ကိုဗစ်ကပ်ဘေးက HIV ၊ တီဘီနှင့် ငှက်ဖျားတိုက်ဖျက်ရေးတွင် ဆိုးဝါးသော အကျိုးသက်ရောက်မှုများ ရှိနေ

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်အတွင်း HIV၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာမှုများ ရှိနေကြောင်း ကမ္ဘာ့ရန်ပုံငွေအဖွဲ့ Global Fund က ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

09 Sep 2021

ဓာတ်ပုံ - The Global Fund

DMG ၊ စက်တင်ဘာ ၉

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်အတွင်း HIV၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာမှုများ ရှိနေကြောင်း ကမ္ဘာ့ရန်ပုံငွေအဖွဲ့ Global Fund က ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် နှစ် ၂၀ ကာလအတွင်း မိမိတို့၏ အားထုတ်မှုများနှင့် ပတ်သက်၍ အကြီးအကျယ် တိုးတက်ဖြစ်ထွန်းမှုများ မျှော်လင့်ထားခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ကိုဗစ်ကပ်ဘေးကြောင့် မိမိတို့ စိတ်ပူပန်ခဲ့ကြသည့်အတိုင်း ဖြစ်လာသည်ဟု Global Fund အဖွဲ့ ညွှန်ကြားရေးမှူး ပီတာဆန်းက ပြောသည်။

မိမိတို့ ကူညီထောက်ပံ့လျက်ရှိသည့် HIV ၊ တီဘီနှင့် ငှက်ဖျားတိုက်ဖျက်ရေး အသိုင်းအဝိုင်းများသည် ကိုဗစ် ကပ်ဘေး၏ အကျိုးသက်ရောက်မှုဒဏ်ကို ရင်ဆိုင်နေရပြီး လုပ်ငန်းဆောင်ရွက်မှု ရလဒ်များလည်း ကျဆင်းနေကြောင်း သူက ပြောသည်။

“Global Fund အဖွဲ့ကြီး၏သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်မှုများ၏ ရလဒ်များ ဆုတ်ယုတ်ကျဆင်းနေသည်ကို ရင်ဆိုင်နေရသည်” ဟု ပီတာဆန်းက ပြောသည်။

၂၀၂၀ အတွင်း HIV ကာကွယ်ရေးနှင့် ကုသမှုခံယူသူ ပမာဏသည် ၂၀၁၉ ခုနှစ်နှင့် ယှဉ်လျှင် ၁၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး HIV စစ်ဆေးမှုသည်လည်း ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

တီဘီတိုက်ဖျက်ရေးတွင်လည်း Global Fund က ဆောင်ရွက်လျက်ရှိသည့် နိုင်ငံများတွင် ကုသမှုခံယူသူ အရေအတွက်သည် ၄.၇ သန်းခန့် ရှိခဲ့ပြီး ၂၀၁၉ ထက် ၁ သန်းနီးပါး လျော့ကျခဲ့သည်။

ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအပိုင်းတွင်မူ ထိခိုက်ခံစားရမှုမှာ ပထမနှစ်မျိုးလောက် မဆိုးဝါးကြောင်း အစီရင်ခံစာက ဆိုသည်။ ခြင်ထောင်များ ဖြန့်ဝေနိုင်မှုတွင်လည်း ယမန်နှစ်ကထက် ၁၇ ရာခိုင်နှုန်း တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

Global Fund အဖွဲ့ကြီး စတင်ထူထောင်ခဲ့သည့် ၂၀၀၂ ခုနှစ်မှ လက်ရှိအချိန်အထိ အဖွဲ့လှုပ်ရှား လည်ပတ်နေသည့် နိုင်ငံများအတွင်း လူ့အသက်ပေါင်း ၄၄ သန်းကို ကယ်တင်နိုင်ခဲ့ပြီး အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားကြောင့် သေဆုံးသူပမာဏကိုလည်း ၄၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်ဟု အဖွဲ့ကပြောကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ