္ဒိယသမုဒ္ဒရာအထိ ထွက်ပေါက်ပေးသည်။

တရုတ်လိုချင်နေသည့် အရေးကြီး သယံဇာတရင်းမြစ်များကိုလည်း မြန်မာက ပိုင်ဆိုင်ထားသည်။ ဤသည်တို့အနက် အရေးပါသည့် သတ္တုရင်းမြစ်၊ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ စိုက်ပျိုးမွေးမြူရေး ကုန်စည်များလည်း ပါဝင်သည်။

တရုတ်၏ မြေရှားသတ္တု သွင်းကုန် ထက်ဝက်ကျော်သည် မြန်မာဘက်မှ တင်သွင်းခြင်း ဖြစ်သည်။ ဤသတ္တုက အဆင့်မြင့် နည်းပညာနှင့် ကာကွယ်ရေး လုပ်ငန်းများအတွက် မရှိမဖြစ် ကုန်စည်ဖြစ်သည်။ တရုတ်သည် သဘာဝပတ်ဝန်းကျင်နှင့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဂရုမထားဘဲ လက်နက်ကိုင် အုပ်စုများနှင့် ပေါင်းကာ ဤသယံဇာတများကို ထုတ်ယူနေသည်မှာ ကြာပြီဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် မြန်မာသည် တရုတ်သို့ မြေရှားသတ္တု မက်ထရစ်တန်ချိန် ၅၀,၀၀၀ အထိ တင်ပို့ခဲ့သည်။ ဤသည်က တရုတ်ပြည်တွင်း၌ အဆိုပါမြေရှား ထုတ်လုပ်သည့် ပမာဏထက် ပိုများသည်။ တရုတ်၏ သံဖြူသတ္တုရိုင်း (Tin Ore) သွင်းကုန်စုစုပေါင်း၏ ၇၉.၉ ရာခိုင်နှုန်းသည် မြန်မာမှဖြစ်သည်။ ဤသတ္တုကလည်း တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor)နှင့် အခြား နည်းပညာများ ထုတ်လုပ်ရေးတွင် အရေးပါသည်။

မြန်မာသည် တရုတ်အတွက် လုံခြုံရေးအရလည်း အရေးပါပြန်သည်။ မြန်မာနိုင်ငံတွင် အနောက်အုပ်စု ခြေကုပ်ရပြီး ဘေဂျင်း၏ ဒေသတွင်း သြဇာအား စိန်ခေါ်လာမည်ကို တရုတ်မလိုလားပေ။

အနောက်နှင့် အဆင်ပြေသည့် အစိုးရ သို့မဟုတ် နိုင်ငံရေး အင်အားစုတစ်ရပ် အာဏာရလာမည်ကို တရုတ်က စိုးရိမ်သည်။ ဤသို့ အာဏာရသွားလျှင် တရုတ်နယ်စပ်တွင် အနောက်အုပ်စု၏ အရိပ်အယောင်များ ရှိလာပြီး တရုတ်အပေါ် ရေရှည် လုံခြုံရေးခြိမ်းခြောက်မှုတစ်ရပ် ရှိလာမည်ကို စိုးရိမ်သည်။

ဤစိုးရိမ်မှုက မြန်မာ့ပြည်တွင်းစစ်အပေါ် တရုတ်၏ ချဉ်းကပ်မှုကို ပုံဖော်သည်။ လက်ရှိတိုက်ပွဲများကြောင့် မြန်မာ့ပြည်တွင်းရေး၌ အနောက်သြဇာ လွှမ်းမိုးလာမည်ကို တရုတ်က စိုးရိမ်သည်။

မြန်မာ့ပဋိပက္ခတွင် ပြင်ပပါဝါများ ဝင်ရောက်မပတ်သက်အောင် ဟန့်တားရေးသည် သူ၏ အဓိကရည်မှန်းချက်များအနက် တစ်ခုဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိကိုယ်တိုင် မကြာသေးမီက ပြောထားသည်။ မြန်မာကို တရုတ်၏ သြဇာစက်ကွင်းထဲမှ အစိတ်အပိုင်း တစ်ရပ်အဖြစ် သူကရှုမြင်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာ People Daily ၏ အကြီးတန်း အယ်ဒီတာတစ်ဦးကလည်း ဤအချက်ကို Global Times ၏ သဘောထားအမြင် ကဏ္ဍတွင် ရေးသားဖော်ပြခဲ့ဖူးသည်။ သူက မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ၏ အရေးပါပုံကို တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပြင်ထဲမှ စီမံကိန်းများနှင့် နှိုင်းယှဉ်ထောက်ပြသည်။

"ကျောက်ဖြူနှင့် သူ့ပတ်လည်ရှိ ဒေသ၏ စီးပွားရေးနှင့် လူမှုရေး တည်ငြိမ်ရန် အရေးပါမှုသည် တရုတ်နှင့် ဖိလစ်ပိုင်အကြား ရှိနေသည့် ဟွန်ယန်းကျွန်း (Huangyan Island) ပိုက်နက်အငြင်းပွားမှုထက် မလျော့ပေ" ဟု သူက ရေးသည်။

မြန်မာပြည်မှ ဖြစ်စဉ်များ၊ အနည်းဆုံးတော့ ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း ဖြစ်စဉ်များကို တရုတ်သည် တောက်လျှောက် စောင့်ကြည့်လျက်ရှိသည်။ CMEC လုပ်ငန်းများအစုမှာ လက်ရှိ ပဋိပက္ခ ဇုန်များမှ ဖြတ်သန်းသွားသည်ဖြစ်ရာ အာဏာသိမ်းမှုနောက်ပိုင်း မီးပွားများသည် မြန်မာရှိ ဘေဂျင်း၏ ရင်းနှီးမြှုပ်နှံမှု အများစုကို အနှောင့်အယှက် ပေးနေသည်။

တစ်ဘက်၌လည်း ဤသည်က မြန်မာအပေါ် ဘေဂျင်း၏ သြဇာ ပိုခိုင်မာစေမည့် အခွင့်အလမ်းများ ပေးနေသည်။ တရုတ်အရာရှိများသည် ကနဦး၌ အာဏာသိမ်းမှုကို "အုပ်ချုပ်သူအပြောင်းအလဲ" အဖြစ်သာ အရေးမပါသယောင် ပြောဆိုနေခဲ့ပြီး အခြားနိုင်ငံများက ဘေးဖယ်ထားသည့် စစ်ကောင်စီကိုလည်း သံတမန် ဆက်ဆံရေးများ ဆက်လက်ထားရှိခဲ့သည်။

သို့သော် တရုတ်သည် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း ဆက်ဆံရေး အားကောင်းအောင် လုပ်ထားပြန်သည်။

အာဏာသိမ်းမှု နောက်ပိုင်း အထူး အားကောင်းလာသော ဤအုပ်စုများအတွက် တရုတ်သည် လက်နက်ပံ့ပိုးသူ ဖြစ်နေသည်သာမက အရေးပါသည့် ကုန်သွယ်ရေးမိတ်ဖက်လည်း ဖြစ်သည်။ ဤဆက်ဆံရေးများကြောင့် ဘေဂျင်းသည် မြန်မာ့ အကွဲအပြဲ အုပ်စုများ အပေါ် ဖိအားပေးနိုင်စွမ်း ရှိနေသလို စစ်ကောင်စီ ပြိုလဲရေးတွင်လည်း အဟန့်အတား ဖြစ်လျက်ရှိသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင်များ။ ဓာတ်ပုံ - Three Brotherhood Alliance

တရုတ်သည် မြန်မာ့ ဒီမိုကရေစီ အင်အားစုများအပေါ် သံသယဖြင့်သာ ကြည့်လေ့ရှိသည်။ အထူးသဖြင့် NUG အပေါ်၌ဖြစ်သည်။ NUG သည် အနောက်ပါဝါများထံမှ အကူအညီ မဖြစ်စလောက်သာ ရနေသည် ဆိုသော်ငြား တရုတ်ကမူ NUG သည် အနောက်နှင့် နီးကပ်လွန်းသည်ဟု မြင်သည်။

၂၀၂၂ တွင် NUG က ဝါရှင်တန်၌ ရုံးဖွင့်ခြင်း၊ ၂၀၂၃ တွင် အမေရိကန်က BURMA Act ဥပဒေကို အတည်ပြုလိုက်ခြင်းတို့က တရုတ်၏ မယုံသင်္ကာစိတ်ကို ပိုကြီးထွားသွားစေသည်။ တရုတ်သည် အခြား တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း NUG နှင့် မပူးပေါင်းရန် တားမြစ်သည်။ စစ်ကောင်စီနှင့် ဆွေးနွေးညှိနိုင်းရန် ပြောဆိုညွှန်ကြားသည်။

ဘေဂျင်းက နောက်ကွယ်၌ NUG နှင့် ထိတွေ့ဆက်ဆံမှုများ ရှိနေသည်ကိုတော့ သတိပြုရမည်ဖြစ်သည်။ အဓိကအားဖြင့် တရုတ်၏ စီးပွားရေး ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးရန် ဖြစ်သည်။ သို့သော်လည်း ဤဆက်ဆံရေးကို တရုတ်က ပိပိရိရိဖုံးဖိထားသလို တိုးသာဆုတ်သာ အခြေအနေတွင် ထားရှိသည်။

စစ်ကောင်စီက ပိုင်နက်များ ပိုမို ဆုံးရှုံးလာချိန်၌ တရုတ် ကုမ္ပဏီအချို့သည် စီးပွားရေးလုပ်ငန်းများ ဆက်လည်ပတ်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၊ NUG နှင့် ဆက်နွယ်သည့် လက်နက်ကိုင်အုပ်စုများကို အခွန်ပေးခြင်း၊ ပူးတွဲ လုပ်ကိုင်ခြင်းများ ရှိလာသည်။

အခွင့်အရေးကို အမိရကိုင်စွဲ

နှစ်ဘက်ခွ ကစားမှုသည် တရုတ်၏ အရေးပါသည့် စီမံကိန်းများကို နှစ်ပေါင်းများစွာ အကာအကွယ် ပေးနိုင်ခဲ့သလို မြန်မာပြည်ကြီး ပွက်ပွက်ဆူနေချိန်၌လည်း တရုတ်သြဇာကို ပိုကြီးထွားလာစေခဲ့သည်။ ၂၀၂၃ နှောင်းပိုင်းတွင်မူ တရုတ်နှင့် ဆက်ဆံရေးရှိသည့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များနှင့် NUG လက်အောက်မှ တပ်ဖွဲ့အချို့သည် ၁၀၂၇ စစ်ဆင်ရေးကြီးကို ဆင်နွှဲခဲ့သည်။

ထိုးစစ်အတွင်း လက်နက်ကိုင်များသည် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် နှစ်ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ၆ ခု၊ တပ်ရင်းတပ်ခွဲ ၁၆၀ ကျော်၊ မြို့ ၉၃ မြို့အထိ သိမ်းပိုက်နိုင်ခဲ့သည်။ မကျရှုံးနိုင်ဟု တခါက ယူဆခဲ့ကြသည့် စစ်ကောင်စီသည်လည်း ပြိုလဲလုနီးနီး ဖြစ်လာခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

စောသန္တာအေး 

[Foreign Affairs သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားသည့် China's Double Game in Myanmar: How Beijing Is Manipulating Civil Conflict to Secure Regional Dominance by Ye Myo Hein သဘောထားအမြင် ဆောင်းပါးကို ကောက်နုတ်ဘာသာပြန်ပါသည်။]