သြစတြေးလျတောမီးမှ မီးခိုးများ ကမ္ဘာကို တစ်ပတ်ပြည့်အောင် ပတ်လိမ့်မည်ဟု နာဆာ ပြော

နှစ်သစ်ကူးကာလတဝိုက်တွင် လောင်ကျွမ်းသောမီးများမှ ထွက်ပေါ်လာသည့် မီးခိုးများသည် တောင်အမေရိကကို ဖြတ်သန်းပြီး ကောင်းကင်ကို မြူခိုးများဆိုင်းနေစေခဲ့ကာ ဇန်နဝါရီ ၈ ရက်နေ့တွင် ကမ္ဘာတဝက် ခရီးနှင့်ခဲ့ပြီး ဖြစ်သည်။

By Foreign Desk 14 Jan 2020

တောမီးလောင်ကျွမ်းမှုမှ မီးခိုးများသည် အထက်လေထုထဲအထိရောက်ရှိကာ မိုင်ပေါင်းထောင်နှင့်ချီ၍ ခရီးနှင်နိုင်ခဲ့ခြင်းဖြစ်သည်။ (ဓာတ်ပုံ - NASA)

သြစတြေးလျတောမီး အကြီးအကျယ်လောင်ကျွမ်းမှုမှ မီးခိုးများသည် ကမ္ဘာကို တစ်ပတ်ပြည့်အောင်ပတ်ပြီးနောက် သြစတြေးလျနိုင်ငံသို့ ပြန်လည်ရောက်ရှိလိမ့်မည်ဟု နာဆာမှပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မီးခိုးများသည် သြစတြေးလျအရှေ့ဘက်ကမ်းခြေတစ်လျှောက် လနှင့်ချီ၍ အုံ့ဆိုင်းနေခဲ့ပြီး ပစိဖိတ်တကြော ရွေ့လျား သွားခြင်း ဖြစ်သည်။

နှစ်သစ်ကူးကာလတဝိုက်တွင် လောင်ကျွမ်းသောမီးများမှ ထွက်ပေါ်လာသည့် မီးခိုးများသည် တောင်အမေရိကကို ဖြတ်သန်းပြီး ကောင်းကင်ကို မြူခိုးများဆိုင်းနေစေခဲ့ကာ ဇန်နဝါရီ ၈ ရက်နေ့တွင် ကမ္ဘာတဝက် ခရီးနှင့်ခဲ့ပြီး ဖြစ်သည်။

"ဒီမီးခိုးတွေဟာ အနည်းဆုံး ကမ္ဘာကို တစ်ပတ်အပြည့် ပတ်ပါလိမ့်မယ်" ဟု အမေရိကန်အာကာသအေဂျင်စီ ကပြောကြားသည်။

သြစတြေးလျနိုင်ငံတဝန်းတွင် တောမီးများ ရာနှင့်ချီ၍လောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ ၂၈ ဦးသေဆုံးခဲ့ကာ အိမ်ပေါင်း ၂၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။

မျှော်လင့်ထားသည်ထက် များစွာ ပိုမိုကြီးမားပြင်းထန်သော တောမီးများသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ပိုမိုဆိုးရွား ပြင်းထန်ခဲ့ရကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

ထိုကဲ့သို့ ပြင်းထန်လှသော တောမီးများက မီးခိုးများကို အထက်လေထုထဲထိ ရောက်ရှိစေပြီး စံချိန်တင်အမြင့်အဖြစ် ၁၁ မိုင်ခန့်အထိ ရောက်ရှိစေခဲ့သည်။

"အထက်လေထုထဲကို ရောက်သွားပြီဆိုတာနဲ့ မီးခိုးတွေဟာ သူ့မူလနေရာကနေ မိုင်ပေါင်းထောင်ချီဝေးတဲ့ နေရာအထိ ခရီးနှင်နိုင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လေထုအခြေအနေအပေါ် သက်ရောက်စေနိုင်ပါတယ်" ဟု နာဆာ မှထုတ်ပြန်သည်။

ထိုအမြင့်ပေ၌ မီးခိုးများ၏သက်ရောက်မှုကို လေ့လာသွားမည်ဖြစ်ပြီး လေထုကို ပူနွေးစေမည်လား၊ အေးမြစေမည်လား ဆိုသည်ကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း အာကာသအေဂျင်စီက ပြောကြားခဲ့သည်။

မီးခိုးများကြောင့် တောင်အမေရိကတွင် ကောင်းကင်၏အရောင်မှာ ပြောင်းလဲခဲ့ပြီး နယူဇီလန်တွင်ဆိုလျှင် လေအရည်အသွေးဆိုင်ရာ ပြဿနာများ၊ တောင်ထိပ်မှနှင်းများကိုမမြင်ရအောင် အလင်းရောင်လျော့ကျခြင်း ပြဿနာများကဲ့သို့သော သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ဗီဒီယိုများ