မြန်မာစစ်တပ်၏ ခြေလှမ်းများ ထိုင်းပုံစံကို နမူနာယူထားသလား

မဖြစ်မနေ အငြိမ်းစားယူရမည့်အချိန် နီးကပ်လာသည်နှင့်အမျှ ဤစစ်တပ်ခေါင်းဆောင်များသည် တရားစွဲဆိုခံရနိုင်ခြေ ရှိလာသလို သူတို့၏ စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးကာ နိုင်ငံရေးနယ်ပယ်၌လည်း မည်သည့်နေရာတွင်မျှ ဝင်မဆံ့တော့မည့် အနေအထားကို ရင်ဆိုင်လာရသည်။

By ရာဗီချန်ဒရာကူးမား 20 Apr 2021

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာတို့ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အစိုးရအိမ်တော်တွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က တွေ့ဆုံနှုတ်ဆက်စဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ ဧပြီ ၂၀
ရာဗီချန်ဒရာကူးမား မြန်မာပြန်ဆိုသည်။

မြန်မာ့အာဏာသိမ်းမှုကို ကြည့်လိုက်မည်ဆိုပါက အချိန်တိုအတွင်း သတိပြုမိနိုင်သည်မှာ ထိုင်းတွင် ဖြစ်ပွားခဲ့သည့် ၂၀၀၆ နှင့် ၂၀၁၄ အာဏာသိမ်းမှုများနှင့် ရည်ရွယ်ချက်ချင်း ဆင်နေသည့်အချက် အချက်ဖြစ်သည်။

ဖြစ်စဉ်သုံးခုလုံး၌ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူများသည် စစ်တပ်အပေါ် ပိုမိုတင်းကြပ်သော ထိန်းချုပ်မှုများ ပြုလုပ်ရန် ကြိုးပမ်းလာသည့် အရပ်သားအစိုးရများနှင့် ရင်ဆိုင်ခဲ့ရသူများ ဖြစ်ကြသည်။
၂၀၀၆ ခုနှစ်တွင် ထိုင်းဗိုလ်ချုပ်ကြီး ဆုန်သီဘွန်ညာရက်လင်းသည် လူထုအကြား ရေပန်းစားသည့် ဝန်ကြီးချုပ် သက်ဆင်ရှင်နာထပ်ထရာနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးပရာယုချန်အိုချာသည် သက်ဆင်၏ညီမ ယင်လပ်နှင့် ရင်ဆိုင်ခဲ့ရသည်။ မြန်မာစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တိုက်တွေ့ခဲ့သည်။

မဖြစ်မနေ အငြိမ်းစားယူရမည့်အချိန် နီးကပ်လာသည်နှင့်အမျှ ဤစစ်တပ်ခေါင်းဆောင်များသည် တရားစွဲဆိုခံရနိုင်ခြေ ရှိလာသလို သူတို့၏ စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးကာ နိုင်ငံရေးနယ်ပယ်၌လည်း မည်သည့်နေရာတွင်မျှ ဝင်မဆံ့တော့မည့် အနေအထားကို ရင်ဆိုင်လာရသည်။

ထိုင်းနှင့် မြန်မာနိုင်ငံတို့၌ သက်ဆိုင်ရာ စစ်တပ်များသည် အမျိုးသားနိုင်ငံရေး၏ ပင်မဇာတ်ကောင်များအဖြစ် အမြဲတမ်း ရှိခဲ့သဖြင့် နှစ်နိုင်ငံလုံးသည် စစ်တပ်ကြီးစိုးသည့် အသိုင်းအဝိုင်းအဖြစ် ရှိနေခဲ့သည်ကတော့ အသေအချာပင် ဖြစ်သည်။

ဤစစ်တပ်များသည် နိုင်ငံတော်လုံခြုံရေး ခေါင်းစဉ်အောက်တွင် ဧရာမ နယ်ပယ်၊ စီးပွားရေးနှင့် လူမှုရေး အာဏာများကို စွဲကိုင်ထားကြသည်။ ရွေးကောက်ခံ အရပ်သားအစိုးရများ ဦးဆောင်လာသောအခါ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံလုံး၌ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် အလွန်အမင်း တင်းမာလာပြီး မကြာခဏ ဆိုသလို အာဏာသိမ်းမှုဆီ ဦးတည်သွားလေ့ရှိသည်။

ထိုင်းသည် မြန်မာအတွက် နမူနာဖြစ်နိုင်

ထိုင်းနိုင်ငံတွင် လူထုအကြား အထူးရေပန်းစားသည့် ဒီမိုကရေစီ အရပ်သားအစိုးရကို ထိုင်းစစ်တပ်က ၂၀၁၄ ခုနှစ်တွင် ဖြုတ်ချအာဏာသိမ်းလိုက်သည်။ ၂၀၁၉ ခုနှစ်တွင် စစ်တပ်ကြီးစိုးသည့် အတုအယောင် ဒီမိုကရေစီ တစ်ရပ် ပေါ်ထွက်လာခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားသော တပ်မတော်ခေါင်းဆောင်များသည် ဤဖြစ်ရပ်ကို ဂရုတစိုက် လေ့လာစောင့်ကြည့်နေခဲ့ကြသည်မှာ သေချာသည်။

တိုက်ဆိုင်စွာပင် မြန်မာနိုင်ငံ၌လည်း ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် မြန်မာဗိုလ်ချုပ်ကြီးများသည် ထိုင်းနိုင်ငံ၏ စစ်တပ်ထိန်းချုပ်သည့် နိုင်ငံရေးပုံစံကို လိုက်နာကျင့်သုံးရန် ကြိုးပမ်းနေကြသည့် သဘောရှိသည်။

ထိုင်းနမူနာအရ စစ်တပ်များသည် အောင်မြင်စွာဖြင့် အာဏာသိမ်းပြီး ထုံးတမ်းစဉ်လာအားဖြင့် အားကောင်းသည့်ဗဟိုအစိုးရက ကြီးစိုးသည့် ဒီမိုကရေစီလမ်းကြောင်းသို့ လမ်းညွှန်နိုင်သည့် သဘောရှိသည်။ သို့သော် ရွေးကောက်ခံ အရပ်သားများသည် စစ်တပ်ကို မထိန်းချုပ်နိုင်ပေ။ တရားရုံးများသည် လက်နက်ကိုင် တပ်ဖွဲ့နှင့် တစ်ဖက်တည်းတွင် ရှိပြီး အရပ်သားများကိုလည်း လုံခြုံရေးအရာရှိများနှင့် ပိုမို ပိုင်းခြားထားသည်။

ဤအချက်များသည် ၂၀၀၆ နှင့် ၂၀၁၄ ထိုင်းအာဏာသိမ်းမှုများမှ မြန်မာစစ်တပ် ရသွားသည့် သင်ခန်းစာများ ဖြစ်သည်။ ထိုင်းသည် ၂၀၀၆ တွင်း အာဏာသိမ်းပြီး ၂၀၀၇ ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထုတ်ပြန်သည်။ ဤဖွဲ့စည်းပုံ၌ အရပ်သား အုပ်ချုပ်ရေးကို အားနည်းအောင် ဖန်တီးထားသဖြင့် ထိုင်းနိုင်ငံသည် အားနည်းသောဒီမိုကရေစီကို ၆ နှစ်တာ ကြုံတွေ့ခဲ့ရသည်။

၂၀၀၈ မှ ၂၀၁၄ မတိုင်မီအထိ ရွေးကောက်ခံ ထိုင်းအစိုးရများသည် အရပ်သားအာဏာကို မဖြစ်စလောက်သာ ကျင့်သုံးခဲ့ရပြီး အမြဲတမ်းဆိုသလို စစ်တပ်အလိုကျ လိုက်လျောခဲ့ရသည်။
ထိုင်းဒီမိုကရေစီ၏ ချည့်နဲ့မှုသည် မြန်မာစစ်တပ်အား ၂၀၀၈ ဖွဲ့စည်းပုံကို ကျင့်သုံးပြီး ၂၀၁၁ ရွေးကောက်ပွဲများ ကျင်းပစေသည်အထိ ယုံကြည်မှုပေးခဲ့သည်။ ထိုင်းတွင်ကဲ့သို့ပင် ၂၀၁၁ နောက်ပိုင်း မြန်မာအစိုးရများသည်လည်း စစ်တပ်အပေါ် ထိန်းချုပ်နိုင်စွမ်း မဖြစ်စလောက်သာ ရှိခဲ့ပြီး မကြာခဏဆိုသလို တပ်အလိုကျ လိုက်လျော နာခံခဲ့ရသည်ချည်း ဖြစ်သည်။


မြန်မာက ခြေတစ်လှမ်း ပိုသာ

သို့သော် မြန်မာစစ်တပ်သည် ထိုင်းထက်တော့ ခြေတစ်လှမ်း အသာစီးပိုရထားသည်။ လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း တပ်မတော်က ထိန်းချုပ်ထားသလို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုလည်း ချုပ်ကိုင်ထားသည်။ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများသည်လည်း အရပ်သားများ စိစစ်ခွင့်မရှိပဲ လုပ်ပိုင်ခွင့် ရထားသည်။
မြန်မာစစ်တပ်၏ ခေါင်းဆောင်ပိုင်းသည် ထိုင်းနိုင်ငံ၏ ၂၀၁၇ အခြေခံဥပဒေကို သဘောကျကြသည်။ ထိုင်းလွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးတို့ကို စစ်တပ်အစိုးရက ခန့်အပ်သည်။ ဤနည်းလမ်းသည် အောက်လွှတ်တော်နေရာ အများစုကို ပါတီများ မရအောင် တားဆီးထားသည့် ရွေးကောက်ပွဲဖော်မျူလာအသစ် ဖြစ်သည်။ ထို့ပြင် လက်ရှိအစိုးရများသည် စစ်တပ်အတွက် ရန်ပုံငွေအမြောက်အမြား ရရှိအောင် ဖန်တီးထားသည့် နှစ် ၂၀ စာ နိုင်ငံတော်မဟာဗျူဟာ တစ်ရပ်ကိုလည်း လိုက်နာခဲ့ရသည်။ မလိုက်နာပါက စွဲချက်တင်ခံရမည့် အလားအလာရှိသည်။

လတ်တလောအခြေအနေ၌ ထိုင်းစစ်တပ်သည် ပလန်ပရာချာရက်ပါတီကို ဖန်တီးထားသည်။ ဤပါတီသည် စစ်တပ်၏အာဘော်ကို ကိုယ်စားပြုသလို နိုင်ငံတော်သယံဇာတများကိုလည်း အသုံးချနေသည်။ အငြိမ်းစားဗိုလ်ချုပ်ကြီး တဖြစ်လဲ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝန်ဆူဝင်သည် ပါတီခေါင်းဆောင်အဖြစ် ရှိနေသည်။ ပါတီသည် ဒေသန္တရ မဲဆွယ်စည်းရုံးရေး ကွန်ရက်များ ထူထောင်ထားသလို မဲဆန္ဒရှင်များကို ဆွဲဆောင်သိမ်းသွင်းရန် သာရေးနာရေး လက်ကမ်းစာစောင်များလည်း ဖန်တီးဖြန့်ဝေသည်။

ဓာတ်ပုံ - AP

ထိုင်းနိုင်ငံ၏ ၂၀၁၉ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံဥပဒေအသစ်ကို အသုံးချကာ နိုင်ငံရေးတွင် ထိုင်းစစ်တပ် နေရာဝင်ယူလိုက်သည်ကို လေ့လာပြီးနောက် မြန်မာတပ်မတော်သည် စစ်တပ်၏ ချုပ်ကိုင်မှုကို အားမြှင့်နိုင်ရေးအတွက် ၂၀၀၈ မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထပ်မံပြင်ဆင်ရန် ကြိုးစားခဲ့သည်။

သို့သော် NLD ပါတီ ကြီးစိုးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် စစ်တပ်၏ အားထုတ်မှုများကို ပယ်ချခဲ့သည်။
ထိုင်းအပေါ် မြန်မာစစ်တပ်က အားကိုးတကြီး မျှော်ကြည့်နေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ အကယ်၍ ၂၀၁၇ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပုံစံတူသည့် ပဋိညာဉ်တစ်ရပ်ကိုသာ မြန်မာစစ်တပ်ခေါင်းဆောင်များ အကောင်အထည် ဖော်နိုင်ခဲ့မည် ဆိုပါက စစ်တပ်အာဘော်ကို ထင်ဟပ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲတွင် NLD ကို အနိုင်ရရှိသွားမည် ဖြစ်သည်။ ဤနည်းအားဖြင့် နိုင်ငံကို ရွေးကောက်ပွဲနည်းလမ်းအရ ချုပ်ကိုင်လိုသည့် စစ်တပ်၏ ဆန္ဒသည်လည်း ပြည့်ဝသွားမည် ဖြစ်သည်။
သို့သော်လည်း ၂၀၂၀ နိုဝင်ဘာတွင် ကျင်းပခဲ့သည့် မြန်မာ့ရွေးကောက်ပွဲတွင် NLD ပါတီသည် နောက်တစ်ကြိမ် အနိုင်ရရှိခဲ့သည်။ စစ်တပ်ကလိုလားသည့် ဖွဲ့စည်းပုံအပြောင်းအလဲများသည်လည်း လတ်တလောတွင် အကောင်အထည် ဖော်နိုင်ခြေ မရှိတော့ပေ။

တစ်နည်းအားဖြင့် ဆိုလျှင် ထိုင်းစစ်တပ်သည် ၂၀၁၄ တွင် အာဏာသိမ်းခဲ့ပြီး နောက်ထပ် နှစ်အနည်းငယ် အချိန်ဆွဲကာ ဖွဲ့စည်းပုံကို ပြင်ဆင်ခဲ့သကဲ့သို့ မြန်မာစစ်တပ်၏ ၂၀၂၁ အာဏာသိမ်းမှုသည်လည်း အလားတူခြေလှမ်းအတွက် ကြိုးပမ်းသည့်သဘော ဖြစ်သည်။

မတူကွဲပြားမှုများ ရှိနေ

သို့သော် ထိုင်းဖြစ်ရပ်နှင့် မြန်မာ့အနေအထား ကြားတွင် ခြားနားမှုများ ရှိနေသည်။
ပထမအချက်မှာ ထိုင်းနိုင်ငံ၌ တော်ဝင်မိသားစုနှင့် ထိုင်းစစ်တပ်တို့ ပူးပေါင်းပြီး အစီအစဉ်ချကာ နိုင်ငံကို ထိန်းချုပ်လာသည်မှာ ကာလရှည်ကြာ ရှိခဲ့ပြီဖြစ်သည်။ ထိုင်းစစ်တပ်သည် တော်ဝင်မိသားစုကို အကာအကွယ်ပေးသူအဖြစ် တရားဝင်အာဏာ အပ်နှင်းခံထားရသည်။ အထူးသဖြင့် ထိုင်းပြည်သူအများ ချစ်ခင်မြတ်နိုးကြသည့် ကွယ်လွန်သူ ထိုင်းဘုရင်ဘူမိဘောနှင့် အထူးနီးကပ်သည့် ဆက်ဆံရေး ရှိခဲ့သည်။

ဘုရင်ဘူမိဘောအပေါ် လူအများ ချစ်ခင်မှု၊ ၂၀၀၆ နှင့် ၂၀၁၆ အာဏာသိမ်းမှုများအား ဘုရင်၏ ထောက်ခံမှုတို့ကြောင့် ထိုင်းလူထုအကြား အကွဲအပြဲ ရှိခဲ့သော်လည်း ထိုင်းစစ်တပ်ဆီ ထိုအကွဲအပြဲ ဦးတည်မလာအောင် ထိန်းညှိနိုင်ခဲ့သည်။ အခြားတစ်ဘက်တွင်မူ မြန်မာ့အာဏာသိမ်းမှုသည် လူထု၏ တစ်ခဲနက် တော်လှန်မှုကို ရင်ဆိုင်ခဲ့ရသည်။

ဒုတိယအားဖြင့် ထိုင်းစစ်တပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ၁၅ ကြိမ်ထက်မနည်း ပြင်ဆင်ရေးသားခဲ့ပြီးသည့် အတွေ့အကြုံရှိထားသည်။ ဤကဲ့သို့ ကာလရှည်ကြာ အတွေ့အကြုံများမှ တစ်ဆင့် ထိုင်းစစ်တပ်သည် နိုင်ငံရေးပါတီ လွမ်းမိုးမှုကို ထိန်းချုပ်ရာတွင် အောင်မြင်မှု ရရှိသွားပြီး နိုင်ငံ၏ အဓိကနေရာသို့ ရောက်သွားခြင်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် ထိုင်းစစ်တပ်သည် နိုင်ငံရေး စနစ်ထဲတွင် ခိုင်မာစွာ အမြစ်တွယ်သွားပြီ ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့က အာဇာနည်ဗိမာန်တွင် ကျင်းပသည့် ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် တက်ရောက်ဂါရဝပြုနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Reuters/Ann Wang)

မြန်မာနိုင်ငံတွင်မူ ဗိုလ်ချုပ်ကြီးများသည် နိုင်ငံတော်ကို ကိုလိုနီလက်အောက်မှ လွတ်မြောက်အောင် ကယ်တင်သူများ၊ ပြည်ပရန်စွယ်ကို ကာလရှည်ကြာ ကာကွယ်လာသူများ အဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူထားကြပြီး နိုင်ငံတော် လုံခြုံရေး အခန်းကဏ္ဍတွင် အထူးအခွင့်အရေး ရအောင် ဖန်တီးထားသည်။

၁၉၆၂၊ ၁၉၈၈ နှင့် ၂၀၂၁ ခုနှစ်များတွင် စစ်တပ်၏ ပါဝင်စွက်ဖက်မှုအတွက် ခိုင်လုံသော အကြောင်းပြချက် ရရှိအောင် ဤရှုထောင့်က အထောက်အကူ ပေးခဲ့သည်။ တစ်ချိန်တည်းတွင် တပ်မတော်အရာရှိများသည် စီးပွားရေးနယ်ပယ်တွင်လည်း အခွင့်ထူးခံများ ဖြစ်လာခဲ့ပြီး တစ်နိုင်ငံလုံးတွင် အားအကောင်းဆုံး စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်ထားကြသည်။
သို့သော် ဤခံယူချက်များသည် ပြည်သူလူထုအတွက် မဟုတ်ခဲ့ပေ။ နိုင်ငံသည် စည်းလုံးမှုပျက်ပြားဆဲ ဖြစ်သလို အရပ်သားများအကြား ထင်ပေါ်ကျော်ကြားသူ ဆိုလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ များများစားစား မရှိပေ။

လတ်တလောတွင်မူ မြန်မာစစ်တပ်သည် နိုင်ငံရေးပါတီ ထူထောင်ခြင်းထက် အင်အားသုံးနှိပ်ကွပ်ခြင်းတွင် ပိုမို အောင်မြင်နေသည့် သဘောရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၅၅၀ ထက်မနည်း ရှိနေပြီဖြစ်သည်။

ဟန်ပြဒီမိုကရေစီ စနစ်တစ်ရပ်အတွင်းမှ အင်အားတည်ဆောက်လျှင်

နှစ်နိုင်ငံအကြား ကွာဟချက်များ ရှိနေလင့်ကစား မြန်မာအတွက် ထိုင်း၏ အရေးပါသော သာဓကမှာ ဖိနှိပ်မှုသက်သက်ဖြင့် စစ်တပ်၏သြဇာကို ရေရှည်မထိန်းသိမ်းနိုင် ဟူသောအချက် ဖြစ်သည်။
ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေးကို သဘောတူလက်ခံကြောင်း ၂၀၁၁ ခုနှစ်တည်းက ပြောကြားထားသော မြန်မာစစ်တပ်သည် ဒီမိုကရေစီလမ်းကြောင်း အထိုင်ကျလာချိန် ရောက်မှ ဒီမိုကရေစီအရေး နိုးကြားမှုကို ခွင့်မပြုနိုင်တော့ဘဲ တားဆီးပိတ်ပင်မှုများ ဖြစ်နေသည်။ ဤရှုထောင့်သည် ၂၀၁၁ မှ ၂၀၂၁ အထိ မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းကာလကိုလည်း မျက်ကွယ်ပြုရာ ရောက်သည်။

(ဓာတ်ပုံ - AFP)

တပ်မတော်အနေဖြင့် ထိုင်းစစ်တပ် ကြိုးပမ်းထားသကဲ့သို့ အတုအယောင် ဒီမိုကရေစီစနစ်  အတွင်းမှ ကူညီထောက်ပံ့မှုများ တည်ဆောက်မည် ဆိုပါက ယခုထက်ပို လိမ္မာပါးနပ်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက မြန်မာတစ်နိုင်ငံလုံး သွေးစွန်းသော လူသတ်ပွဲဆီ ဦးတည်သွားပြီး အတိတ်သမိုင်းသို့ တစ်ကျော့ပြန် ရောက်သွားနိုင်သည်။

လက်ရှိတွင် ဆေးစက်များသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေပြီ ဖြစ်သည်။ ဆန္ဒပြမှုများ အသံတိတ်သွားအောင် မစွမ်းဆောင်နိုင်သည့် စစ်တပ်၏ အကြမ်းဖက် ဖိနှိပ်မှုများနှင့်အတူ တပ်မတော်အနေဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်မည်နည်း။

ဆက်လျှောက်ရန်လမ်းကြောင်း သုံးခုရှိသည်

ပထမနည်းမှာ ဆန္ဒပြသူများကို အလျှော့ပေးလိုက်လျောပြီး အာဏာသိမ်းမှု မဖြစ်မီအထိ ရှိထားသည့် လွှတ်တော် ဒီမိုကရေစီစနစ်ဆီ ပြန်သွားရန်ဖြစ်သည်။

ဒုတိယနည်းမှာ ထိုင်းကိုနမူနာယူ၊ တပ်မတော်အတွက် သြဇာပိုမိုရရှိမည့် အတုအယောင် ဒီမိုကရေစီပုံစံသစ် တစ်မျိုး ပါရှိမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တစ်ရပ် ပြန်ဆွဲရန် ဖြစ်သည်။
ဤကဲ့သို့ လွှတ်တော်နှစ်ရပ် ပါဝင်သော နိုင်ငံရေးစနစ်တစ်ရပ်ကို စစ်တပ်က လုံးလုံးလျားလျား ထိန်းချုပ်ထားသည့် အထက်လွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင်နှင့် တရားရေး သာမက ၂၀၁၉ မတိုင်မီက ထိုင်းတွင် ကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲနည်းနာမျိုးဖြင့်ပါ တည်ဆောက်ခြင်းသည် အင်အားကြီးပါတီများ (ဥပမာ - ထိုင်းတွင် သက်ဆင်၏ ဖွေထိုင်း၊ မြန်မာတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD) များက မဲနေရာအများစုကို အနိုင်ရပြီး လွှတ်တော်စနစ်၏ အကျိူးကျေးဇူးကို အပြည့်အဝ အသုံးချကာ ဗြုန်းစားကြီး အပြောင်းအလဲ ဖော်ဆောင်သွားနိုင်သည့် အနေအထားမျိုးနှင့် ထိပ်တိုက်မကြုံအောင် ကြားခံပေးမည် ဖြစ်သည်။

၂၀၁၀ နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ NLD ပါတီဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters/Soe Zeya Tun)

တတိယနည်းမှာ ၁၉၉၀ ရွေးကောက်ပွဲအကြိုကာလတွင် ရှိခဲ့သည့် အင်အားသုံးစစ်အုပ်ချုပ်ရေး ပုံစံမျိုး ပြန်လည် ကျင့်သုံးရန်ဖြစ်သည်။
၂၀၂၁ ဧပြီအထိ အခြေအနေများအရ ဆိုလျှင် ပထမနည်းလမ်းမှာ ဖြစ်နိုင်ခြေ မရှိတော့သလို ဒုတိယနည်းမှာလည်း မြန်မာအများစုအတွက် လက်ခံနိုင်ဖွယ်ရာ မရှိပေ။ နိုင်ငံသည် တတိယနည်းဖြစ်သော စစ်တပ်၏ လက်အောက်ခံဘဝသို့ ကြမ်းတမ်းခက်ထန်စွာ ကျဆင်းသွားဖွယ်ရာ ရှိနေသည်။ လက်ရှိအချိန်ထိကတော့ ဆန္ဒဖော်ထုတ်မှုများ အများအပြား ရှိနေဆဲဖြစ်ရာ ဖေဖော်ဝါရီ အာဏာသိမ်းမှု လုံးလုံးလျားလျား အောင်မြင်ပြီဟု မဆိုနိုင်သေးပေ။

နောက်ဆုံးတစ်ချိန်တွင်မူ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားသည့် NLD နှင့် အပေးအယူတစ်ရပ်ရပ် ဆောင်ရွက်ရမည့်အချိန်ကို တစ်နေ့နေ့ ရောက်လာမည်ဟူသော အချက်ကို တပ်မတော်ဘက်က သဘောပေါက်ရမည် ဖြစ်သည်။
မေးခွန်းထုတ်စရာ ရှိနေသေးသည်မှာ ညှိနှိုင်းရေးစားပွဲဝိုင်းသို့ တပ်မတော် ရောက်မလာမီ အသက်ပေါင်း မည်မျှပေးဆပ်ရဦးမည်နည်း ဟူသောအချက် ဖြစ်သည်။

ရာဗီချန်ဒရာကူးမား မြန်မာပြန်ဆိုသည်။
(မူရင်း - ‘Thailand as a model? Why Myanmar military may follow Prayuth's example’ By Paul Chambers, CHANNEL NEWS ASIA)

မှတ်ချက် ။ ။ ဆောင်းပါးရှင် Dr Paul Chambers သည် ISEAS – Yusof Ishak Institute ၏ ထိုင်းနိုင်ငံ လေ့လာရေးအစီအစဉ်မှ Visiting Fellow တစ်ဦးဖြစ်သည်။

ဗီဒီယိုများ