ယနေ့လူ့အခွင့်ရေးနေ့တွင် တနိုင်ငံလုံးနီးပါး အသံတိတ်သပိတ်ကြောင့် တိတ်ဆိတ်နေ

ယနေ့(ဒီဇင်ဘာ ၁၀ ရက်)တွင်ကျရောက်သည့် ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် မြန်မာတနိုင်ငံလုံးရှိ မြို့တိုင်းနီးပါး အသံတိတ်သပိတ်(silent strike)ပြုလုပ်လျက်ရှိနေပြီး လမ်းမများ၊ ဆိုင်များတွင် လူအသွားအလာများ လုံးဝမရှိဖြစ်နေသည်။

10 Dec 2021

တစ်နိုင်ငံလုံးနီးပါး အသံတိတ်သပိတ်(Silent Strike)ကြောင့် မြို့နယ်အသီးသီး၌ လူသွားလူလာများကင်းရှင်းနေပုံများ။

DMG ၊ ဒီဇင်ဘာ ၁၀

ယနေ့(ဒီဇင်ဘာ ၁၀ ရက်)တွင်ကျရောက်သည့် ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် မြန်မာတနိုင်ငံလုံးရှိ မြို့တိုင်းနီးပါး အသံတိတ်သပိတ်(silent strike)ပြုလုပ်လျက်ရှိနေပြီး လမ်းမများ၊ ဆိုင်များတွင် လူအသွားအလာများ လုံးဝမရှိဖြစ်နေသည်။

စစ်အာဏာရှင်လက်အောက်မှ လုံးဝလွတ်မြောက်ရန်အတွက် အသံတိတ်သပိတ်(Silent Strike)တွင် ပြည်သူများ၊ ကျောင်းသားသမဂ္ဂသပိတ်အဖွဲ့များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ ပါဝင်ပူးပေါင်းကြရန် မန္တလေးအထွေထွေသပိတ်ခေါင်းဆောင် ကိုတေဇာဆန်းမှ ယမန်နေ့(ဒီဇင်ဘာ ၉ ရက်)တွင် တိုက်တွန်းထားသည်။

နေအိမ်အပြင်ထွက်ခြင်းမပြုပဲ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ကြောင်းပြသမည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် ဒီဇင်ဘာ ၁၀ ရက်(10 D)သည် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်သည်။

“တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်”(Silent Strike)နှင့် “အနက်ရောင်လှုပ်ရှားမှု”(Black Campaign)များတွင် ပါဝင်ကြခြင်းဖြင့် စစ်အာဏာရှင်ကိုဆန့်ကျင်တွန်းလှန်ကြရန် CDM ဗိုလ်ကြီးတစ်ဦးဖြစ်သူ Capitain Zero မှဆိုသည်။

တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မွန်၊ကရင်၊ မန္တလေးအပါအဝင် မြို့နယ်များနှင့်ကျေးရွာများတွင် အသံတိတ်သပိတ်(Silent Strike)အဖြစ် ဆိုင်ပိတ်သိမ်းခြင်း၊ လမ်းမပေါ်တွင်ယာဉ်သွားလာခြင်းမရှိပဲ အားလုံးတိတ်ဆိနေကြောင်းဒေသခံများမှ သတင်းပေးပို့ချက်အရ သိရသည်။

အသံတိတ်သပိတ်(Silent Strike)ပြုလုပ်ရန်အတွက် ဝန်ထမ်းတချို့မှ ခွင့်ယူရန်ကြိုးပမ်းခဲ့ကြသော်လည်း HR မန်နေဂျာများမှ ပေးအပ်ခြင်းမရှိသောကြောင့် စိတ်ကသိကအောက်ဖြစ်ရကြောင်း ရန်ကုန်ရှိ ကုမ္ပဏီဝန်ထမ်းတစ်ဦးမှပြောသည်။

"ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ Silent Strike တွင်ပါဝင်လိုတဲ့ဝန်ထမ်းတွေကို HR တွေကခွင့်မပြုဘူးပေါ့။ ကုမ္ပဏီကပိတ်ရက်မသတ်မှတ်တာ နားလည်ပေးနိုင်တယ်။ ရပိုင်ခွင့်ဖြစ်တဲ့အလုပ်ခွင့်ကို ပိတ်ပင်တာကတော့ တော်တော်ဆိုးရွားတယ်"ဟု ၎င်းဝန်ထမ်းကပြောသည်။

ထို့အပြင် ရန်ကုန်၊ ပုသိမ်၊ မုံရွာ၊ တောင်ကြီး စသည့်မြို့များရှိ ဈေးဆိုင်များနှင့် ဈေးကြီးများမှဒေသခံများကို စစ်ကောင်စီတပ်များနှင့် စည်ပင်သာယာရေးအဖွဲ့များမှ အသံတိတ်သပိတ်ပြုလုပ်ပါက ဆိုင်များပိတ်သိမ်းမည့်အပြင် အပြင်ထွက်ရောက်ခြင်းမပြုသူများကိုအရေးယူမည်ဖြစ်ကြောင်းယမန်နေ့(ဒီဇင်ဘာ ၉ ရက်)တွင် ခြိမ်းခြောက်သတိပေးမှုများရှိခဲ့သည်။

ယခုအသံတိတ်သပိတ်(Silent Strike)သည် အတိုင်းအတာတစ်ခုအထိအောင်မြင်ပြီး ယခင်သပိတ်များထက် စစ်ကောင်စီအပေါ်အလဲထိုးနိုင်ကြောင်း CDM ကျန်းမာရေးဝန်ထမ်း
တစ်ဦးမှ ပြောသည်။

"အောင်မြင်ပါတယ်။ အခုသပိတ်က အရင်ကသပိတ်တွေထက်ပိုပြီးအောင်မြင်သွားပြီလို့ ဆိုချင်ပါတယ်။ အဓိက စစ်အာဏာရှင်ရဲ့ ရင်ဘတ်ကိုဆောင့်ကန်သလိုဖြစ်သွားပါပြီ။ ဒီထက်ပိုမိုပြင်းထန်တဲ့သပိတ်တွေ ထပ်ရှိလာအုံးမှာဖြစ်ပါတယ်"ဟု အဆိုပါကျန်မာရေးဝန်ထမ်းက ဆိုသည်။

အသံတိတ်သပိတ်(Silent Strike)အတွင်း ငြိမ်သက်ခြင်းလှုပ်ရှားမှုအဖြစ် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တနိုင်ငံလုံးမှ အပြင်ထွက်သွားလာခြင်းမရှိပဲ မိမိနေအိမ်တွင်နေထိုင်ခြင်းဖြစ်ပြီး အနက်ရောင်လှုပ်ရှားမှု(Black Campaign)အဖြစ် ပြည်သူများမှ အနက်ရောင်အဝတ်အစားကိုဝတ်ဆင်သုံးစွဲပြီး အာ ဏာရှင်ဆန့်ကျင်ရေးအထိမ်းအမှတ် လက်(၃)ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်၍ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြဝေမျှခြင်းများပြုလုပ်မှုများအပြင် “ဆိတ်သုဉ်းနေတဲ့လူ့အခွင့်အရေး--- တော်လှန်ရေးနဲ့သိမ်းပိုက်ကြ”ဟူသောစာသားဖြင့် သပိတ်မှောက်ကြရန် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများမှ တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း ယနေ့နံနက် ၇ နာရီအချိန်၌ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီကမ်ပိန်းတစ်ခုကို Women Generation အဖွဲ့မှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ