စစ်တပ်ခေါင်းဆောင်များအား အာဆီယံအစည်းအဝေးများသို့ ဆက်မဖိတ်ဘဲထားရန် စင်္ကာပူဝန်ကြီးချုပ် လိုလား

အာဆီယံဘုံသဘောတူညီချက်များအား ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်သရွေ့ မြန်မာစစ်တပ်ခေါင်းဆောင်များအား အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုဘဲ ထားသင့်သည်ဟု စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By DMG 15 Jan 2022

 ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက ဂျပန်တွင်ပြုလုပ်သည့် အာရှအနာဂတ်ရေးရာ နိုင်ငံတကာတွေ့ဆုံပွဲတွင် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းအား တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

အာဆီယံဘုံသဘောတူညီချက်များအား ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်သရွေ့ မြန်မာစစ်တပ်ခေါင်းဆောင်များအား အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုဘဲ ထားသင့်သည်ဟု စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သောကြာနေ့က ဗီဒီယိုတွေ့ဆုံမှုတစ်ခု၌ ဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံဥက္ကဌသစ် ကမ္ဘောဒီးယားအား မြန်မာ့အရေးအတွက် ဘက်ပေါင်းစုံနှင့် တွေ့ဆုံဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက စနေနေ့တွင် ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။

အာဆီယံသည် အဖွဲ့၏ အစည်းအဝေးများတွင် မြန်မာကိုကိုယ်စားပြုရန် နိုင်ငံရေးနှင့်မသက်ဆိုင်သူအား ဖိတ်ကြားမှုကို ဆက်လက်ဆောင်ရွက်သင့်သည်ဟု ဝန်ကြီးချုပ်လီရှန်လွန်းက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောကြားခဲ့သည်။ ထိုအချက်ကို ပြောင်းလဲမည့် မည်သည့်ဆုံးဖြတ်ချက်မျိုးမဆို “အချက်အလက်အသစ်များအပေါ် အခြေခံ” ရမည်ဟုလည်း လီရှန်လွန်းက ပြောကြားခဲ့သည်။

ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖေါ်ရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က ပျက်ကွက်နေသရွေ့ သူ့ကို အာဆီယံအစည်းအဝေးများသို့ မဖိတ်ဘဲ ချန်လှပ်ထားရန် နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် အစည်းအဝေး၌ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက ဆုံးဖြတ်ခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ပြီးခဲ့သည့်သီတင်းပတ်တွင် မြန်မာပြည်သို့ အလည်အပတ်သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

ဟွန်ဆန်၏ အငြင်းပွားဖွယ်ရာ မြန်မာခရီးစဉ်အပြီး၌ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက စင်္ကာပူသည် ကမ္ဘောဒီးယား၏ မြန်မာ့အရေးချည်းကပ်ဆောင်ရွက်ချက်ကို ထောက်ခံသည်ဟု ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။

အဆိုပါ ပြောကြားချက်များ အပြီး၌ ယခုကဲ့သို့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး စိုင်ဖူဒင်အဗ္ဗဒူလာသည်လည်း အလားတူမှတ်ချက်မျိုးကို ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဟွန်ဆန်၏ ခရီးစဉ်သည် မြန်မာစစ်အုပ်စုအား အသိအမှတ်ပြုသည့်သဘော သက်ရောက်သွားနိုင်သဖြင့် ဝန်ကြီးချုပ်အနေနှင့် ခရီးစဉ်ကို မစတင်မီ ဆွေးနွေးခဲ့သင့်သည်ဟု အာဆီယံခေါင်းဆောင်အချို့က ယူဆကြကြောင်း စိုင်ဖူဒင်က ပြောသည်။

မြန်မာနှင့် မည်သည့်ဆက်သွယ်ဆောင်ရွက်မှုမျိုးမဆို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာ အင်အားစုများအားလုံး ပါဝင်ရန် လိုအပ်သည်ဟု ဝန်ကြီးချုပ် လီရှန်လွန်းက ဟွန်ဆန်အား ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

မြန်မာက ငြိမ်းချမ်းရေးဆောင်ရွက်ရန် သဘောတူညီခဲ့သော်လည်း စစ်တပ်သည် နိုင်ငံရေးပြိုင်ဘက်များအား တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသလို ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်လည်း ထပ်တိုးထောင်ဒဏ်ချမှတ်မှုများ ပြုလုပ်လျက်ရှိကြောင်း လီရှန်လွန်းက ပြောသည်။

မြန်မာနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေးတွင် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကို ဟွန်ဆန်က လီရှန်လွန်းအား အဆိုပြုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လီရှန်လွန်းကမူ အဆိုပါစိတ်ကူးကို မူအားဖြင့် မကန့်ကွက်သော်လည်း အကောင်အထည်ဖော်ရေးတွင် မြန်မာဘက်မှ အင်အားစုများအားလုံးနှင့် ဆက်သွယ်နိုင်မှု မရှိသဖြင့် ဆောင်ရွက်ရန် ခက်ခဲမှုများ ရှိမည်ဟု တုံ့ပြန်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

အာဆီယံဥက္ကဌ ကမ္ဘောဒီးယား၏ အဆိုပြုချက်များအားလုံးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဆက်လက်ဆွေးနွေးသင့်ကြောင်းလည်း လီရှန်လွန်းက ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဆီယံအဖွဲ့သည် လာမည့်သီတင်းပတ်တွင် အစည်းအဝေးကျင်းပရန် စီစဉ်ထားသော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးအချို့က တက်ရောက်ရန် အဆင်မပြေမှုများ ဖော်ပြခဲ့ကြသဖြင့် အစည်းအဝေးအား ရွေ့ဆိုင်းခဲ့ရသည်။

ဗီဒီယိုများ