- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
ဟောင်ကောင်ရွေးကောက်ပွဲတွင် မဲပေးသူအရေအတွက် စံချိန်တင်
ဟောင်ကောင်တွင် ယနေ့(အောက်တိုဘာ၊၂၄) တွင် ခရိုင်ကောင်စီရွေးကောက်ပွဲများကျင်းပခဲ့ပြီး မဲပေးသူအရေအတွက် စံချိန်တင်မြင့်တက်ခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။ နေ့လယ်စာစားချိန်အရောက်မှာပင် မဲပေးသူအရေအတွက်မှာ ၂၀၁၅ ခုနှစ်က မဲပေးသူအရေအတွက် စုစုပေါင်းကို ကျော်လွန်သွားခဲ့ခြင်းဖြစ်သည်။
24 Nov 2019

ဟောင်ကောင်တွင် ယနေ့(အောက်တိုဘာ၊၂၄) တွင် ခရိုင်ကောင်စီရွေးကောက်ပွဲများကျင်းပခဲ့ပြီး မဲပေးသူအရေအတွက် စံချိန်တင်မြင့်တက်ခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။
နေ့လယ်စာစားချိန်အရောက်မှာပင် မဲပေးသူအရေအတွက်မှာ ၂၀၁၅ ခုနှစ်က မဲပေးသူအရေအတွက် စုစုပေါင်းကို ကျော်လွန်သွားခဲ့ခြင်းဖြစ်သည်။
ယခုရွေးကောက်ပွဲကို လက်တလောအကြပ်အတည်းနှင့် ရင်ဆိုင်နေရသော ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်း အပေါ် လူထုထောက်ခံမှုကို စမ်းသပ်သည့် ရွေးကောက်ပွဲဟု ရှုမြင်မှုများရှိနေသည်။
ဒီမိုကရေစီအင်အားစု ဆန္ဒပြအုပ်စုများကမူ မဲရလဒ်က တရုတ်အာဏာပိုင်များထံ သတင်းစကားတစ်ခုခုပေးနိုင်လိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။
ဟောင်ကောင်တွင် ဆန္ဒပြပွဲများနှင့်မငြိမ်သက်မှုများ ဖြစ်ပွားနေခဲ့သည်မှာ ၅ လခန့်ကြာမြင့်ပြီးနောက်တွင် ယခုကဲ့သို့ ရွေးကောက်ပွဲကျင်းပခြင်းဖြစ်သည်။
အကယ်၍ အဓိကရုဏ်းများကြောင့် ရွေးကောက်ပွဲတွင် အနှောင့်အယှက်ရှိလာပါက အာဏာပိုင်များက မဲပေးခြင်းကို ပိတ်သိမ်းလိုက်မည်ကို စိုးရိမ်ပူပန်နေမှုများကြားမှ ဆန္ဒမဲပေးသူအရေအတွက်မှာ စံချိန်တင်မြင့်မားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲမတိုင်မီတွင် ဒီမိုကရေစီအရေးဆန္ဒပြသူများက ပြည်သူများအား ရွေးကောက်ပွဲပျက်အောင် မလုပ်မိကြစေရန် တိုက်တွန်းပြောကြားခဲ့ပြီး ရွေးကောက်ပွဲနေ့တွင် အခြေအနေတည်တည်ငြိမ်ငြိမ်ရှိခဲ့သည်ကို တွေ့ရသည်။
ယခုရွေးကောက်ပွဲတွင် မဲပေးရန် စာရင်းပေးသွင်းသူအရေအတွက်မှာ ၄.၁ သန်းအထိရှိခဲ့ပြီး ဟောင်ကောင်လူဦးရေ၏ ထက်ဝက်ကျော်ရှိခဲ့သည်။
ဟောင်ကောင်ခရိုင်ကောင်စီအတွက် ကောင်စီဝင်နေရာ ၄၀၀ ကျော်ကို ရွေးကောက်တင်မြှောက်မည်ဖြစ်ရာ ဒီမိုကရေစီ အင်အားစုများက လက်တလောတွင် ပေကျင်းဘက်တော်သားပါတီများက နေရာအများစုရယူထားသော ကောင်စီအတွင်း ဒီမိုကရေစီထောက်ခံသူများပါဝင်သည့် အရေအတွက်ကို ယခင်ကထက်မြှင့်တင်နိုင်ရန် မျှော်လင့်လျက်ရှိသည်။
ပေကျင်းဘက်တော်သား ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများကမူ လက်တလောအဆက်မပြတ်ဖြစ်ပေါ်နေသည့် ဆူပူမှုများနှင့် ပဋိပက္ခများငြိမ်းသွားစေရေးအတွက် ၎င်းတို့ကိုမဲပေးရန် မဲဆန္ဒရှင်များအား တိုက်တွန်းလျက်ရှိသည်။
ဆန္ဒမဲများကို ဒေသစံတော်ချိန် ည ၁၀ နာရီခွဲတွင် မဲရုံများပိတ်သိမ်းပြီးသည်နှင့် ချက်ချင်းရေတွက်သွားမည်ဖြစ်ပြီး သန်းခေါင်မတိုင်မီမှာပင် ရလဒ်များထွက်ပေါ်လာဖွယ်ရှိသည်။