- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
ကမ္ဘာတစ်ဝန်း ကိုဗစ်ကူးစက်မှု သန်း ၃၀ ပြည့်ပြီ
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်းသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် သန်း ၃၀ အထိ ရှိသွားပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
19 Sep 2020

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်းသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် သန်း ၃၀ အထိ ရှိသွားပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်းမှာ ၉ သိန်းခွဲဝန်းကျင်ရှိသည်။ သေဆုံးမှုစုစုပေါင်း၏ လေးပုံတစ်ပုံနီးပါးမှာ ဥရောပမှဖြစ်သည်။
အမေရိကန်ပြည်ထောင်စု တစ်ခုတည်းတွင် သေဆုံးသူစုစုပေါင်း ၂ သိန်းဝန်းကျင်ရှိသည်။ အမေရိကန်ပြီးလျှင် သေဆုံးမှု ဒုတိယအများဆုံးမှာ ဘရာဇီးဖြစ်ပြီး ၁ သိန်း ၃ သောင်းကျော်ရှိသည်။ ဘရာဇီးနောက်တွင် အိန္ဒိယက ၈ သောင်းခွဲ၊ မက္ကစီကိုက ၇ သောင်းကျော်ရှိသည်။
ကူးစက်မှုမှာ အမေရိကန်ပြည်ထောင်စုတွင် အများဆုံးဖြစ်ပြီး ၇ သန်းနီးပါးရှိသည်။ ဒုတိယအများဆုံးမှာ အိန္ဒိယဖြစ်ပြီး ၅ သန်းကျော်ရှိသည်။ အိန္ဒိယနောက်ပြီး ဘရာဇီးက ၄ သန်းခွဲ၊ ရုရှားက တစ်သန်းကျော်ရှိသည်။
ကူးစက်မှုများ မြင့်တက်လာနေသောကြောင့် ဥရောပရှိဒေသ အများအပြားတွင် ကန့်သတ်တားမြစ်ချက် အသစ်များ ထုတ်ပြန်ရန် စီစဉ်လျက်ရှိသည်။
စပိန်နိုင်ငံ မက်ဒရစ်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းမရအောင် ပွားများလျက်ရှိကြောင်း အစိုးရက သတိပေးချက်ထုတ်ပြန်ထားပြီး ဗဟိုအစိုးရကလည်း ကန့်သတ်တားမြစ်ချက် အများအပြား ထုတ်ပြန်ရန် စီစဉ်နေသည်။
ဗြိတိန်နှင့်ပြင်သစ်နိုင်ငံများတွင် စည်းကမ်းအသစ်များ ထုတ်ပြန်ရန်ရှိနေပြီး ဗြိတိန်တွင်လည်း လိုအပ်ပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လော့ဒေါင်းပြန်ချမည်ဟု အစိုးရက သတိပေးထားသည်။
အစ္စရေးနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည့် သုံးပတ်ကြာလော့ဒေါင်းကို သောကြာနေ့တွင် စတင်လိုက်ပြီဖြစ်သည်။ ပြည်သူများသည် မိမိတို့နေအိမ်မှ မီတာ ၅၀၀ အကွာအဝေးထိသာ သွားခွင့်ရှိသည်။
“စီးပွားရေးက ထိုးကျနေတယ်။ အလုပ်လက်မဲ့တွေလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေတော့ လူတိုင်းစိတ်ဓာတ်ကျနေကြပြီ။” ဟု တဲလ်အဗစ်မှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက အေအက်ဖ်ပီသို့ ဖြေကြားသည်။