တပ်မတော်အာဏာရယူမှုအပေါ် ပြည်တွင်းပြည်ပ စီးပွားရေးအုပ်စုများအကြား အမြင်အမျိုးမျိုးကွဲပြား

မြန်မာစစ်တပ်မှ နိုင်ငံတော်အာဏာရယူမှုအပေါ် စီးပွားရေးအသိုင်းအဝိုင်းဘက်က သဘောထားများ အမျိုးမျိုးကွဲပြားနေကြောင်း Asia Times ဆောင်းပါးတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 10 Mar 2021

ဓာတ်ပုံ - AFP

မြန်မာစစ်တပ်မှ နိုင်ငံတော်အာဏာရယူမှုအပေါ် စီးပွားရေးအသိုင်းအဝိုင်းဘက်က သဘောထားများ အမျိုးမျိုးကွဲပြားနေကြောင်း Asia Times ဆောင်းပါးတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်ဘက်က တရားဝင်အသိအမှတ်ပြုခံရအောင် ကြိုးပမ်းမှုများရှိသော်လည်း အဓိကကျသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုအုပ်စုများက ခါးခါးသီးသီး ငြင်းပယ်ခဲ့ကြကြောင်း အဆိုပါသတင်းတွင်ဖော်ပြသည်။

ဥရောပ၊ အမေရိကန်၊ ဗြိတိသျှ၊ အီတလီ၊ ပြင်သစ်ကဲ့သို့ အနောက်နိုင်ငံ စီးပွားရေးအုပ်စုများက စစ်တပ်၏ မတ်လ ၄ ရက်နေ့က ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာ ထိုင်း၊ ဟောင်ကောင်၊ ဂျပန်နှင့် တရုတ်ကဲ့သို့ အာရှအုပ်စုများကမူ ဆန္ဒဖော်ထုတ်သူများအား အကြမ်းဖက်နှိမ်နင်းမှုများအပေါ် မည်သည့်ထင်မြင်ချက်မှ ထုတ်ပြန်ခြင်းမရှိဘဲ နှုတ်ဆိတ်လျက်ရှိသည်။

မြန်မာနိုင်ငံ၌ တပ်မတော်အာဏာရယူမှုကို နိုင်ငံတစ်ဝန်း အပြင်းအထန် ကန့်ကွက်ဆန္ဒဖော်ထုတ်နေကြချိန်၌ အနောက်နိုင်ငံ စီးပွားရေးအုပ်စုများက လာရောက်ရန် ငြင်းဆိုခဲ့ကြကြောင်း အေအေပီပီက ပြောကြားသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ယခုအချိန်မျိုး၌ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများသည် အထူးအခရာ ကျသည့်နေရာတွင် ရှိကြောင်း၊ မြန်မာစစ်တပ်ပိုင်  မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် ဦးပိုင်ကုမ္ပဏီ နှစ်ခုလုံးနှင့် ဆက်စပ်နေသည့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများသည် ယခုအချိန်၌ အဆက်အသွယ်ဖြတ်သင့်ကြောင်း မြန်မာ့အရေး လေ့လာသူ သတင်းသမားတစ်ဦးက ဆိုသည်။

ပြည်ပ ဆက်သွယ်ရေးကုမ္ပဏီများမှာ ရှေးမတိုးသာ နောက်မဆုတ်သာ အနေအထားတွင် ကြားညှပ်နေသည်။ နော်ဝေ တယ်လီနောကုမ္ပဏီသည် အစောပိုင်းရက်များတွင် စစ်တပ်က အင်တာနက်ဖြတ်ရန် အမိန်ထုတ်ပြန်မှုများအား ကုမ္ပဏီဝက်ဆိုက်တွင် ဖော်ပြပေးသည်။ သို့သော် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင်မူ “မိမိတို့အနေဖြင့် အာဏာပိုင်များ၏ ညွှန်ကြားချက်များအား ဖော်ပြပေးနိုင်တော့မည်မဟုတ်” ကြောင်း ကြေညာခဲ့သည်။

ဝန်ဆောင်မှု ကန့်သတ်ခံရခြင်းများအတွက် သုံးစွဲသူများအား ကြိုတင် အသိမပေးနိုင်ခြင်းကို စိတ်မကောင်းဖြစ်ရကြောင်း တယ်လီနောကုမ္ပဏီက မတ်လ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကာတာကုမ္ပဏီ အူရီဒူး၊ အစိုးရပိုင် MPT နှင့်၊ စစ်တပ်ပိုင် Mytel ကုမ္ပဏီများကမူ အင်တာနက်ဖြတ်တောက်မှုနှင့် ပတ်သက်၍ တစ်စုံတရာ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ပြည်တွင်းကုမ္ပဏီ ၁၁၅ ခုနှင့် ကိုကာကိုလာ၊ ဖေ့စ်ဘုတ်၊ တယ်လီနော၊ ဟိုင်နီကန် အစရှိသည့် ပြည်ပကုမ္ပဏီ ၄၇ ခုတို့ ပူးပေါင်းပြီး “ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကြေညာခဲ့သည့် အရေးပေါ်အခြေအနေနှင့် ပတ်သက်ပြီး မြန်မာ့ဖွံ့ဖြိုးရေးအတွက် အထူးစိုးရိမ်ကြောင်း” ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

နိုင်ငံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းစုဖြစ်သည့် UMFCCI ကမူ လက်ရှိအာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျှက်ရှိသည်။ UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်းသည် ၂၇ ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးအား ဦးအောင်နိုင်ဦးနှင့်အတူ တက်ရောက်ခဲ့သည်။ ဦးအောင်နိုင်ဦးသည် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မြန်မာစစ်တပ်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ထားသူ ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများသည် ဤအကြပ်အတည်းကာလတွင် တာဝန်ယူမှုရှိရန်လိုအပ်ပြီး စားသုံးသူများနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းများအား ကြည့်ရှုစိစစ်ခွင့်ရှိသလို တာဝန်မဲ့သည့် ရင်းနှီးမြှုပ်နှံသူများအား သင်ခန်းစာပေးသင့်သည်ဟု ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက Asia Times သို့ ဖြေကြားသည်။

မြန်မာပြည်သူလူထုသည် စစ်တပ်နှင့် ဆက်စပ်ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်စပ်သူများအား သပိတ်မှောက်ကြရန် အွန်လိုင်းပေါ်၌ ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်လျက်ရှိသည်။

“ဗိုလ်ချုပ်ကြီးတွေနဲ့ ဆက်ဆံရေးကောင်းအောင် နေတာထက် စားသုံးသူတွေဆီမှာ သပိတ်မှောက်ခံရတာက ပေးဆပ်ရမယ့်တန်ဖိုး ပိုများတယ်ဆိုတာ စီးပွားရေးလုပ်ငန်းတွေ သိသင့်တယ်” ဟု ဆန္ဒပြအမျိုးသမီးတစ်ဦး ဖြစ်သည့် မသဲက ဆိုသည်။

ရည်ညွှန်း - Business revolt brewing in coup-crippled Myanmar by Dominic Oo

ဗီဒီယိုများ