သြစတြေးလျတွင် တောမီးကြောင့် မိုးကြိုးမုန်တိုင်းနှင့် မီးလေဆင်နှာမောင်းများ ဖြစ်ပေါ်နိုင်

သြစတြေးလျနိုင်ငံတွင် တောမီးများ ဆိုးရွားစွာလောင်ကျွမ်းမှုကြောင့် အပူချိန်အလွန်အမင်းမြင့်တက်ကာ မိုးကြိုးမုန်တိုင်းနှင့် မီးလေဆင်နှာမောင်းအပါအဝင် ပုံမှန်မဟုတ်သော မိုးလေဝသအခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း အာဏာပိုင်များက သတိပေးချက်ထုတ်ထားရသည်ဟု Reuters သတင်းတွင်ဖော်ပြထားသည်။

By Foreign Desk 05 Jan 2020

တောမီးလောင်ကျွမ်းရာမှ ပြာနှင့်မီးခိုးများလွင့်လာလျက်ရှိသဖြင့် မိမိ၏နေအိမ်ကို ရေဖြန်းနေသူတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

သြစတြေးလျနိုင်ငံတွင် တောမီးများ ဆိုးရွားစွာလောင်ကျွမ်းမှုကြောင့် အပူချိန်အလွန်အမင်းမြင့်တက်ကာ မိုးကြိုးမုန်တိုင်းနှင့် မီးလေဆင်နှာမောင်းအပါအဝင် ပုံမှန်မဟုတ်သော မိုးလေဝသအခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း အာဏာပိုင်များက သတိပေးချက်ထုတ်ထားရသည်ဟု Reuters သတင်းတွင်ဖော်ပြထားသည်။

တောမီးလောင်ကျွမ်းမှုကြောင့် ဆစ်ဒနေမြို့မှတောင်ဘက် ၁၇၈ မိုင်အကွာရှိကမ်းခြေတွင် သီးခြားမိုးလေဝသအခြေအနေ တစ်ရပ်ဖြစ်ပေါ်စေလျက်ရှိကြောင်း နယူးဆောက်ဝေးလ်ကျေးလက်မီးသတ်ဌာန(RFS) က စနေနေ့(ဇန်နဝါရီ ၄ ရက်)တွင် သတိပေးလိုက်သည်။

မီးလောင်ကျွမ်းမှုမှတဆင့် ရာသီဥတုဖောက်ပြန်ပြီး မိုးကြိုးမုန်တိုင်းများဖြစ်ပေါ်လျက်ရှိကာ ဤအခြေအနေသည် အလွန်အန္တရာယ်ရှိသဖြင့် မိမိတို့ပတ်ဝန်းကျင်ကို အစဉ်သတိပြုနေရန်လိုအပ်ကြောင်း RFS က ၎င်း၏ဆိုရှယ်မီဒီယာ စာမျက်နှာတွင် ရေးသားထားသည်။

ထိုကဲ့သို့သော ပုံမှန်မဟုတ်သည့် မိုးလေဝသများဖြစ်ပေါ်ရခြင်းမှာ အပူရှိန်ကြောင့်ဖြစ်ပေါ်သည့် မိုးတိမ်မည်းများ ဖွဲ့စည်းမှုကြောင့် ဖြစ်သည်။ ယင်းအမျိုးအစား မိုးတိမ်မည်းများမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ကမ္ဘာတဝမ်းလုံးတွင် စံချိန်တင်ဖြစ်ပေါ်လျက်ရှိသည်မှ ာမှန်သော်လည်း သြစတြေးလျနိုင်ငံတွင်မူ တောမီးလောင်ကျွမ်းမှုများကြောင့် ပိုမို၍ ဖွဲ့စည်းဖြစ်ပေါ်တတ်လေ့ရှိကြောင်း သြစတြေးလျနိုင်ငံရာသီဥတုကောင်စီမှ ၂၀၁၉ ခုနှစ်အတွင်းက ထုတ်ပြန်သော အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

မီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်သော အပူရှိန်မြင့်မားမှုက လေကို အထက်သို့ လျှင်မြန်စွာတက်စေပြီး လေအေးများကို ဝင်ရောက်စေသဖြင့် မီးခိုးများသည် အပူကြောင့်ဖြစ်သော မိုးတိမ်မည်းများအဖြစ်ဖွဲ့စည်းသွားခြင်းဖြစ်သည်။ တိမ်များသည် အထက်သို့တက်သွားပြီး လေထုအထက်ပိုင်းသို့ ရောက်သောအခါတွင် အပူချိန်ကျဆင်းသွားသည်။ ထို့နောက် တိမ်များ၏ အထက်ပိုင်းတွင် ဖွဲ့စည်းလာသော ရေခဲမှုန်များတစ်ခုနှင့်တစ်ခု တိုက်မိရာမှ လျှပ်စစ်ဓါတ်များထွက်လာကာ မိုးကြိုးလျှပ်စီးများဖြစ်ပေါ်ခြင်း ဖြစ်သည်။

ထိုမိုးလေဝသဖြစ်စဉ်များက တောမီးလောင်ကျွမ်းမှုပုံစံနှင့် သဘောသဘာဝကို ခန့်မှန်း၍မရနိုင်အောင်ဖြစ်စေပြီး ငြိမ်းသတ်ရာတွင် အခက်အခဲများကြုံတွေ့စေသည့်အပြင် မိုးကြိုးများကြောင့်လည်း တောမီးလောင်ကျွမ်းမှုများလည်း ပိုမိုဖြစ်ပွားစေနိုင်သည်။

သြစတြေးလျနိုင်ငံတွင် တောမီးများ နှစ်စဉ်လောင်ကျွမ်းလေ့ရှိသော်လည်း ယခုနှစ်တောမီးမှာ သမိုင်းတလျှောက်အဆိုးဆုံး တောမီးလောင်းကျွမ်းမှုများထဲမှ တစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီး လက်ရှိအချိန်ထိ အနည်းဆုံး ၁၅ ဦးခန့် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ကာ အိမ်ပေါင်းရာနှင့်ချီ၍ ပျက်စီးဆုံးရှုံးရပြီးဖြစ်သည်။

ဗီဒီယိုများ