NLD အမတ်ဟောင်း ဦးမင်းအောင်အပါအဝင် ပါတီဝင်သုံးဦး ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ခံရ၊ မနက်ဖြန် ရုံးထုတ်မည်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်အပါအဝင် ပါတီဝင်သုံးဦးသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) တို့ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် အမှုဖွင့်ခံထားရသည်။

09 Mar 2021

DMG ၊ မတ် ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်အပါအဝင် ပါတီဝင်သုံးဦးသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) တို့ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် အမှုဖွင့်ခံထားရသည်။

တရားစွဲဆိုခံထားရသူများမှာ ဦးမင်းအောင်၊ တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်နှင့် ပါတီဝင်  ကိုသန့်ဇင်ဖြိုးတို့ဖြစ်ကြပြီး ၎င်းတို့ကို တောင်ကုတ်မြို့မရဲစခန်းမှ ဒု-ရဲမှူး ဇော်လတ်က တရားလိုပြုလုပ်ကာ ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများထံမှ သိရသည်။

ယင်းအပြင် သံတွဲခရိုင် သဘာဝဘေးအန္တရာယ်နှင့် ကာကွယ်ရေးပစ္စည်းထိန်းသိမ်းရေးဌာနမှ ဦးစီးမှူး ဒေါ်မြင့်သူသင်းမှ တရားလိုပြုလုပ်ကာ ဘေးစီမံပုဒ်မဖြင့် တရားစွဲဆိုထားကြောင်းတွေ့ရှိရသည်ဟု ဦးမင်းအောင်အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂိမောင်က ဆိုသည်။

“ခွင့်မပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်လို့ ငြိမ်းစုစီပုဒ်မ - ၁၉ အရ အမှုဖွင့်တယ်။ ပြီးတော့ ကိုဗစ်ကာလမှာ လူ ၅၀ ဦးထက်ပိုတဲ့ အခမ်းအနားတစ်ခုကို ပြုလုပ်တာဖြစ်တဲ့အတွက်ဆိုပြီး ဘေးစီမံပုဒ်မ - ၂၅ အရ အမှုဖွင့်ခံရတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က တောင်ကုတ်မြို့၌ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုနှင့် အခမ်းအနားတစ်ခုကို ပြုလုပ်ပြီးနောက် ယင်းနေ့တွင်ပင် ဦးမင်းအောင်နှင့်ပါဝင်သူတချို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုနှင့်တရားစွဲဆိုခြင်းသည် သဘာဝမကျသလို ဆန္ဒဖော်ထုတ်သူများကို ကြောက်လန့်အောင် ဖြိုခွဲလိုက်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် NLD ဒု-ဥက္ကဋ္ဌ ဦးစိုးလေးက ပြောသည်။

“ရန်ကုန်မြို့မှာဆိုရင် သိန်းနဲ့ချီပြီ ဆန္ဒပြနေတာပဲ။ ဆိုတော့ ငြိမ်းစုစီနဲ့စွဲမယ်ဆိုရင် ကိုမင်းအောင်တို့ မဟုတ်ဘူး၊ စွဲလိုက်ရမှာ အများကြီးရှိတာပဲ။ အဲဒီတော့ စစ်အာဏာသိမ်းတာကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာကို ငြိမ်းစုစီနဲ့ တရားစွဲတာက ဟုတ်မှမဟုတ်တာ၊ ဒါတွေက သဘာဝမကျဘူး။ ရှင်းရှင်းပြောရရင် တောင်ကုတ်မြို့မှာ ကိုမင်းအောင်တို့က ဦးဆောင်ပြီးလုပ်တဲ့ သဘောတွေရှိတယ်၊ အဲဒီလူတွေကို ဖမ်းဆီးထိန်းသိမ်းပြီးတော့ ဒီက ဆန္ဒပြလှုံ့ဆော်မှုအင်အားတွေ ကြောက်သွားအောင် ဖြိုခွဲလိုက်တယ်လို့နားလည်တယ်” ဟု သူကဆိုသည်။

အမှုနှင့်ပတ်သတ်ပြီး တောင်ကုတ်မြို့နယ်တရားရုံးတွင် လာမည့် မတ်လ ၁၀ ရက်နေ့ကို ရုံးချိန်းထားကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂိမောင်က ပြောသည်။

“ ၁၀ ရက်နေ့ရုံးချိန်းမှာ ရှေ့နေပါဝါတင်မယ်။ အဲဒီနေ့ တရားလိုစစ်မှာလား အခြေအနေတော့ စောင့်ကြည့်ရမယ်။ ပြီးတော့ ကျမနဲ့ လက်ရှိပါဝါတင်မယ့် တရားခံက တောင်ကုတ်မြို့မရဲစခန်းထဲမှာ မရှိသေးဘူးလေ။ တပ် ထိန်းသိမ်းမှုအောက်မှာပဲ ထားတာဆိုတော့ ကျမတို့ရဲ့ တရားခံကို တောင်ကုတ်မြို့မရဲစခန်း အချုပ်ထဲကိုပြောင်းဖို့ တောင်းဆိုထားတယ်။ အဲဒါကိုတော့ စောင့်ကြည့်ရမှာပေါ့” ဟု သူကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သဖြင့် အမ်းမြို့နယ်မှ ၇ ဦး၊ တောင်ကုတ်မှ ၉ ဦး၊ မာန်အောင်မှ ၂ ဦး၊ သံတွဲမှ ၄ ဦး၊ ဂွမြို့နယ်မှ ၆ ဦး စုစုပေါင်း ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံထားရသည်။ ယင်းအထဲတွင် အများစုမှာ NLD ပါတီဝင်များဖြစ်ကြောင်း ယင်းပါတီ ရခိုင်ပြည်နယ် ဒု-ဥက္ကဋ္ဌ ဦးစိုးလေးက ပြောသည်။

ယင်းအပြင် ၎င်းတို့သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ -၂၅ နှင့် ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ တို့ဖြင့် သက်ဆိုင်ရာမြို့ရှိ ရဲစခန်းများတွင် အမူဖွင့်ခံထားရကြောင်း သိရသည်။

ဗီဒီယိုများ